အမေရိကန်သမ္မတ Donald Trump နဲ့ ပြင်သစ်သမ္မတ Emmanuel Macron တို့က စစ်မှုထမ်းဟောင်းတွေကို ဂုဏ်ပြုချီးကျူး ပြောဆိုကြသလို မဟာမိတ်နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်မှုကိုလည်း အထူး ဖော်ပြ ပြောဆိုကြပါတယ်။ နာဇီတွေကို အနိုင်ရ တဲ့အခြေအနေကို ရောက်သွားစေပြီး နောက်ဆုံးမှာ ဒုတိယကမ္ဘာစစ်ကြီးကို အဆုံးသတ်နိုင်ခဲ့တဲ့ D-Day ကမ်းတက်တိုက်ပွဲ ၇၅ နှစ်ပြည့်အထိမ်းအမှတ် ပြောတဲ့မိန့်ခွန်းတွေထဲမှာ အဲဒီလို ပြောဆိုသွားကြတာပါ။
အခမ်းအနားကို ကျဆုံး အမေရိကန်တပ်ဖွဲ့ဝင် ၉ ထောင်ကျော် မြှုပ်နှံထားတဲ့ Colleville-sur-Mer အရပ်က နော်မန်ဒီ အမေရိကန် သချိုၤင်းမှာ ဒီကနေ့ ကျင်းပတာပါ။
ဒီကမ်းတက်တိုက်ပွဲဟာ ဥရောပအတွက်ရော၊ ကမ္ဘာကြီးရဲ့အနာဂတ်ကိုပါ ပြောင်းလဲသွားစေခဲ့တယ်လို့ သမ္မတ Macron က ဆိုပြီး အသက်စွန့်သွားသူတွေနဲ့ ပြင်သစ်လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့သူတွေကို ဂုဏ်ပြုပြောဆိုပါတယ်။ သမ္မတ Macron က သူ့ မိန့်ခွန်းကို ပြင်သစ်လိုပြောတာဖြစ်ပေမယ့် တချက်မှာတော့ သူ့နောက်မှာထိုင်နေတဲ့ စစ်မှုထမ်းဟောင်းတစုဘက်လှည့်ပြီး အင်္ဂလိပ်လို ပြောင်းပြောသွားပါသေးတယ်။
“ကျနော်တို့ရဲ့ လွတ်လပ်မှုအတွက် ခင်ဗျားတို့ရဲ့ ကျေးဇူးကြွေး ကျနော်တို့မှာ တင်ရှိနေတာ သိပါတယ်၊ ကျနော့်နိုင်ငံကိုယ်စား ကျေးဇူတင်ရှိပါကြောင်း ပြောကြားလိုပါတယ်” လို့ သမ္မတ Macron က စစ်မှုထမ်းဟောင်းတွေကို ပြောပါတယ်။
မိန့်ခွန်းပြောပြီးတဲ့နောက် သမ္မတ Macron က အမေရိကန်စစ်မှုထမ်းဟောင်းငါးဦးကို ပြင်သစ်နိုင်ငံရဲ့ Legion of Honor ဂုဏ်ထူး ဆောင်ဘွဲ့တံဆိပ် ပေးအပ်ချီးမြှင့်ပါတယ်။
သမ္မတ Trump ကလည်း သူတို့ညီအကိုတော်တွေအတွက်၊ သူတို့နိုင်ငံတွေအတွက်၊ လွတ်လပ်မှု ရှင်သန်နိုင်ရေးအတွက် အသက်စွန့်သွားသူတွေဆိုပြီး မိန့်ခွန်းထဲမှာ ဂုဏ်ပြု ပြောဆိုသွားပါတယ်။
Your browser doesn’t support HTML5