Venezuela အတိုက်အခံခေါင်းဆောင် ဌာန ပြန်ရောက်

ပြည်ပ ခရီးသွားခဲ့တဲ့ ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင် Juan Guaido က တနလာၤနေ့မှာ နိုင်ငံကို ချောချောမောမော ပြန်ရောက်လာပါတယ်။ အတိုက်အခံ ခေါင်းဆောင် နိုင်ငံကို ပြန်ရောက်လာခဲ့ပေမယ့် တရားဥပဒေအရ အရေးယူခံရမယ်လို့ ပြောထားတဲ့ သမ္မတ မာဒူရိုဘက်ကတော့ ဒီအပေါ် တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။ အမေရိကန်နဲ့ တခြားနိုင်ငံ ၅၀ တို့ရဲ့ ထောက်ခံမှု ရထားတဲ့ အတိုက်အခံ ခေါင်းဆောင်က နိုင်ငံကို ပြန်ရောက်လာခြင်းမှာဘဲ မြို့တော် ကရာကတ်စ်က လူထု စုဝေးပွဲကိုလည်း သွားရောက်ခဲ့တာပါ။ ဗင်နီဇွဲလား နောက်ဆုံး အခြေအနေကို မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင် Juan Guaido က တနလာၤနေ့မှာ ဗင်နီဇွဲလားနိုင်ငံ မြို့တော် ကရားကတ်စ်က Simon Bolivar နိုင်ငံတကာ လေဆိပ်ကို ဆိုက်ရောက်လာချိန်မှာ လေဆိပ်ထဲမှာ ကြိုဆိုသူတွေနဲ့ ပြည့်နေခဲ့ပါတယ်။ တရားရုံးချုပ် အမိန့်ကို ချိုးဖောက်ပြီး ဗင်နီဇွဲလား နိုင်ငံထဲကို နိုင်ငံတကာရဲ့ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အကူတွေ ပို့ဆောင်နိုင်ရေး ပူးပေါင်းဆောင်ရွက်ဖို့ အတွက် အတိုက်အခံ ခေါင်းဆောင် Guaido က ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ကိုလံဘီယာ နိုင်ငံကို လျို့ဝှက် ထွက်ခွာသွားခဲ့တာပါ။ ဒါ့အပြင် ဘရာဇီလ်း၊ ပါရာဂွေး၊ အာဂျင်တီးနားနဲ့ အီကွေဒေါ နိုင်ငံတွေကိုလည်း သွားရောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ တုန်းကတော့ သူနိုင်ငံကို ပြန်လာမယ့် တနလာၤနေ့မှာ နိုင်ငံတဝန်း လမ်းမတွေပေါ်မှာ ပြည်သူတွေ စုရုံးကြဖို့လည်း တွစ်တာ လူမှုကွန်ယက်ကနေ တိုက်တွန်းခဲ့တာပါ။

သမ္မတ နီကိုးလပ်စ် မာဒူရိုကို တရားမဝင် အဖြစ် ကြေညာပြီး သူ့ကိုယ်သူ နိုင်ငံရဲ့ ကြားဖြတ်သမ္မတ အဖြစ် ပြောဆိုထားတဲ့ အတိုက်အခံ ခေါင်းဆောင်က တနလာၤနေ့ နိုင်ငံကို ပြန်ရောက်လာချိန်မှာတော့

"ဗင်နီဇွဲလား နိုင်ငံကို ဝင်ရောက်နိုင်ခဲ့တဲ့ အတွက် ဗင်နီဇွဲလား ပြည်သူ အားလုံးကိုရော စုရုံးဆောင်ရွက်ခဲ့ကြတာတွေရော ကျေးဇူးတင်ပါတယ်။ ကျနော်တို့ လွတ်လပ်ရေး အောင်ပွဲ အတွက် ခိုင်မာတဲ့ ခြေလှမ်းတရပ်ကို ဒီကနေ့ လှမ်းနိုင်ခဲ့တာလို့ ခံစားရပါတယ်။ ဒီကနေ့ အောင်မြင်မှု၊ နောက် လက်တင် အမေရိက ခရီးစဉ်၊ ဒီအောင်မြင်မှုတိုင်းဟာ ဗင်နီဇွဲလား ပြည်သူတွေကြောင့် ရခဲ့တာပါ။ ကျဆုံးခဲ့ကြရသူတွေ ဒုက္ခခံစားခဲ့ကြရသူတွေကို ဂုဏ်ပြု အောင်ပွဲလည်း ဖြစ်ပါတယ်။ "

အတိုက်အခံ ခေါင်းဆောင် Guaido ကို ထောက်ခံသူတွေကတော့ သူနိုင်ငံတွင်းကို ပြန်လာရင် အဖမ်းခံရမယ့် အရေးကို စိုးရိမ်ခဲ့ကြပါတယ်။ Guaido ပြန်လာရင် တရားဥပဒေကြောင်းအရ ရင်ဆိုင်ရမယ်လို့ သမ္မတ Maduro က ပြောဆိုထားတာပါ။ အတိုက်အခံ ခေါင်းဆောင် ဘယ်အချိန် ဘယ်ကို ဆိုက်ရောက်လာမလဲ ဆိုတာကို ဗင်နီဇွဲလား ပြည်သူတွေ အချိန်ကပ်ပြီးမှ သိခဲ့ကြပါတယ်။ လေဆိပ်မှာတော့ လုံခြုံရေးကို ပိုပြီး တင်းကြပ်ထားပါတယ်။ အတိုက်အခံ ခေါင်းဆောင်က လူဝင်မှုကြီးကြပ်ရေးကို အခက်အခဲ မရှိ ဖြတ်ကျော်နိုင်ခဲ့ပြီးနောက် မြို့တော် ကရာကတ်စ် တောင်ပိုင်းမှာ လူထုစည်းရုံးပွဲကို သွားရောက်ခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စု၊ ဥရောပနဲ့ လက်တင် အမေရိက နိုင်ငံတွေက သံတမန်တွေ မနေ့ တနလာၤနေ့က လေဆိပ်ကို ရောက်လာကြပြီး အတိုက်အခံ ခေါင်းဆောင် ချောချောမောမော ပြည်ဝင်ခွင့် ရမရကို လာပြီး စောင့်ကြည့်ခဲ့ကြပါတယ်။ အမေရိကန် ဒုတိယ သမ္မတ Mike Pence နဲ့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး Jeremy Hunt တို့ကလည်း Guaido ကို မဖမ်းဖို့လည်း သမ္မတ Maduro ကို သတိပေးထားကြပါတယ်။

