မြန်မာနိုင်ငံမှာ နေစွမ်းအားနဲ့ တနိုင်တပိုင် လျှပ်စစ်ထုတ်ယူနိုင်သလို ရေအားနဲ့ပါ အသေးစား လျှပ်စစ်ထုတ်ယူနိုင်တာတွေကို လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်ခင်က ပြောပြပေးမှာပါ။
Your browser doesn’t support HTML5
ဦးအောင်ခင်။ ။“မြန်မာပြည် အနေနဲ့က photo voltage system ကို သုံးမယ် ဆိုရင်လည်း ရတယ်။ အဲဒီ photo voltage system ဆိုတာက နေရောင်ခြည် သုံးတဲ့ panel အပြား တွေကို တပ်ဆင်ပြီးတော့ ဓါတ်အားသုံးတာပါ။ အဲဒါကို ဆိုလာ panel လို့ ခေါ်တာပေါ့။ အဲဒီ အပြားကြီးကို စင်ကြီးနဲ့ ထောင်ပြီး နေထိုးတဲ့ နေရာမှာ ထားရတယ်။ အဲဒီကနေပြီး ဆင်းလာတာက ၂၈ ဗို့ volt လေ။ ကျနော်တို့က မီးထွန်းဖို့ သုံးမယ် ဆိုရင် အဲဒီ ၂၈ ဗို့ကို ကျနော်တို့ ရန်ကုန်မှာ သုံးတဲ့ မီးအားပေါ့နော်။ ၂၃၀ ဗို့တို့ နောက် ၄၀၀ ဗို့တို့ကို ပြောင်းဖို့ဆိုရင် နေရောင် စွမ်းအင်က ထွက်တာက DC ထွက်တာလေ။ ထွက်တဲ့ DC (direct current) ကို ဒီဘက် AC (alternative current) ကို ပြောင်း ချင်တယ် ဆိုရင် သူက inverter လိုတယ်။ သူက ဈေးကြီးတယ်။ နောက်တခါ ညဘက်ကို မီးထွန်းမယ် ဆိုရင် ညဘက်ကျတော့ နေရောင် မရှိဘူးလေ။ နေရောင်မရှိတော့ သူက ဘာလုပ်ရသလဲ ဆိုတော့၊ အဲဒီ inverter ကနေပြီးတော့ ဘက်ထရီတွေ ထိုင်ထားရတယ်။ သူက အဲဒီဘက်ထရီတွေကို အားသွင်းထားရတယ် ပေါ့ နေ့ဘက်မှာ။ ညဘက်ကျတော့ အဲဒီဘက်ထရီတွေကနေ ပြန်သုံးတဲ့ သဘောပဲ။”
ဘက်ထရီနဲ့ မီးထွန်းဖို့ ဆိုလာပြားကနေ ဓါတ်အားကိုရယူပြီး လိုအပ်ချိန်မှာ သုံးဖို့သိမ်းထားနိုင်သလို နေရောင်ကရတဲ့ စွမ်းအားကို ဆိုလာပန့်နဲ့ တိုက်ရိုက်လည်းသုံးနိုင်ပါတယ်။
ဦးအောင်ခင်။ ။“ဆိုလာ panel ထိုင်ပြီးရင် ဆိုလာပန့် solar pump ထိုင်လိုက်။ မြန်မာပြည်မှာ သုံးတဲ့ ၂၃၀ ဗို့ ကို မပြောင်းနဲ့တော့။ ရိုးရိုး အဲဒီလို တိုက်ရိုက် တခါထဲ၊ နေထိုးတာနဲ့ အဲဒီရေပန့်က လည်တာပဲ။ အဲဒါ တော်တော် အောင်မြင်တယ်။ သူတို့ ရေတိုင်ကီကြီးတွေမှာ အဲဒါလည်း ထိုင်လိုက်ပြီးရော ဒီဇယ်လည်း မကုန်တော့ဘူး။ နေပူတာနဲ့ ဆိုလာပန့်လေးက တောက်တောက် တောက်တောက်နဲ့ လည်တဲ့ အခါကျတော့ အဝီစိတွင်းလေ။ အဲဒါ စုပ်ပြီးတော့ တင်လိုက်တဲ့ အခါ ကျတော့ သူက နေ့ခင်း တနာရီလောက် ဆို ရေက လုံးဝ ပြည့်သွားတယ်။”
