သီရိလင်္ကာဗုံးကွဲမှုများ လူနှစ်ရာကျော်သေဆုံး

သီရိလင်္ကာ ရှိ Saint Sebastianဘုရားကျောင် ဗုံးကွဲမှု

သီရိလင်္ကာမှာ ခရစ်ယာန် ဘုရားကျောင်း ၃ ကျောင်းနဲ့ ဟိုတယ် ၃ ခုမှာ ဒီကနေ့ အီစတာပွဲတော်နေ့မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့တဲ့ အတွက် အနည်းဆုံး ၂၀၀ ကျော်သေဆုံးပြီး လူရာနဲ့ ချီဒဏ်ရာရခဲ့ပါတယ်။ ဖောက်ခွဲမှုနဲ့ပတ်သက်တယ်လို့ သံသယရှိသူ ၇ ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ဘုရားကျောင်းတွေထဲက Saint Anthony ဘုရားကျောင်းနဲ့ ဟိုတယ် ၃ ခုက မြို့တော် Colombo မှာရှိပြီး၊ တခြား ဘုရားကျောင်း ၂ ခုက Negombo မှာရှိတဲ့ Saint Sebastian ဘုရားကျောင်း နဲ့ Batticaloa ကZion ဘုရားကျောင်းတို့ဖြစ်ပါတယ်။

ဒီပေါက်ကွဲမှုတွေ အပြီး သီရိလင်္ကာမှာ ညမထွက်ရအမိန့်ထုတ်ပြန်လိုက်ပါတယ်။ သတင်းမှားတွေနဲ့ ကောလဟလတွေ ပြန့်ပွားတာကို ကာကွယ်တဲ့ အနေနဲ့ ဆိုရှယ်မီဒီယာလူမှုကွန်ယက်နဲ့ ဖုန်းနဲ့ ကွန်ပြူတာက တဆင့် သတင်းစကားပေးပို့ နိုင်တဲ့ app တွေကိုလည်း ပိတ်ထားတယ်လို့ အစိုးရက ပြောပါတယ်။

ပထမပေါက်ကွဲမှုတွေ အပြီးနာရီပေါင်းများစွာ အကြာမှာ မြို့တော် ဆင်ခြေဖုံး အရပ်တွေဖြစ်တဲ့Dehiwala နဲ့ Dematagoda မှာ နောက်ထပ် ပေါက်ကွဲမှု နှစ်ခုဖြစ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဒီဖြစ်စဉ်တွေ အတွင်း သေဆုံးခဲ့ရသူတွေရဲ့ မိသားစုတွေနဲ့ ထပ်တူ ဝမ်းနည်းရကြောင်းနဲ့ ဒီတိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချကြောင်း သီရိလင်္ကာ ဝန်ကြီးချုပ် Ranil Wicramesighe က ပြောကြားခဲ့ပါတယ်။

ဆက်တိုက်ဆိုသလိုဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုတွေထဲက ၂ ခုက အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့တာ ဖြစ်နိုင်တယ်လို့ လုံခြုံရေး အရာရှိတဦးကို ကိုးကားပြီး AP သတင်းမှာ ဖော်ပြပါတယ်။ ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ဘယ်သူ့မှာ တာဝန်ရှိတယ်ဆိုတာ ဘယ်အဖွဲ့အစည်းကမှ ထုတ်ဖော် ပြောဆိုခြင်းမရှိသေးပါဘူး။