အိန္ဒိယနိုင်ငံက စစ်ရေးအရ ဆောင်ရွက်လာမယ်ဆိုရင် ချက်ခြင်းတုံ့ပြန်သွားမှာဖြစ်ကြောင်း ပါကစ္စတန် ဝန်ကြီးချုပ် Imran Khan က ဒီနေ့ပဲ သတိပေးလိုက်ပါတယ်။ ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ ကက်ရှ်မီးယား ဒေသမှာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ အိန္ဒိယတပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့ရတဲ့ အသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် နျူကလီးယားလက်နက် ပိုင်ဆိုင်တဲ့ အိမ်နီးချင်း ၂ နိုင်ငံကြား တင်းမာမှုတွေ အန္တရာယ်ရှိတဲ့ အဆင့်အထိ ကြီးထွားလာနေချိန်မှာပဲ ပါကစ္စတန်ဝန်ကြီးချုပ်က နိုင်ငံကို ရုပ်မြင်သံကြားကနေ ပြောကြားတဲ့ မိန့်ခွန်းမှာ သတိပေးလိုက်တာပါ။
Pulwama ခရိုင်မှာ အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင် ၄၀ ကျော် သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုဟာ ပါကစ္စတန် အခြေစိုက် အစ္စလာမ်စစ်သွေးကြွအဖွဲ့ Jaish-e-Mohammad ရဲ့ လက်ချက်ဖြစ်ကြောင်း အိန္ဒိယက စွပ်စွဲထားတာ ဖြစ်ပါတယ်။ အိန္ဒိယ ခေါင်းဆောင်တွေကတော့ ပါကစ္စတန်အပေါ် လက်တုံ့ပြန် အရေးယူဖို့ ကတိပြုပြောဆိုထားကြတာပါ။
စစ်သွေးကြွအဖွဲ့ဟာ ပါကစ္စတန် ထောက်လှမ်းရေးဌာနနဲ့ ဆက်နွယ်မှုရှိကြောင်းလည်း အိန္ဒိယတာဝန်ရှိသူတွေ စွပ်စွဲထားပေမဲ့၊ ပါကစ္စတန်ကတော့ အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်အဖြစ် ငြင်းဆန်ထားပါတယ်။ စစ်ပွဲတပွဲကို စရတာလွယ်ပေမဲ့လည်း အဆုံးသတ်ဖို့ ခက်ခဲကြောင်းနဲ့ ဒီအတွက်လည်း ဆင်ဆင်ခြင်ခြင် ဆောင်ရွက်ဖို့ မျှော်လင့်ကြောင်းလည်း ပါကစ္စတန် ဝန်ကြီးချုပ်က သတိပေးခဲ့ပါတယ်။ ၁၉၄၇ ခုနှစ်မှာ ဗြိတိန်နိုင်ငံ လက်အောက်ကနေ လွတ်လပ်ရေး ရခဲ့ပြီးနောက် အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံကြား စစ်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ဖူးပြီး၊ ၂ ကြိမ်ကတော့ ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေကြတဲ့ ကက်ရှ်မီးယားဒေသနဲ့ ပတ်သက်လို့ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
Your browser doesn’t support HTML5