လူဦးရေထူထပ်တဲ့ ရန်ကုန်မြို့အတွက် လျှပ်စစ်ဓါတ်အားကို အဓိကပေးပေမယ့် ပုံမှန်မရတဲ့အခါ အဆင်မပြေဖြစ်တတ်တာမို့ ဆိုလာပြားတွေနဲ့ တနိုင်တပိုင် ဓါတ်အားထုတ်ယူဖို့ အကြံပေးပါတယ်။
ဦးအောင်ခင်။ ။“ရန်ကုန်က အမြဲတမ်းလိုလိုပဲ မိုးတွင်းက လွဲလို့ အမြဲတမ်း နေရောင်ခြည် ရတာလေ။ ရန်ကုန်မြို့ အနီးတဝိုက်ပေါ့လေ။ ဟိုဘက် ရန်ကုန် မြို့ပြင်လို နေရာမျိုးမှာ ဆိုလာ panel တွေ ထိုင်လို့ရတယ်။ ဆိုလာပြားတွေက အနှစ် ၂၀ အနှစ် အစိတ်လောက် သူက အာမခံ grantee လုပ်တော့ သူက ထိရောက်မှု အာမခံတယ်။ အဲဒါကတော့ ရေတို စီမံကိန်း သဘောမျိုးပေါ့။ အဲဒီလို ဆိုတာပြားတွေနဲ့ လောလောဆယ် ထိုင်ပြီးရင် ရေရှည် စီမံကိန်းကျတော့ တဖက်က အဲဒီ ရေအားလျှပ်စစ် တွေကို သေသေချာ ကျကျနန အားပေးဖို့ ကောင်းတယ်။ ကျနော် မြင်တာပေါ့နော်။”
ရေအားလျှပ်စစ်ထဲမှာ တနိုင်တပိုင် လုပ်ဖို့ ဆိုရင် ဘယ်လို နေရာမျိုးမှာ နေတဲ့ လူတွေ ရနိုင်မှာပါလဲ။
ဦးအောင်ခင်။ ။“နေရာ အရင်ပြောပြပေးရမယ် ဆိုရင် တောင် အနိမ့်အမြင့် များတဲ့ ရှမ်းပြည်တို့၊ ကယားပြည်တို့၊ ကချင်ပြည်တို့၊ အဲဒီလို နေရာမျိုးတွေမှာ သူက head and flow ပေါ့နော်။ အဲဒီ head and flow ဆိုတာက မြင့်ရင် ရေဘယ်လောက်ရနိုင်မလဲ ဆိုတာပေါ် မူတည်ပြီးတော့ ရေအားလျှပ်စစ်က ဆောက်သင့်တာလေ။ ကျနော်တို့ ဒီ မိုးဗြဲ ရေကာတာကြီး ဆောက်ပြီးတော့ ဒီဘက်က လောပိတကို ရေပေးတယ်လေ။ အဲဒီ ပေးတဲ့ အချိန်တုန်းက လောပိတက စက်တွေက ရေရတာ နဲလို့ ကျနော်တို့က မိုးဗြဲ ရေကာတာကြီးကို ဆောက်တာ။ ဆောက်ပြီးတော့ အင်းလေးက တဆင့် မိုးဗြဲရေကာတာမှာ လှောင်၊ လှောင်ပြီးရင် လောပိတကိုပေး၊ အထူးသဖြင့် နွေဘက်တွေ ဘာတွေ မှာဆို ရေမနိုင်ဘူး။ အဲဒီတော့ ရေနိုင်ရမယ်၊ နောက်ပြီးတော့ အနိမ့်အမြင့် ရှိရမယ်။
ကျောက်မီးသွေးတို့၊ ရေနံတို့က သူက ထုတ်သုံး ထုတ်သုံးရင် ခဏလေး ကုန်သွားမှာလေ။ ရေအားလျှပ်စစ်တို့ ဘာတို့ကျတော့၊ ရေစီးနေသရွေ့ run လုပ်နေ လည်ပတ်နေမှာပဲ ဆိုတော့ တော်တော် အဆင်ပြေတယ်။”
