ရခိုင်စစ်ကြောင့် ဒေသခံများစားဝတ်နေရေးပိုခက်ခဲ

ရခိုင်စစ်ပွဲကြောင့် ထွက်ပြေးလာသည့် ဒုက္ခသည်များ (Rakhine Ethnics Congress)

ရခိုင်ပြည်နယ်တွင်း ရခိုင်လက်နက်ကိုင်တပ် AA နဲ့ မြန်မာအစိုးရစစ်တပ်တို့ကြား စစ်ရေးတင်းမာမှုတွေကြောင့် မြို၊ ခမီ အပါအဝင် ရခိုင်ဒေသခံ တိုင်းရင်းသားတွေ စစ်ဘေးရှောင်နေကြရတာ နှစ်သောင်းကျော်သွားပြီဖြစ်ပါတယ်။ စစ်ဖြစ်နေလို့ အလားတူ ရသေ့တောင်နဲ့ ဘူးသီးတောင်က မူဆလင်ကျေးရွာသားတွေအပေါ် စစ်ဆေးမှုတွေနဲ့ လုံခြုံရေးတင်းကျပ်တဲ့အတွက် သွားလာရေး နေထိုင်စားသောက်ရေး စိုးရိမ်နေကြရတဲ့ အနေအထား ဖြစ်နေတယ်လို့ ဒေသခံမူဆလင်ကပြောပါတယ်။ ရခိုင်ပြည်နယ်တွင်း ရဲစခန်းတွေ အတိုက်ခိုက်ခံရပြီးတဲ့နောက် ရဲစခန်းအချို့ ဘေးလွတ်ရာကို ပြောင်းရွှေ့သွားတာ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေပါ နုတ်ထွက်ကုန်တာကြောင့် ဒေသအုပ်ချုပ်ရေးယန္တရားကလည်း ပျက်ယွင်းလိုဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ် AA နဲ့ မြန်မာအစိုးရစစ်တပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်လာလို့ စစ်ဘေးဒဏ်သင့်နေတဲ့ ရခိုင်ပြည်နယ်တွင်း မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ဘူးသီးတောင်၊ ရသေ့တောင်နဲ့ ပုဏ္ဍားကျွန်း မြို့နယ် ခြောက်မြို့နယ်က ယာယီ စစ်ပြေးစစ်ရှောင် ဒုက္ခသည်စခန်းပေါင်း ၃၃ခု အပါအဝင် စစ်ဖြစ်ပွားရာနေရာတွေက ကျေးရွာတွေထဲမှာပဲ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတဲ့ ဒုက္ခသည်စုစုပေါင်း အခုနောက်ဆုံးအချိန်အထိ နှစ်သောင်းကျော်သွားပြီဖြစ်တယ်လို့ စစ်ရှောင်စခန်းတွေအထိ စာရင်း လိုက်လံကောက်ယူထားတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးက ပြောပါတယ်။ ဒေသခံ မြို၊ ခမီနဲ့ ရခိုင်တိုင်းရင်းသားအများစုပါဝင်တဲ့ စစ်ရှောင်ဒုက္ခသည်တွေဟာ ဒီကနေ့အထိ စစ်ရှောင်စခန်းတွေဆီ ခိုလှုံ ရောက်ရှိလာ နေကြတုန်းပဲလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးကက ကိုဇော်ဇော်ထွန်းက နောက်ဆုံးအခြေအနေကို အခုလိုပြောပြပါတယ်။

