တပ်မတော်နဲ့ ပတ်သက်နေတယ်ဆိုတဲ့ Facebook စာမျက်နှာ ၄၀၀ ကျော်နဲ့ အကောင့် ၁၀၀ ကျော်ကို ပိတ်ပစ်လိုက်ပြီလို့ Facebook က သတင်းထုတ်ပြန်ပါတယ်။ အခုလိုပိတ်ပင်လိုက်တာကြောင့် ပိုကောင်းလာမယ်လို့ မျှော်လင့်တာမျိုးရှိသလို Facebook ဟာ လူမျိုးတုန်း သတ်ဖြတ်မှုတွေကို အားမပေးဘဲ တာဝန်ယူမှု တာဝန်ခံမှုရှိတာကို ပြသတာဆိုတဲ့ အမြင်မျိုးလည်း ရှိပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ ထားပါတယ်။
မြန်မာစစ်တပ်နဲ့ဆက်နွယ်မှုရှိနေတယ်ဆိုတဲ့ ဖေ့ဘွတ် စာမျက်နှာ ၄၂၅ ခု၊ Group ၁၇ ခုနဲ့ အကောင့် ၁၃၅ ခုအပြင် အင်စတာဂရမ် အကောင့် ၁၅ ခုကို ဖယ်ရှားလိုက်တယ်လို့ Facebook က မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းမှာ သတင်းထုတ်ပြန် လိုက်တာပါ။
၂၀၁၈ ခုနှစ် သြဂုတ်နဲ့ အောက်တိုဘာတို့မှာလည်း ဖယ်ရှားရှင်းလင်းမှုတွေ ပြုလုပ်ခဲ့သေးသလို အခုတကြိမ်ဟာ ၃ ကြိမ်မြောက် ဖယ်ရှားခြင်းဖြစ်ပါတယ်။ အခုလိုပိတ်လိုက်တာဟာ ကုမ္ပဏီရဲ့ မူဝါဒတွေကို ချိုးဖောက်ပြီး မြန်မာစစ်တပ်နဲ့ ဆက်နွယ်သူတွေ၊ အွန်လိုင်းပေါ်မှာ မသမာတဲ့ အပြုအမူတွေနဲ့ ပူးပေါင်းဆောင်ရွက်တယ်ဆိုပြီး ပိတ်လိုက်တာဖြစ်ပါတယ်။
အခုလို ပိတ်လိုက်တာဟာ Facebook အပေါ် နိုင်ငံတကာရဲ့ ဝေဖန်ချက်တွေအပြင် လူမျိုးတုန်း သတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်မှု မရှိဘူးဆိုတာကို တာဝန်ယူ တာဝန်ခံမှုရှိတဲ့ သဘောမျိုး ပြသတဲ့အနေနဲ့ အခုလို ပိတ်တာလို့ Facebook ကို အသုံးချပြီး သတင်းမှား ဖြန့်ဝေမှုတွေကို လေ့လာနေတဲ့ သုတေသီ ကိုမြတ်သူက သူ့အမြင်ကို ပြောပါတယ်။
"နိုင်ငံတကာရဲ့ဝေဖန်ချက်တွေကိုလည်း သူထည့်သွင်းစဉ်းစားလိမ့်မယ်။ ကျွန်တော်မြင်တာကတော့ ဒီလို အကောင့်တွေကို ဖယ်ရှားတာကတော့ အထူးသဖြင့် Facebook အနေနဲ့ သူ့ရဲ့ ပလက်ဖောင်းက လူမျိုးတုန်း သတ်ဖြတ်မှုတွေမှာ မပါဝင်ပါဘူး။ သူ့အနေနဲ့ ဂုဏ်သိက္ခာရှိတဲ့ ပလက်ဖောင်း ဖြစ်ပါတယ်။ သူ့အနေနဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ စီးပွားရေးလုပ်ငန်းကို လုပ်နေတာပါဆိုတဲ့ သဘောမျိုးကို ပြဖို့တော့ ကျွန်တော် နားလည်ထားတယ်။"
အခုလို ပိတ်ပင်လိုက်လို့ သတင်းတု ကောလဟာလတွေ လျော့ကျပြီး ပိုမိုကောင်းမွန်လာမယ်လို့ မျှော်လင့်တယ်လို့ ကိုမြတ်သူက ဆက်ပြောပါတယ်။
"ဒီလိုမျိုး အတုယောင် ရည်ရွယ်ချက်ရှိရှိ ဖွင့်ထားပြီး ဝါဒဖြန့်ဖို့ သတင်းတုတွေ အမှားတွေ ဖြန်ဖို့ ကောလဟာလတွေကို ဖြန့်ဖို့ ဖွင့်ထားတဲ့ Page တွေကို ဖယ်ရှားတယ်ဆိုရင်တော့ ကျွန်တော်တို့ ကောလဟာလတွေ လျော့ကျလာမယ်လို့ ကျွန်တော်မျှော်လင့်တယ်။ ဘာပဲပြောပြော ဒီလူမှုကွန်ယက် အတွက်တော့ ပိုကောင်းတဲ့ လူမှုပလက်ဖောင်းတခု ဖြစ်လာဖို့တော့ မျှော်လင့်တယ်ခင်ဗျ။"
အခုတခေါက်ပိတ်တဲ့အရေအတွက်ဟာ အရင်နှစ်ကြိမ်ကထက် ပိုများပြီး အဲဒီစာမျက်နှာတွေထဲမှာ ဘာလာလာဝုန်း၊ ပေါ့ပေါ့ပါးပါးရယ်ကြမယ်၊ မြန်မာအွန်လိုင်းသတင်းစုံ စတဲ့ စာမျက်နှာတွေပါဝင်ပြီး မပြတ်စောင့်ကြည့်သူအရေအတွက် ၂.၅ သန်း ထိရှိတဲ့ စာမျက်နှာတွေလည်း ပါဝင်ပါတယ်။
