အိန္ဒိယအစိုးရက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ကုလားတန်စီမံကိန်းကို အလေးထား ကာကွယ် လုပ်ဆောင်နေတာဟာ အိန္ဒိယရဲ့အကျိုး စီးပွားအပြင်၊ ဒေသတွင်းမှာ သြဇာ ကြီးထွားလာနေတဲ့ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာကို ထိန်းညှိလိုတဲ့သဘောဖြစ်တယ်လို့ မြန်မာ့အရေး သုံးသပ်သူတွေက ရှုမြင်ကြပါတယ်။ ကုလားတန်စီမံကိန်းနဲ့ ပတ်သက်လို့ ဒီလဆန်းပိုင်းမှာ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံစစ်တပ်ပူးပေါင်းပြီး နယ်စပ်မှာရှိတဲ့ သူပုန်စခန်းတွေကို ပူးတွဲစစ်ဆင်ရေး လုပ်လာတာ တွေ့ခဲ့ရပြီးနောက် အခုလို ပြောဆိုလိုက်ကြတာပါ။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
ရခိုင်ပြည်နယ် ၊ စစ်တွေမြို့ကို ဗဟိုပြုထားတဲ့ ကုလားတန်စီမံကိန်း ထိခိုက်စေမယ့်အရေးကို ကာကွယ်တားဆီးတဲ့အနေနဲ့ အိန္ဒိယနဲ့ မြန်မာ တပ်ဖွဲ့တွေ ညှိနှိုင်းပြီး ပူးတွဲစစ်ဆင်ရေး တရပ်ကို ဖေဖေါ်ဝါရီလ ၁၇ ကနေ မတ်လ ၂ ရက်နေ့အထိ ပြုလုပ်ခဲ့တာပါ။ အဓိကအားဖြင့် AA ရခိုင့်တပ်မတော်ကို နှိမ်နင်းဖို့ ဖြစ်တယ်လို့ အိန္ဒိယကလာတဲ့ သတင်းတွေမှာ ဖေါ်ပြပါတယ်။
ကုလားတန်စီမံကိန်းကို အကြောင်းပြချက်ပေးပြီး ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA ကို ရှင်းလင်းဖို့ အိန္ဒိယစစ်တပ်ရဲ့ အကူအညီကို ယူတယ်ဆိုလို့ ရှိရင်တော့ ဒီလိုပုံစံနဲ့ ဖြေရှင်းနည်းမှာ အဖြေထွက်ဖို့ ခက်ခဲတယ်လို့ အမေရိကန်ပြည်ထောင်စုက မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာ တင့်ဆွေက ထောက်ပြပါတယ်။
"အခုနောက်ဆုံးဖြစ်လာတဲ့ AA နဲ့ ပတ်သက်ရင်တော့ ရိုးရိုးထက် နည်းနည်းလေး ပိုပြီးတော့ ရှုပ်ထွေးလာတဲ့ အနေအထားလို့ ကျနော်မြင်ပါတယ်။ ဒီကိစ္စမှာ အိန္ဒိယက မြန်မာစစ်တပ်နဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်လာတာကတော့ သူ့ရဲ့စီးပွားရေး အကျိုးစီးပွားနဲ့ လုံခြုံရေး အကျိုးစီးပွားအတွက်ဖြစ်ပါတယ်။ AA ဘာကြောင့်ဒီအချိန်အထိ ဒီလောက်အထိ ကြီးထွားအောင်ဖြစ်လာသလဲ ၊ နှိမ်နှင်းပုံတွေကလည်း အခုအိန္ဒိယကပါ ပါလာတော့ ပိုရှုပ်ထွေးလာတယ်။ အဲဒီတော့ ဒီကိစ္စက နိုင်ငံရေးကိစ္စအပြင် စစ်ရေး တခုတည်းနဲ့လည်း ဖြေရှင်းလို့ရတဲ့ ကိစ္စမဟုတ်တော့ နိုင်ငံရေးရော ရှေ့အလားအလာရော ကြည့်ပြီး ဖြေရှင်းမှ ရမှာဖြစ်တဲ့အတွက် အခုအချိန်မှာ ကျနော်တို့ မှန်းရတာ ပြောရတာ ခက်ခဲတဲ့ကာလပဲ ရှိသေးတယ်လို့ ကျနော်မြင်တယ်။ "
အိန္ဒိယနဲ့မြန်မာ နှစ်နိုင်ငံတပ်တွေရဲ့ ပူးတွဲစစ်ဆင်ရေးအတွင်း သူပုန်စခန်း ၁၀ ခုကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီစစ်ဆင်ရေး ကာလအပြီး ၂ပတ်လောက်အကြာ မတ်လ ၁၆ ရက်နေ့တုန်းက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ကုလားတန်မြစ်အတွင်း ကျောက်တော်ကနေ ပလက်ဝကိုပြေးဆွဲတဲ့ အစိုးရပိုင် ရတနာဝင်း ကုန်တင်ဇက် သင်္ဘောတစီးကို AA လက်နက်ကိုင်တပ်ဖွဲ့က ပစ်ခတ်တာကြောင့် အဆိုပါဇက် မီးလောင်သွားခဲ့ပါတယ်။
