အိန္ဒိယ Adani ကုမ္ပဏီ အလုံဆိပ်ကမ်း စီမံကိန်း ဦးပိုင်နဲ့ ဖက်စပ်လုပ်ကိုင်မှု ကုလဝေဖန်

Adani ကုမ္ပဏီက ဦးဆောင်လုပ်နေတဲ့ ဆိပ်ကမ်းတနေရာ (Photo- Adani Australia photo)

ရန်ကုန်မြစ်ပေါ်က အလုံဆိပ်ကမ်းမှာ ကုန်တင်ကုန်ချ လုပ်ငန်းတွေလုပ်ဆောင်ရေး အိန္ဒိယ ကုမ္ပဏီ Adani ကို ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း၂၉၀နဲ့ လုပ်ဆောင်ဖို့ မြန်မာအစိုးရက ခွင့်ပြုလိုက်တဲ့အကြောင်း Hindu Business Line သတင်းမှာ မနေ့က ဖေါ်ပြထားပါတယ်။

အဲဒီလုပ်ငန်းတည်ဆောက်မှုကို အလုံ နိုင်ငံတကာဆိပ်ကမ်း အမှတ်၂မှာလုပ်ဆောင်မှာဖြစ်ပြီး Adani ကုမ္ပဏီအတွက် နှစ်ငါးဆယ်စာချုပ်နဲ့သဘောတူခဲ့တာပါ။ မြန်မာ့စီးပွါးရေးကော်ပိုရေးရှင်းပိုင် မြေဧက ငါးဆယ်ပေါ် မှာ ဒီစီမံကိန်းလုပ်ကိုင်မှာ ဖြစ်ပါတယ်။

ဒီကုန်တင်ကုန်ချ ဆိပ်ကမ်းတည်ဆောက်ရေးစီမံကိန်းရဲ့ ပထမအဆင့်ကို နောက် နှစ် ၂၀၂၀နှစ် ကုန်ပိုင်းမှာ အပြီးသတ်ဖို့ ရည်ရွယ်ထားပြီး ဒုတိယ အဆင့်တည်ဆောက်မှုကို နောက်၆လအတွင်းလုပ်ဖို့ စီစဉ်ထားပါတယ်။

အခုလို မြန်မာအစိုးရနဲ့ရင်းနှီးမြုပ်နှံမှုသဘောတူညီချက်ရတဲ့ကိစ္စကို Adani ကုမ္ပဏီက အတည်ပြုချက် ပေးပေမဲ့ လုပ်ငန်းအသေးစိတ်ကိုတော့ မပြောပါဘူး။ တရုတ်နိုင်ငံရဲ့ရင်းနှီးမြုပ်နှံမှုတွေမြန်မာနိုင်ငံအတွင်း ကြီးကြီးမားမား ရှိနေတာကို အိန္ဒိယဘက်ကလည်းတုံ့ပြန်ပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုတွေလုပ်လာနေတာပါ။

မြန်မာစစ်တပ်ကဦးစီး လုပ်ကိုင်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနဲ့ ကုန်တင်ကုန်ချ ဆိပ်ကမ်းတည်ဆောက်ဖို့ Adani ကုမ္ပဏီနဲ့သဘောတူညီမှု ဟာ ကုလသမဂ္ဂရဲ့ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ မနေ့ကထုတ်ပြန်တဲ့ မြန်မာစစ်တပ်နဲ့ စီးပွားရေးအထောက်အကူတွေအားလုံးဖြတ်တောက်ရေးဆိုတဲ့ အကြံပြုချက်ကို Adani ကုမ္ပဏီဘက်က ဂရုမစိုက်ရာ ရောက်တယ်လို့ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး အဖွဲ့ဝင်တဦးဖြစ်တဲ့ သြစတေးလျ လူ့အခွင့်အရေးရှေ့နေ ခရစ်စီဒိုတီက ပြောပါတယ်။

Your browser doesn’t support HTML5

အိန္ဒိယ Adani ကုမ္ပဏီ အလုံဆိပ်ကမ်း စီမံကိန်း ဦးပိုင်နဲ့ ဖက်စပ်လုပ်ကိုင်မှု ကုလဝေဖန်