အစ္စရေးလ်နိုင်ငံမှာ လွှတ်တော်ကို ဖျက်သိမ်းပြီး၊ ပထမဆုံးအကြိမ်အဖြစ် ဒုတိယအကြိမ် ရွေးကောက်ပွဲတွေ အချိန်စောကျင်းပဖို့ ဒီနေ့ပဲ မဲခွဲဆုံးဖြတ်လိုက်ပါတယ်။ ဝန်ကြီးချုပ် Benjamin Netanyahu က ညွန့်ပေါင်းအစိုးရ မဖွဲ့နိုင်ပဲ ဖြစ်ခဲ့ရပြီးနောက်၊ ဒီကနေ့ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာတော့ ထောက်ခံမဲ ၇၄ မဲ ကန့်ကွက်မဲ ၄၅ မဲနဲ့ လွှတ်တော်ကို ဖျက်သိမ်းပြီး၊ နောက်တကြိမ် ရွေးကောက်ပွဲကို စက်တင်ဘာလ ၁၇ ရက်န့မှာ ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။
ဧပြီလ ၉ ရက်နေ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဝန်ကြီးချုပ်ကိုတော့ အစိုးရသစ်ဖွဲ့ဖို့ မနေ့ကအထိ အချိန်ပေးထားတာပါ။ ဝန်ကြီးချုပ်ကတော့ သူ့ရဲ့ ကွန်ဆာဗေးတစ်ဝါဒီ Likud ပါတီနဲ့ ultra-Orthodox လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကာကွယ်ရေးဝန်ကြီးဟောင်း Avigdor Lieberman ဦးဆောင်တဲ့ တခြား ကွန်ဆာဗေးတစ် အုပ်စုတွေနဲ့ပေါင်းပြီး ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ဖို့ မျှော်လင့်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း ဘာသာရေးအယူအဆ ပြင်းထန်သူ ဂျုးလူမျိုးတွေကို တခြားအစ္စရေးလ်နိုင်ငံသား လူငယ်တွေလိုပဲ စစ်မှုထမ်းခိုင်းဖို့ ကာကွယ်ရေးဝန်ကြီးဟောင်း Lieberman ရဲ့ တောင်းဆိုချက်ကို ဝန်ကြီးချုပ်နဲ့ ultra-Orthodox တွေက ငြင်းဆန်ခဲ့ကြတဲ့အတွက် ဆွေးနွေးမှုတွေလည်း ပျက်ပြားခဲ့တာပါ။
Orthodox ဝါဒအယူအဆ ပြင်းထန်သူတွေကတော့ စစ်မှုထမ်းခိုင်းတဲ့ လုပ်ရပ်ဟာ ဘာသာရေး ယုံကြည်မှုကို ထိခိုက်စေနိုင်တယ်ဆိုပြီး ကန့်ကွက်နေကြပေမဲ့၊ စစ်မှုထမ်းဖို့ ကင်းလွတ်ခွင့်ပေးထားတဲ့ အစီအစဉ်အပေါ်မှာတော့ တခြား အစ္စရေးလ်နိုင်ငံသား ဂျုးလူမျိုးတွေကြား မကျေမနပ် ဖြစ်နေကြတာပါ။
Your browser doesn’t support HTML5