ဂျပန်ဝန်ကြီးချုပ် အီရန် သွားမည်

အမေရိကန်ပြည်ထောင်စုနဲ့ အီရန်အစိုးရတို့ကြား တင်းမာနေမှုတွေ ပြေလျော့အောင် ကြိုးစားဖို့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe ဟာ အီရန်ကို သွားရောက်မှာ ဖြစ်ကြောင်း ဂျပန်အစိုးရပြေခွင့်ရ က ကြာသပတေးနေ့မှာ ပြောပါတယ်။

ဝန်ကြီးချုပ် Abe ရဲ့ အခု အီရန်ခရီးစဉ်ဟာ နှစ်ပေါင်း ၄၁ နှစ်အတွင်း အီရန်ကို ဂျပန်ခေါင်းဆောင်တဦး ပထမဆုံး သွားရောက်တာဖြစ်ကြောင်း ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် Yoshihide Suga ကပြောပါတယ်။ ဒါပေမယ့် ဘယ်နေ့ ခရီးစဉ်စတင်မယ် ဆိုတဲ့အသေးစိတ်ကို ထုတ်မပြောပဲ မကြာခင် သွားရောက်မှာ ဖြစ်ကြောင်းနဲ့ အကျိုးရှိတဲ့ ခရီးစဉ်တခု ဖြစ်စေဖို့ အသေးစိတ်စီစဉ်နေကြောင်းပြောပါတယ်။

ကျိုဒိုနဲ့ တခြားဂျပန်သတင်းတွေကတော့ ဝန်ကြီးချုပ် Abe ဟာ ဇွန်လ ၁၂ ကနေ ၁၄ ရက်မှာ တဟီရန်ကို သွားရောက်မှာ ဖြစ်ပြီး အီရန်ခေါင်းဆောင် Ayatollah Ali Khamenei နဲ့ သမ္မတ Hassan Rouhani တို့နဲ့ တွေ့ဆုံမှာ ဖြစ်ကြောင်း ဖေါ်ပြကြပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ အီရန်နဲ့ အင်အားကြီးနိုင်ငံတွေကြား ရရှိထားတဲ့ အီရန်နျူကလီယားဆိုင်ရာ သဘောတူညီချက်ကနေ အမေရိကန် နုတ်ထွက်ခဲ့ပြီး အီရန်အပေါ် ဒဏ်ခတ်မှု အသစ်တွေ ပြန်ချခဲ့ချိန်ကစလို့ အမေရိကန်နဲ့ အီရန်တို့ကြား တင်းမာမှုတွေနဲ့ ဆက်ဆံရေးအခြေနေ ပိုဆိုးလာခဲ့တာပါ။

ဝန်ကြီးချုပ် Abe ရဲ့ အီရန်ခရီးစဉ်မှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kono ပါ လိုက်ပါသွားမယ်လို့ မျှော်လင့်ရသလို သူဟာ အီရန်နိုင်ငံခြားရေး ဝန်ကြီး Javad Zarif နဲ့ ဇွန်လ ၁၂ ရက်နေ့မှာ တွေ့ဆုံဖို့ရှိပါတယ်။

အမေရိကန်သမ္မတ Donald Trump ရဲ့ မေလနှောင်းပိုင်းမှာ လာရောက်တဲ့ ဂျပန်ခရီးစဉ်အတွင်း ဝန်ကြီးချုပ် Abe က အီရန်နဲ့ အမေရိကန်ကြား ကြားဝင်ညှိနှိုင်းပေးဖို့ အဆိုပြုခဲ့တာ ဖြစ်ပြီး သမ္မတ Trump က လက်ခံခဲ့တာပါ။

Your browser doesn’t support HTML5

ဂျပန်ဝန်ကြီးချုပ် အီရန် သွားမည်