ဥပဒေချိုးဖောက်ဖို့ ရှေ့နေ Cohen ကို မညွှန်ကြားခဲ့ဟု Donald Trump ငြင်းဆို

အမေရိကန်သမ္မတ Donald Trump က သူဟာ သူ့ကိုယ်ရေးရှေ့နေဟောင်း Michael Cohen ကို ဥပဒေချိုးဖေါက်ဖို့ ဘယ်တုန်းကမှ မညွှန်ကြား ခဲ့ဘူးလို့ ကြာသပတေးနေ့က ပြောပါတယ်။ Trump နဲ့ အရှုပ်အရှင်းရှိတယ်လို့ အစွပ်စွဲခံရတဲ့ အမျိုးသမီး ၂ ဦးကို ၂၀၁၆ သမ္မတရွေးကောက်ပွဲ မတိုင်ခင် ဘာမှထုတ်မပြောဖို့ နှုတ်ပိတ်ခ ပေးရာမှာ ပါဝင်ပတ်သက်မှု အပါအဝင် ပြစ်မှုတွေအတွက် Cohen ကိုတရားရုံးက ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီး နောက်တနေ့မှာ သမ္မတက ခုလိုပြောခဲ့တာပါ။

ဒါ့အပြင် Cohen ဟာ ဥပဒေကို နားလည်ရမှာ ဖြစ်ပြီး ရှေ့နေ တယောက်အနေနဲ့ အမှားတစုံတရာ ကျူးလွန်ရင် တာဝန်ခံရမှာ ဖြစ်ကြောင်းနဲ့ ဒါ့ကြောင့် အခု သူပေးဆပ်ရတာ ဖြစ်ကြောင်း သမ္မတ Trump က တွစ်တာမှာရေးပါတယ်။

လိင်ဖျော်ဖြေရေးသရုပ်ဆောင် Stormy Daniels နဲ့ ပလေးဘွိုင်း မဂ္ဂဇင်းမော်ဒယ် Karen McDougal တို့ကို Trump ရဲ့ ညွှန်ကြားချက် အရ အမေရိကန်ဒေါ်လာ ၂၈၀ ၀၀၀ ပေးဖို့ စီစဉ်ခဲ့တဲ့အတွက် အပြစ်ရှိကြောင်း Cohen က ဝန်ခံခဲ့တာပါ။ ဒါပေမယ့် ဒီငွေတွေကို ရွေးကောက်ပွဲ မဲဆွယ်ပွဲ အလှုငွေအဖြစ် စာရင်းမတင်ခဲ့ပါဘူး။ ဒါ့အပြင် ရုရှားနိုင်ငံ မော်စကိုမှာ မိုးထိမြင့်အဆောက်အဦး ဆောက်လုပ်ဖို့ ၂၀၁၆ အစောပိုင်းTrump ရဲ့ ကြိုးပမ်းမှုနဲ့ ပတ်သက်ပြီး ကွန်ဂရက်ကို လိမ်ညာထွက်ဆိုခဲ့တာ အတွက်လည်း အပြစ်ရှိကြောင်း Cohen ကဝန်ခံခဲ့ပါတယ်။

အမျိုးသမီး ၂ ယောက်ကို နှုတ်ပိတ်ခငွေ ပေးမှု စွဲချက်နဲ့ ပတ်သက်ပြီး အစိုးရရှေ့နေတွေက သူ့ကို အရှက်ရအောင် လုပ်တာသာ ဖြစ်ပြီး မဟုတ်တာလုပ်ဖို့ သူ့ရှေ့နေကို သူဘယ်တုန်းကမှ မညွှန်ကြားခဲ့ဘူးလို့ Fox သတင်းဌာန ကို သမ္မတ Trump က ပြောပါတယ်။

Your browser doesn’t support HTML5

ဥပဒေချိုးဖောက်ဖို့ ရှေ့နေ Cohen ကို မညွှန်ကြားခဲ့ဟု Donald Trump ငြင်းဆို