“ကျနော် လုပ်ခဲ့ ဘူးသမျှကတော့ အဲဒီ ပူတာအိုမှာ ရေအားလျှပ်စစ် အသေးလေး တခု ဆောက်ခဲ့ တယ်။ အဲဒီ ချင်းတောင်မှာလည်း တီးတိန်၊ ဟားခါး၊ ဖလမ်း၊ မှာလည်း အဲဒီလို ရေအားလျှပ်စစ် အသေးလေးတွေ ဆောက်ခဲ့တယ်။ မီနီဟိုက်ဒရိုလေးတွေပေါ့နော်။ တီးတိန်မှာ ဆိုလို့ရှိရင် ၄၀၀ ကီလိုဝပ်၊ စက် ၂ လုံးထိုင်တယ်။ နောက်တခါ ဟားခါး၊ ဖလမ်းမှာလည်း အဲဒီလိုပဲ ထိုင်တယ်။ ကျနော်တို့ လက်ထက်တုန်းက ရေအား လျှပ်စစ် ဆိုတာ ရှိတယ်လေ။ အဲဒီ ရေအားလျှပ်စစ်က လူတွေက အဲဒါတွေ အမြဲတမ်း လိုက်ပြီးတော့ survey တိုင်းတာတာ ပေါ့နော်။ ပြီးတော့ research သုတေသန လုပ်တာပေါ့နော်။ တိုင်းတာပြီးတော့ ဆောက်ဖို့လို့ အတွက် ကတော့ တခါတလေ ကျတော့ ဘတ်ဂျက် မရတာနဲ့ ဘာနဲ့ ဆိုတော့ အဲဒါတွေက ကြာလို့ အထက်က လူတွေက ခွင့်မပြုတာနဲ့ ဘာနဲ့ မလုပ်ဖြစ်ခဲ့တာက အများကြီး ရှိတယ်။
အဲဒီရေအား လျှပ်စစ် ဌာနကတော့ ဘယ်လိုနေရာမျိုးမှာ ဆောက်သင့်တယ် ဆိုတာ သူတို့က သေချာ ကျကျနန အဲဒါ သူတို့ သုတေသန လုပ်ထားတာတွေ အများကြီး ရှိတယ်။”
နေရာပြီးတော့ စက်အမျိုးအစားပေါ့နော်။ စက်ကျတော့ ဒီအသေးစား ရေအားလျှပ်စစ် အတွက်ကို ဘယ်လိုစက်မျိုးကို တန်ကြေးဘယ်လောက်ရှိပြီး သုံးမယ့်သူတွေကရော တတ်နိုင်ပါ့မလား။ အဲဒါလေး ပြောပြပေးပါဆရာ။
ဦးအောင်ခင်။ ။“အဲဒီ စက်က ဘယ်လို ဆုံးဖြတ်ရမလဲ ဆိုတော့ ဥပမာ အမြင့်လည်း ရှိတယ်။ နောက်ပြီးတော့ ရေစီးအားလည်း ကောင်းမယ် ဆိုရင် အဲဒီမှာ ပယ်လ်တန်ဝှီး တာဘိုင်ဆိုတာ သူက ခွက်သဏ္ဍာန်ပေါ့နော်။ သူက ခွက်လိုပဲ သူက ဂျက်နဲ့ ထိုးရတာပေါ့။ ကျနော်တို့ လောပိတမှာ ဆောက်ထားတဲ့ တာဘိုင်မျိုးပေါ့။ အဲဒါမျိုး ရွေးသင့်တယ်။ ဒါပေမယ့် မြစ်ဝကျွန်းပေါ်ဒေသ တို့ ဘာတို့ ဆို ရေအားကတော့ ကောင်းတယ်၊ ဒါပေမယ့် head မရှိဘူး။ သိပ်မရှိဘူး ဆိုလို့ ရှိရင်တော့ ကက်ပလင် တာဘိုင်တို့၊ ဖရန်းစစ် တာဘိုင်တို့၊ အဲဒါမျိုးတွေ၊ သုံးသင့်တယ်။ ဆိုတော့ နေရာ ဒေသပေါ်မှာ မူတည်ပြီးတော့ အဲဒီ တာဘိုင်ရွေးတာကတော့ တွက်ချက်ပြီး ရွေးမှ။ ရန်ကုန်မှာလည်း အဲဒါတွေ ကျွမ်းကျင်တဲ့ လူတွေ အများကြီး ရှိပါတယ်။”
ဟုတ်ကဲ့ ဈေးသိပ်ကြီးလား ဆရာ။ အဲဒီတာဘိုင်တွေက