အခုလို ပိတ်ပင်တာဟာ Facebook ရဲ့ လုပ်ပိုင်ခွင့်ဖြစ်သလို Facebook ပိတ်တာ မခံချင်ဘူးဆိုရင် Facebook ကို မမှီခိုနဲ့လို့ Blogger တစ်ဦးလည်းဖြစ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် တဦးလည်းဖြစ်တဲ့ ကိုနေဘုန်းလတ်က ပြောပါတယ်။
"ဆိုလိုတာက Facebook မှာ အဲ့ဒါက လုပ်ပိုင်ခွင့်ရှိတယ်။ သူ့ Standard တွေရှိမယ်။ သူ့ပေါ်လစီတွေရှိမယ်။ အဲ့ဟာတွေနဲ့ မကိုက်ညီဘူးဆိုရင်တော့ သူကပိတ်မှာပဲ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့က သူ့ရဲ့ပလက်ဖောင်းကို သွားသုံးနေတာလေ။ အဲ့တော့ ပိတ်ခြင်း မပိတ်ခြင်းဆိုတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး Facebook ကို ကျွန်တော်တို့ ဘာမှ သွားပြောလို့မရဘူး။ သူ့မှာသာ ခိုင်မာတဲ့ အကြောင်းပြချက်ရှိတယ်ဆိုရင် သူပိတ်မှာပဲလေ။ ဆိုလိုတာက Facebook ကို မမှီခိုနဲ့ပေါ့။ ရှင်းရှင်းလေးပဲ။ သတင်းတခုခု ထုတ်ပြန်ချင်တယ် ဆိုရင်လည်း Facebook ကိုမမှီခိုဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ထုတ်ပြန်နိုင်အောင် ကြိုးစားဖို့ပဲရှိတာပဲ။ ဖေ့ဘွတ်က သူမကြိုက်ရင်ပိတ်မယ်။ သူကြိုက်ရင်ထားထားမယ်။ သူ့မှာ အဲ့ဒါလုပ်ပိုင်ခွင့် ရှိနေတာပဲ။
ဒီနှစ် သြဂုတ်လထဲမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အကောင့်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဖေ့ဘွတ်စာမျက်နှာ၊ စစ်တပ်ကထုတ်လွှင့်တဲ့ မြဝတီရုပ်သံလိုင်းရဲ့ စာမျက်နှာအပါအဝင် လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ၂၀ ကို ပထမဆုံး ပိတ်ပင်ခဲ့ပါတယ်။
အောက်တိုဘာလထဲမှာတော့ ဒုတိယအကြိမ် အရေးယူဆောင်ရွက်မှုလုပ်ခဲ့ပြီး အခုတကြိမ်ကတော့ အများဆုံး ပိတ်ပင်လိုက်တာ ပါ။ ဒါ့အပြင် ကုမ္ပဏီမူဝါဒကို ချိုးဖောက်ပြီး အွန်လိုင်းပေါ်မှာ မမှန်မကန်ဖော်ပြနေတဲ့ လုပ်ရပ်မျိုးတွေနဲ့ ပတ်သက်လို့ ဆက်လက် စုံစမ်းနေတယ်လို့လည်း Facebook က ဆိုပါတယ်။
Facebook ရဲ့ တာဝန်ပေးချက်အရ သုတေသနလေ့လာခဲ့တဲ့ Business for Social Responsibility (BSR) အဖွဲ့ရဲ့ ပြီးခဲ့တဲ့လထဲ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံမှာ အင်တာနက် အွန်လိုင်းပေါ်က သွေးထိုးလှုံ့ဆော်မှုတွေကို ဟန့်တားရာမှာ အားနည်းချက်တွေ ရှိနေတာကို ထောက်ပြခဲ့သလို ၂၀၂၀ ပြည့် ရွေးကောက်ပွဲမတိုင်ခင် ကြိုတင်ကာကွယ်နိုင်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ Facebook ကတော့ အစီရင်ခံစာပါ အချက်တွေကို လက်ခံကြောင်း ပြောဆိုခဲ့သလို အစီရင်ခံစာပါ တိုက်တွန်းချက်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းဖို့လည်း ကတိပြုထားပြီးနောက်ပိုင်း အခုလို အရေးယူမှု ကြီးကြီးမားမား ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ Facebook လူမှုကွန်ယက်သုံးစွဲသူအရေအတွက်ဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလအထိဆိုရင် ၁၈ သန်းနီးပါးရှိတယ်လို့ statista.com အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
Your browser doesn’t support HTML5