အီးယူ ဥရောပသမဂ္ဂနဲ့ ဝန်ကြီးချုပ် Theresa May တို့ စေ့စပ် ညှိနှိုင်းထားတဲ့ အီးယူထဲက ဗြိတိန်နှုတ်ထွက်ရေးအစီအစဉ် Brexit သဘောတူညီချက်ကို ဒီကနေ့ ဗြိတိန် ပါလီမန်မှာ မဲခွဲ ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။
လွှတ်တော်ထဲမှာ သူ့ရဲ့ အစီအစဉ်ကို ထောက်ခံမှု ရနိုင်မယ့် လုံလောက်တဲ့ မဲအရေအတွက် မရှိဘူးလို့ ယူဆတာကြောင့် ဒီဇင်ဘာလမှာ မဲခွဲဆုံးဖြတ်မယ့် မူလ အစီအစဉ်ကို ဝန်ကြီးချုပ် May က ဖျက်သိမ်းလိုက်ပြီး အခုမှ မဲပြန်ခွဲကြမှာ ဖြစ်ပေမယ့် ဝန်ကြီးအပေါ် ထောက်ခံမှု အရေအတွက်ဟာ ပြောင်းလဲမလာဘူးလို့ ဆိုပါတယ်။
Brexit ကို ထောက်ခံတဲ့ အမတ်တွေရော၊ ကန့်ကွက်သူ အမတ်တွေကပါ သဘောတူညီမှုပါ အချက်အလက်တွေကို ကန့်ကွက်နေကြတာပါ။ သဘောတူညီချက်ကို ပြန်ဖတ်ကြည့်ကြဖို့ ဝန်ကြီးချုပ် May က လွှတ်တော်အမတ်တွေကို နောက်ဆုံးအချိန်အထိ တိုက်တွန်း ပြောဆိုခဲ့ပြီး သဘောတူညီချက် ပျက်သွားခဲ့ရင် ဘာဖြစ်နိုင်တယ်ဆိုတာကိုလည်း သတိပေး ပြောကြားခဲ့ပါတယ်။
သဘောတူညီချက် ရနိုင်ဖို့ အဟန့်အတား ဖြစ်နေတဲ့ကိစ္စကတော့ - မြောက်ပိုင်းအိုင်ယာလန်နဲ့ အီးယူအဖွဲ့ဝင် အိုင်ယာလန်အကြား နယ်စပ်ကို ဖွင့်ထားပေးရေး ကိစ္စဖြစ်ပါတယ်။ အဲဒီလို နယ်စပ်ကို ဖွင့်ထားခြင်းအားဖြင့် ဗြိတိန်နဲ့ အီးယူအကြားက ကုန်သွယ်ရေးပေါ်လစီတွေအတွက် အပြီးသတ် သဘောတူညီချက်မရခင် ကြားကလမှာ ဗြိတိန်အနေနဲ့ အီးယူရဲ့ ကုန်သွယ်ပေါ်လစီတွေအတိုင်း ဆက်လက် တည်ရှိနေမှာ ဖြစ်ပါတယ်။
ဒီသဘောတူညီချက်ဟာ လိုအပ်တဲ့ အချိန်ကာလတခုအထိဘဲ တည်ရှိမှာဖြစ်ကြောင်း အီးယူ ခေါင်းဆောင်တွေကလည်း တနင်္လာနေ့မှာ ပြောပါတယ်။
Your browser doesn’t support HTML5