“မနေ့ညကအပါအဝင်ပေ့ါနော် ရသေ့တောင်နဲ့ခြောက်မြို့နယ်တွေမှာ ဒုက္ခသည်စခန်းပေါင်း ၃၃ခု အဲဒီမှာ လူဦးရေက ၁၄၂၀၉ ဦးရှိတယ်။ တိုက်ပွဲကြောင့် ပိတ်မိနေတဲ့ ဒေသက ၆၀၇၇ လောက်ရှိပါတယ်။ အကုန်လုံးစုစုပေါင်းဆိုရင် ၂၀၂၈၉ လောက်အနီးစပ်ဆုံးရှိပါတယ်အမ။ ဒီတပတ်စာရင်းမှာတော့ ရခိုင်ဒုက္ခသည်တွေ အများဆုံးဖြစ်ပါတယ်။ ခမီနဲ့ မြိုကတော့ များတာပေါ့လေ။ ဒီ တပတ် ၁၀ ရက်အတွင်းမှာ မြောက်ဦးမြို့အပါအဝင် ကျေးရွာတချို့မှာ အရပ်သားတွေကို တိုက်ခိုက်တာများတဲ့အခါကျတော့ ထွက်ပြေးကြတဲ့အခါမှာ ရခိုင်ဒုက္ခသည်တွေ များလာပါတယ်။ ဒီတပတ်အတွင်းမှာကို ရခိုင်ဒုက္ခသည်အရေအတွက်က ၇၀၀၀ လောက်ဖြစ်လာပါတယ်။”

စစ်ဘေးရှောင်နေကြရချိန်မှာပဲ ကျေးရွာတွေထဲအထိ လုံခြုံရေးတပ်တွေရဲ့ ဝင်ရောက်စစ်ဆေးမေးမြန်းမှုတွေကြောင့်လည်း လုံခြုံရေး စိုးရိမ်နေကြရတဲ့ အနေအထားဖြစ်သလို ရပ်ကွက်ကျေးရွာတွေထဲ အုပ်ချုပ်ရေး ယိုယွင်းပျက်စီးနေသလိုဖြစ်တာကြောင့် ရွာသူရွာသားတွေမှာ ကိုယ့်လုံခြုံရေး ကိုယ်တာဝန်ယူနေရသလို အနေအထားဖြစ်တယ်လို့လည်း ကိုဇော်ဇော်ထွန်းကပြောပြပါတယ်။

“အခုက ကျေးရွာတွေမှာ ပျက်သလိုဖြစ်နေတာပေါ့နော် ဘာမှ မရှိကြတော့ဘူး။ လူတွေက ကိုယ့်လုံခြုံရေးကို ကိုယ့်ဟာကိုယ် ဂရုစိုက်နေကြပါတယ်။ တချို့ကျေးရွာတွေမှာတော့ ရွာမှာရှိတဲ့ လူကြီးပိုင်းတွေက ဦးဆောင်ပြီးတော့ လုံခြုံရေးအစီအစဉ်တွေ သူတို့ နားလည်သလိုလုပ်ထားတာတွေရှိပါတယ်။ ဒီအုပ်ချုပ်ရေးမှူးတွေကိုယ်တိုင်က ဘယ်သူ့ကို ဘယ်သူ ကြောက်မှန်းလဲမသိဘူးလေ။ စစ်တပ်ကိုလည်း ကြောက်တာတွေရှိတယ်။ လက်နက်ကိုင်တွေကိုလည်း ကြောက်တာတွေရှိတယ်လို့ပြောနေကြတာပါပဲ။ အခုဆိုရင် ကျေးရွာတွေမှာ ရဲစခန်းတွေကို မြို့ပေါ်တွေကို ရွှေ့လိုက်တဲ့အခါကျတော့ လုံခြုံရေးတွေက မရှိတော့ဘူး ။ မရှိတဲ့အခါမှာ ဒီအပေါ်မှာ ကျနော်တို့က ပြည်နယ်အစိုးရကို ရဲစခန်းတွေကို ပုံမှန်အတိုင်းထားပါလို့လည်းပြောလို့မရဘူး။ ဒါကလည်း သူတို့လုံခြုံရေးအရဆိုတော့။”

အရင်အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်တုန်းက တဘက်ဘင်္ဂလားဒေ့ရှ်ဘက် မတိမ်းရှောင်နိုင်ပဲ မူဆလင်ကျေးရွာတွေထဲမှာ လူအနည်းငယ်သာ ကျန်ရစ်ခဲ့ရတဲ့ ရိုဟင်ဂျာ မူဆလင် ကျေးရွာသားတွေမှာလည်း အခုလို ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ်နဲ့ စစ်တပ်နဲ့ စစ်ဖြစ်နေလို့ မိုင်းဒဏ်ထိသူလည်း ရှိတာကြောင့်-လုံခြုံရေးအထူးစိုးရိမ်နေကြရပြီး သွားလာရေးနဲ့ နေထိုင်စားသောက်ရေး အခက်တွေ့နေကြရတယ်လို့ မြို့သူကြီးကျေးရွာသား ရိုဟင်ဂျာမူဆလင်တဦးဖြစ်တဲ့ ဦးလှထွန်းက အခြေအနေကိုပြောပြပါတယ်။

