မြောက်ဦးကျေးရွာ လက်နက်ကြီးကျ အရပ်သား၅ဦး ဒဏ်ရာရ

မြောက်ဦး ကျေးရွာ လက်နက်ကြီးကျ အရပ်သား၅ဦး ဒဏ်ရာရ( ဓါတ်ပုံ ကိုဇော်ထွန်း )

မြောက်ဦးမြို့နယ် ရွာဟောင်းတောကျေးရွာမှာ ဒီကနေ့ညနေပိုင်းက ပစ်ခတ်မှုတွေကြောင့် ရွာသား ၅ ဦး ထိခိုက် ဒဏ် ရာရခဲ့ပါတယ်။ အစိုးရတပ်က ကျေးရွာကို ဒီနေ့တနေ့လုံး ဝိုင်းထားပြီး ညနေပိုင်း ပစ်ခတ်တာဖြစ်တယ်လို့ ရွာခံတွေ က ပြောပေမယ့်လည်း ၊ တပ်မတော်ဖက်ကတော့ AA နဲ့ တိုက်ပွဲဖြစ်တာလို့ ဆိုပါတယ်။ ကိုနိုင်ကွန်းအိန် စုံစမ်းမေးမြန်း ထားပါတယ်။

မြောက်ဦးမြို့နယ် ရွာဟောင်းတောကျေးရွာဘက်မှာ ဒီကနေ့ညနေပိုင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရွာသားတွေ ထိခိုက် ဒဏ်ရာ ရရှိနေခဲ့တာပါ။

ဒီပစ်ခတ်မှုကို ကိုယ်တိုင်မျက်မြင်တွေ့ရှိရတဲ့ ဆရာတော်ဦးဝဏ္ဏသာရက ဗွီအိုအေကို အခုလိုပြောပါတယ်။

“မဖြစ်ခင်ကတည်းက ဦးဇင်းအဲဒီနေရာကိုရောက်နေတယ်။ မျက်မြင်ပြောရလို့ ရှိရင် ပန်းမြောင်းဖက်ကနေပြီးတော့ မြန်မာ့တပ်မတော်ဘက်ကနေ ကား(၃)စီးနဲ့လာတယ်။ ရောက်တာနဲ့သူတို့က ရွာတဖက်ကသေနတ်သံ တချက်ကြား တယ်။ ပြီးသူတို့က ကားပေါ်ကနေ ရွာထဲကို ပစ်တာ။ ဟိုဖက်မှာလဲ သူတို့လူပါဘဲ။ တရွာလုံးကိုသူတို့ မနက်က တည်းက ဝိုင်းထားတယ်။ ဘာသတင်းရလဲ မသိဘူး။ (၃)နာရီ(၃၀)လောက်ကနေ သူတို့လက်နက်ကြီးတွေရော လက်နက် ငယ်တွေရော အကုန်လုံးပစ်တာ။လက်နက်ကြီးကွဲပြီး ဒဏ်ရာရတဲ့ လူနာတွေ အခုမြောက်ဦးဆေးရုံ ပို့ထားတယ်။”

ရွာဟောင်းတောကျေးရွာကို ဝိုင်းထားတဲ့ မြန်မာစစ်တပ်က ကားလမ်းပေါ်ကနေ လက်နက်ကြီး နဲ့ လှမ်းပစ်ခဲ့တာကြောင့် ရွာသားတွေ ထိခိုက်ဒဏ်ရာရတာလို့ ဆရာတော်ကမိန့်ပါတယ်။ ဒီပစ်ခတ်မှု ဖြစ်စဉ်အတွင်း ဆရာတော်ရဲ့မော်တော်ကားလဲ ပျက်စီးမှုရှိခဲ့တယ်လို့ လဲမိန့်ပါတယ်။

ရွာအတွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသား(၅)ဦး ကျည်ဆံထိမှန်ပြီး ဒီအထဲက(၃)ဦးကိုတော့ မြောက်ဦးဆေးရုံ ကို ပို့ဆောင်ခဲ့ရတယ်လို့ ဂရုဏာလှိုင်း သွေးလှူအဖွဲ့အစည်း တာဝန်ရှိသူတဦးက ပြောပါတယ်။

“(၃)ယောက် သယ်လာတယ်ခင်ဗျကျွန်တော်တို့။ ရွာသားတွေပြောတာတော့ (၄)ယောက်လို့ ပြောတယ်။ ဒါပေမဲ့ ဒဏ်ရာ နည်းနည်းလေး တယောက်က ကျန်ခဲ့တယ်။ (၃)ယောက်ကို သယ်လာတယ် အခုမြောက်ဦးဆေးရုံမှာပါ။ ဆေးစစ်ဆေးမှုတော့ ခံယူနေပါတယ်ခင်ဗျ။ ကျွန်တော်တို့လဲ အခြေအနေကို သိပ်ပြောလို့မရပါဘူးခင်ဗျ။ တယောက်ကတော့ ဒီဗိုက်အလယ်တည့်တည့်တော့ မဟုတ်ဘူး။ ဘေးနားကနေ ထိထားတယ်တယောက်။ ကလေးလေး တယောက်က ပေါင်မှာ။ လူကြီး တယောက်က ပုခုံးမှာ။ ”