ဗင်နီဇွဲလား နိုင်ငံကို Juan Guaido ဘေးကင်းလုံခြုံမှု ရှိရှိ ပြန်ရောက်လာရေးက အမေရိကန် ပြည်ထောင်စု အတွက် အရေးအကြီးဆုံး ကိစ္စ ဖြစ်တယ်၊ သူ့အပေါ် ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှုတွေကို လက်ပိုက်ကြည့်နေမှာ မဟုတ်ဘဲ ချက်ချင်း တုံ့ပြန်ကိုင်တွယ်သွားမှာ ဖြစ်တယ်။ ကမ္ဘာက စောင့်ကြည့်နေတယ်လို့ Guaido ရဲ့ လေယာဉ် မဆိုက်ရောက်ခင်လေးမှာဘဲ အမေရိကန် ဒုတိယ သမ္မတ Pence က တွစ်တာမှာ ရေးသားခဲ့ပါတယ်။

အတိုက်အခံ ခေါင်းဆောင် Juan Guaido ရဲ့ ပြည်ပ ခရီးစဉ် အတွင်းမှာဘဲ ဗင်နီဇွဲလား ဒုတိယ သမ္မတ ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့လည်း ရုရှားနိုင်ငံကို သွားရောက်ခဲ့တာပါ။ ဗင်နီဇွဲလား ကိုယ်စားလှယ် အဖွဲ့နဲ့ တွေ့ဆုံစဉ်မှာတော့ ရုရှား အထက်လွှတ်တော် ဥက္ကဌ Valentina Matvienko ကတော့ အခုလို ပြောပါတယ်။

"အမေရိကန်ဘက်က သွေးထွက်သံယို ဖြစ်စေဖို့ ရန်စလုပ်ဆောင်နိုင်ပြီး ဗင်နီဇွဲလားကို ကျူးကျော်ဖို့ အကြောင်းရှာလာမယ့် အရေးကို အတော်ဘဲ စိုးရိမ်ပါတယ်။ ဒီလို ဖြစ်ခွင့်မရအောင် ကျမတို့ဘက်က အားလုံးဆောင်ရွက်သွားမှာပါ။ "

အမေရိကန်က အတိုက်အခံ ခေါင်းဆောင်ကို ထောက်ခံထားပြီး ရုရှားကတော့ လက်ရှိ သမ္မတ မာဒူရိုကို ထောက်ခံထားတာပါ။ ဗင်နီဇွဲလား ဒုတိယ သမ္မတ Delcy Rodriguez ကတော့ လက်ရှိ နိုင်ငံမှာ ကြုံတွေ့နေရတဲ့ အခက်အခဲကို အခွင့်အလမ်းကောင်းကြီး အဖြစ် ယူဆကြောင်း ပြောဆိုထားတာပါ။

"အမေရိကန် ပြည်ထောင်စုက ဗင်နီဇွဲလား နိုင်ငံ အပေါ် ဖန်တီးလိုက်တဲ့ ခြိမ်းခြောက်မှု အန္တရာယ်ကြီးဟာဆိုရင် တခါတည်းနဲ့ အားလုံး အတွက် လွတ်လပ်သွားစေမယ့် အခွင့်အလမ်းအဖြစ် ရှုမြင်ပါတယ်။ နောက် လွတ်လပ်တဲ့ ကမ္ဘာကြီးနဲ့ ညီညွတ်သွားစေပြီး ပူးပေါင်းဆောင်ရွက်မှု၊ ရင်းနှီးချစ်ကြည်မှုတွေ ပိုပြီး ခိုင်မာအားကောင်းသွားစေမယ့် အခွင့်အလမ်း အဖြစ် ရှုမြင်ပါတယ်။"

ဗင်နီဇွဲလားရဲ့ စီးပွားရေး ပြိုလဲမှုနဲ့ အတူ မာဒူရိုလည်း လူကြိုက်နည်းလာနေတာပါ။ နိုင်ငံတွင်း ငွေကြေး အဆမတန် ဖောင်းပွမှုနဲ့ ကြုံတွေ့နေရပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးလည်း ရှားပါးလာနေပါတယ်။ နိုင်ငံတကာရဲ့ လူသားချင်း စာနာမှု အကူအညီတွေကိုလည်း ဗင်နီဇွဲလားက ပိတ်ပင်ထားပါတယ်။ ဒါ့အပြင်ကိုဘဲ အမေရိကန် ပြည်ထောင်စုကလည်း ဗင်နီဇွဲလားရဲ့ ရေနံလုပ်ငန်း အပေါ်မှာ လတ်တလော ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လိုက်တာကြောင့် ရှေ့လျှောက် အခက်အခဲတွေ ပိုပြီး ကြီးထွားလာနိုင်တဲ့ အခြေအနေလည်း ရှိနေပါတယ်။

Your browser doesn’t support HTML5

Venezuela အတိုက်အခံခေါင်းဆောင် ဌာန ပြန်ရောက်