“ကျနော်တို့ ရိုဟင်ဂျာတွေအတွက်ကတော့ ပိုပြီးတော့ ဒုက္ခရောက်တာပေါ့နော်။ ဘူူးသီးတောင်နဲ့ ရသေ့တောင်ဘက်မှာ တော်တော်လေးကို လူတွေက ဒုက္ခရောက်နေကြတယ်။ တဖက်မှာ သူတို့က AA ကိုလည်း ကြောက်ရတယ်၊ တဖက်မှာကျတော့ စစ်တပ်ကိုလည်း ကြောက်ရတယ် ဆိုတော့ ကျနော်တို့လူတွေက အရင်ကလည်းက အသွားအလာတွေကိုလည်း သိပ်ပြီးတော့ လွတ်လွတ်လပ်လပ်မရှိတဲ့အခါကျတော့ အခုကလည်း ပစ်နေကြတယ်ဆိုတော့ ကျနော်တို့လူတွေက နယ်ဘက်မှာ တော်တော်လေးကို ဒုက္ခရောက်နေကြတယ်။ သူတို့ AA နဲ့ ပစ်နေတဲ့ဟာမှာ နှစ်ဖက်စလုံးကနေပြီးတော့ မိုင်းတွေထောင်တာတွေရှိတယ်။ မိုင်းတွေနင်းပြီးတော့ ကျနော်တို့ လူတွေ ဆုံးသွားတာလည်းရှိတယ်။ စားဝတ်နေရေးကအစ လုံးဝကို အဆင်မပြေဘူးပေါ့နော် အရင်လို ဟိုဘက်ကို ကူးသွားဖို့လာဖို့လည်း မလွယ်ဘူး ။ သူတို့ နယ်စပ်ကို တင်းတင်းကျပ်ကျပ် အစောင့်တွေချထားတယ်ဆိုတော့ လုံးဝကို လူတွေက မကူးနိုင်ဘူး။ ကျနော်တို့ လူတွေက ကျန်းမာရေး နဲ့ တော်တော်လေးကို ဒုက္ခရောက်နေတယ် ဒီမှာဆရာဝန်တွေကလည်း မြို့ပေါ်လောက်မှာပဲရှိတယ်။ သွားစရာနေရာမရှိဘူး၊ ပြစရာ ဆေးခန်းမရှိဘူးဆိုတော့ အဲလို ကျန်းမာရေးအခြေအနေနဲ့ အသက်တွေဆုံးရှုံးနေရာတာတွေကို နေ့စဉ်နဲ့အမျှ မြင်နေရတယ်။”

အကျပ်အတည်းစိန်ခေါ်မှုပြဿနာပေါင်းများစွာနဲ့ရင်ဆိုင်နေရတဲ့ ရခိုင်ပြည်နယ်တွက် ဒေသဖွံ့ဖြိုးရေးတည်ဆောက်နိုင်ဖို့ ငြိမ်းချမ်းရေးကို အမြန်ဆုံးတည်ဆောက်ကြဖို့ အရေးကြီးနေပြီလို့လည်း နိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ ကူညီပေးနေသူတွေက တိုက်တွန်းနေချိန်မှာပဲ နိုင်ငံတော်သမ္မတရုံးဘက်ကတော့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီကို ဖွဲ့စည်းပေးပေမဲ့လို့ ကော်မတီဝင်တချို့တောင် သူတို့ပါဝင်မှန်းမသိတာကြောင့် အစိုးရရဲ့ ဒီလုပ်ဆောင်ချက်အပေါ်မှာ အမှန်တကယ် တည်ငြိမ်အေးချမ်းအောင် လုပ်ဆောင်နိုင်ပါ့မလားဆိုတာကို မေးခွန်းထုတ်နေကြပါတယ်။

Your browser doesn’t support HTML5

ရခိုင်စစ်ကြောင့် ဒေသခံများစားဝတ်နေရေးပိုခက်ခဲ