တကယ်တော့ မြန်မာ့စစ်ရေး နိုင်ငံရေးမှာ အိန္ဒိယက အခုလို ဝင်ရောက်ကူညီနေတာဟာ သူ့နိုင်ငံရဲ့အကျိုးစီးပွားအပြင်၊ ဒေသတွင်း သြဇာကြီး ထွားလာနေတဲ့ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာကို ထိန်းညှိလိုတဲ့သဘောဖြစ်တယ်လို့ ဂျာမနီနိုင်ငံ ဘာလင်တက္ကသိုလ်က အာရှရေးရာဌာန ကထိကဟောင်း ဦးခင်မောင်စောက သုံးသပ်ပါတယ်။
"ဘာဖြစ်လို့လဲဆိုတော့ ကုလားတန်စီမံကိန်း ကာကွယ်ရေးဆိုတာက ကုလားတန်စီမံကိန်း မတိုင်ခင်ကတည်းကလည်း တခြားကိစ္စတွေ ရှိနေတယ်။ နာဂ သူပုန်ကိစ္စ၊ မစ်ဇိုရမ်သူပုန်ကိစ္စ ၊ အိန္ဒိယဘက်ကလည်း ငါ့ဘက်က သူပုန်တွေ မင်းတို့ဆီကိုလာရင် မင်းတို့နဲ့ ငါတို့နဲ့ ပေါင်းတိုက်မယ်။ မင်းတို့ဘက်ကလူတွေ ငါတို့ဘက် လာရင်လည်း ဝိုင်းပြီး ချပေးကြမယ်။ ဥပမာ တရုတ်ကနေပြီးတော့ မြန်မာပြည်ထဲမှာ စီးပွားရေး ဈေးကွက်တွေ တော်တော်များများ ရထားတာတွေလည်းပါတယ်။ နောက်ပြီးတော့ ဘင်္ဂလားပင်လယ်အော် ၊ အိန္ဒိယ သမုဒ္ဒရာလည်း ထွက်ပေါက် ရသွားတာလည်း ပါတယ်။ အဲဒီမှာ သူတို့ အိန္ဒိယဘက်ကလည်း အဲဒါတွေပြန်ကြည့်တော့ သူတို့ဘက်ကလည်း တတ်နိုင်သလောက်ပြန်ပြီး ရသင့်သလောက် ပြန်ယူထားမယ်။ နောက် ထိန်းသင့်သလောက် ပြန်ထိန်းမယ် ဆိုတဲ့သဘောတွေပါတယ်။"
ဒီအချက်အပေါ်မှာ ဒေါက်တာ တင့်ဆွေကလည်း သဘောတူပါတယ်။
" အိန္ဒိယက ဒီကုလားတန်စီမံချက်ကြီးကို သူတို့က အလေးထားတာ အမှန်ပဲခင်ဗျ။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ အရှေ့မြောက်ပြည်နယ်တွေ တိုးတက်ဖွံ့ဖြိုးရေးအတွက်ပါ။ အဲဒီအရင်က ဓါတ်ငွေ့ပိုက်လိုင်းတောင်မှ နဝတလက်ထက်မှာ စီစဉ်ခဲ့သေးတယ်၊ ဒါပေမယ့်လို့ အဲဒါ တရုတ်ကို ပေးလိုက်တော့ သူက နောက် project ဖြစ်တဲ့ ကုလားတန်စီမံချက်ကို အားစိုက်ပြီး လုပ်ပါတယ်။ အဲဒီစီမံချက်က တရုတ်ကနေပြောတဲ့ ပိုးလမ်းမကြီးကို ကျယ်ကျယ်လောင်လောင် မပြောခင်ကတည်းက သူက စထားတာဖြစ်တယ်။ အဲဒီအရင်က ကိုကိုးကျွန်း ရေဒါစခန်းကိစ္စ နောက်တခါ ဒါကို ကောင်တာလုပ်ဖို့ စစ်တွေဆိပ်ကမ်းစီမံချက်ကိစ္စ အဲဒီ ၂ ခုကတော့ အိန္ဒိယက ရပါတယ်။ အဲဒီတော့ ချုံ့လိုက်ရင်တော့ တရုတ်က လုပ်ထားပြီးသား ကိစ္စတွေကို အိန္ဒိယက နောက်ကနေလိုက်ပြီး လုပ်ရတဲ့ကိစ္စတွေက များနေတယ်။ ဒါကြောင့် ဒီ ကုလားတန်စီမံချက်ဟာ အိန္ဒိယအတွက် အလွန် အရေးကြီးတယ်လို့ ကျနော်ကတော့ မြင်တယ်။"
ကုလားတန်စီမံကိန်းဟာ အိန္ဒိယနိုင်ငံ ကလာကတ္တားမြို့ကနေ ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ပြီး ရခိုင်ပြည်နယ် စစ်တွေမြို့ဆိပ်ကမ်းက တဆင့်၊ မြန်မာပြည်ကုန်တွင်းပိုင်း ပလက်ဝမြို့ကိုဖြတ်ကာ အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ်ထဲအထိ ဆက်စပ်ဖေါ်ဆောင်နေတဲ့ ကုန်သွယ်ရေး လမ်းကြောင်း စီမံကိန်းကြီး ဖြစ်ပါတယ်။
မြန်မာစစ်အစိုးရလက်ထက် ၂၀၀၈ ဧပြီလမှာ သဘောတူညီခဲ့တဲ့ ဒီစီမံကိန်းကို အိန္ဒိယဘက်က ဒေါ်လာ ၃၈၄ သန်း ရင်းနှီးမြှုပ်နှံ အကောင်အထည် ဖေါ်နေတာဖြစ်ပြီး ၂၀၂၀ မှာ ဒီစီမံကိန်း ပြီးမြောက်နိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။
Your browser doesn’t support HTML5