တပ်မတော်ဖက်က တိုက်ပွဲမရှိဘဲ တမင်ပစ်ခတ်တယ်လို့ ဒေသခံတွေဖက်က စွပ်စွဲနေပေမဲ့၊ အနောက်ပိုင်းတိုင်း စစ်ဌာန ချုပ်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးကတော့ AAနဲ့တိုက်ပွဲဖြစ်ခဲ့တာ လို့ပြောပါတယ်။

“ရွာဟောင်းတောနဲ့မြောက်ဦးမြို့ကြားထဲမှာလဲ လမ်းလုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ထုတ်ပြီးတော့မှ အုပ်ချုပ်မှုယာဉ်တန်းတခု သွားတယ်ပေါ့။ သွားတဲ့အခါမှာ မနက်တုန်း ကတော့ ရွာဟောင်းတောတို့ ဘာတို့မှာ ကျွန်တော်တို့လမ်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေသွားတယ်။ အကုန်လုံးရွာတွေထဲမှာ လူတွေရှိပါတယ်။ ဒါပေမဲ့ (၄)နာရီကျော်မှာ ကျွန်တော်တို့ လုံခြုံရေးတပ်ဖွဲ့ ဝင် တွေက ကိစ္စရှိတာ နဲ့လမ်းလုံခြုံရေးကိုပြန်ရုပ်တယ်။ ပြန်လာတဲ့အခါရွာထဲကလဲပစ်တယ်။ ရွာစောင်းကုန်းနဲ့ဒီ အရှေ့ မြောက် ဖက်တောင်ကြောကလဲပစ်တာပေါ့နော်။ လမ်းလုံခြုံရေးအဖွဲ့တွေကို ပထမတော့ မိုင်းခွဲလိုက်တယ်ပေါ့နော်။ မိုင်းခွဲပြီးတော့မှ လက်နက်ငယ်တွေနဲ့ ခုနရွာဟောင်းတောကုန်း ကနေ ပစ်တာပေါ့။ ပစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့တပ်တွေနဲ့ပစ်ခတ်မှု ဖြစ်တာရှိတယ်ခင်ဗျ။ ကျွန်တော်တို့ ဘယ်ရွာမှ ပစ်တာမဟုတ်ဘူး။ ကျွန်တော်တို့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ဆွဲမိုင်းဆွဲတဲ့နေရာကိုဘဲ ကျွန်တော်တို့က ပစ်ခတ်တာ။ ဒါလေးတော့ရှိတယ်ခင်ဗျ။ ”

AA ပြန်ကြားရေးတာဝန်ခံခိုင်သုခကတော့ မြောက်ဦးမြို့နယ် ရွာဟောင်းတောရွာအတွင်း သူတို့ တိုက်ပွဲမရှိဘူးလို့ ငြင်းဆိုပါတယ်။

“ကျွန်တော်တို့နဲ့တိုက်ပွဲဖြစ်ပွားတာမရှိဘူးခင်ဗျ။ ဗမာစစ်တပ်ကနေပြီးတော့ သူတို့ဒါ ရမ်းသန်း ပြီးတော့ ပစ်တာပေါ့နော်။ ရွာထဲကိုသူတို့ကားနဲ့ဖြတ်သွားတယ်။ ပြီးတော့ ရွာအပြင်ရောက်တာနဲ့ ရွာထဲ ပြန်ပစ်တယ်။ သူတို့အဲဒီလိုလုပ်တာ။”

ရခိုင်ပြည်နယ်အတွင်းမြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်AAတို့အကြားတိုက်ပွဲဖြစ်ပွားရာမှာ အရပ်သားထိခိုက်မှု တွေ ပိုများလာနေပါတယ်။ AA လက်နက်ကိုင်တွေဘက်က အရပ်သားတွေနဲ့ ကျေးရွာတွေကို အကာအကွယ်လုပ်ပြီး သူတို့ကို တိုက်ခိုက်နေတာကြောင့်၊ AA လက်နက်ကိုင်တွေကို ဦးတည်ပြီး ပြန်လည်တုံ့ပြန်ပစ်ခတ်တာလို့ တပ်မတော်ဘက်က ဖြေရှင်းချက်ပေးပါတယ်။

Your browser doesn’t support HTML5

မြောက်ဦးကျေးရွာ လက်နက်ကြီးကျ အရပ်သား၅ဦး ဒဏ်ရာရ