ဦးအောင်ခင်။ ။“သိပ်အကြီးကြီးတော့လဲ မဟုတ်ပါဘူး။ အကြမ်းဖျင်း ပြောရမယ် ဆိုလို့ ရှိရင် တော့ အဲဒီ တာဘိုင်တွေက၊ ဆိုကြပါစို့။ အခုနောက်ဆုံး ပေါ်တာတွေ ကတော့ inline hydro turbine ဆိုတာ အဲဒါကျတော့ ၄ လက်မ ပိုက်ကနေ ၂၄ လက်မ ပိုက်လောက် အထိ သုံးလို့ရတယ်။ အမြင့်ကလည်း ပေ ၅၀၀ လောက်ဆို ရတယ်။ နောက် flow ကလည်း တမိနစ်ကို ဂါလံပေါင်း ၁၀၀ ကနေ ၃၀ ၀၀၀ လောက်အထိကို ရတယ်။ အဲဒီ ပယ်လ်တန်တို့ ဘာတို့ကျတော့၊ သူက ပိုက် ပိုကြီးလို့ ရတယ်။ ၆ လက်မကနေ လက်မ ၃၀ အထိ သုံးလို့ရတယ်။ နောက် အမြင့်ပေကလည်း ပေ ၃၀ ကနေပြီးတော့ ပေတထောင်အထိ head က ရတယ်။ နောက်ဒီ flow ကလည်း ၁၉ ၀၀၀ ဂါလံ flow rate အထိ ရတယ်။ ပယ်လ်တန် တာဘိုင်ကျတော့။”
ဟုတ်ကဲ့။ ဆရာကိုယ်တိုင် အဲဒါ ကူညီပေးခဲ့တာ ရှိသလား။ ရေအားလျှပ်စစ်နဲ့ စက်အသေးလေးတွေ ပေါ့။
ဦးအောင်ခင်။ ။“ကျနော်တို့ လက်ထက်တုန်းက ကဆလ- က ထုတ်တဲ့ တာဘိုင် ၂ လုံး။ နောက် EPC က ထုတ်တဲ့ တာဘိုင် တလုံး။ အဲဒါ ဇင်းကျိုက်မှာ ထိုင်ဘူးတယ်။ ကျနော်ကိုယ်တိုင် ထိုင်ဘူးတာ အဲဒီတုန်းက။ ကျနော်ကတော့ လျှပ်စစ်နဲ့ ပတ်သက်တာပေါ့နော်။ သူတို့ တွဲမိအောင် လုပ်ပေးခဲ့တာ။ ရန်ကုန်မှာကို အဲဒါတွေ manufacture လုပ် - ထုတ်လို့ရတယ်။ နိုင်ငံခြားကနေပြီးတော့ မှာရင် ဝယ်ရင်တော့ ဈေးကတော့ ရှိတာပေါ့။ ကိုယ့်ဟာကိုယ် ရန်ကုန်မှာ အဲဒီလို တာဘိုင်တွေ ဘာတွေ တချို့လူတွေ လုပ်တယ်။ ကျနော်သိသလောက် အဲဒီ နမ်းဆန်မှာ locally သူတို့ လုပ်ကြတယ်။”
အလုပ်ဖြစ်လား ဆရာ။ အဲဒီနမ့်ဆမ်က။
ဦးအောင်ခင်။ ။“အလုပ်ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့က အကြီးကြီး မဟုတ်ဖူးနော်။ သေးသေးလေးပေါ့။ မိုက်ခရိုဟိုက်ဒရိုလောက် ရှိမှာပေါ့။ ၅ ကနေ ၁၀၀ ကီလိုဝပ်လောက်။ အဲဒါလေးတွေ လုပ်ထားတာ ရှိတယ်။ တချို့ ရေအားလျှပ်စစ်လေးတွေ သုံးနေတာ ရှိတယ်။ ရေအားလျှပ်စစ် ဆိုတာ ဘာမှ မဟုတ်ဖူး။ တကယ့်တကယ်ကျတော့ ရေစီးအားကို ယူပြီးတော့ ထုတ်သုံးတာပဲ။ ရေစီးအားကို ယူပြီးတော့ မီးထုတ်တယ်။ ရေစီးအားကို ယူပြီးတော့ လွှစက် လုပ်တယ်။ ရေစီးအားကို ယူပြီးတော့ လည်ပတ်အောင် သူက လုပ်လိုက် ပြီးတော့ သုံးတာပါပဲ။”
ဦးအောင်ခင်ရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့ နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။