အိန္ဒိယသမ္မတ မြန်မာခရီးစတင်

အိန္ဒိယသမ္မတ မြန်မာခရီးစတင် (MOI)

မြန်မာနိုင်ငံကို ၅ ရက်ကြာ တရားဝင်ခရီးစဉ် စတင်ဖို့ အိန္ဒိယသမ္မတ Ram Nath Kovind ဟာ တနင်္လာနေ့က နေပြည်တော်ကို ရောက်သွားပြီ ဖြစ်ပါတယ်။ အိန္ဒိယသမ္မတဟာ သူ့ရဲ့ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ အဆင့်မြင့် တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ ရှိပါတယ်။

ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၄ နေ့အထိ ကြာမြင့်မယ့် ဒီခရီးစဉ်အတွင်း နှစ်နိုင်ငံ သဘောတူညီချက် အများအပြားလည်း လက်မှတ် ရေးထိုးကြဖို့ ရှိတဲ့အကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန ပြောခွင့်ရ Raveesh Kumar က အိန္ဒိယ သတင်းမီဒီယာတွေကို ပြောထားပါတယ်။

အိန္ဒိယရဲ့ အရှေ့မျှော်ပေါ်လစီနဲ့ အိမ်နီးချင်းနိုင်ငံအချင်းချင်းကြား ဦးစားပေး ဆက်ဆံရေးဆိုတဲ့ ပေါ်လစီတွေရဲ့ တစိတ်တဒေသအဖြစ်နဲ့ သမ္မတ Kovind ဟာ မြန်မာနိုင်ငံကို ရောက်လာတာလည်း ဖြစ်သလို မြန်မာနိုင်ငံအပေါ် တရုတ်တို့ရဲ့ သြဇာလွှမ်းမိုးမှု ကြီးထွားလာနေတာကို ချိန်ခွင်လျှာညှိဖို့အတွက် ရောက်လာတာလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနဲ့ စီးပွားရေးသဘောတူညီချက် အများအပြားရရှိထားတဲ့ အပြင် မကြာသေးခင်ကဘဲ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် လက်မှတ်ရေးထားတာ ဖြစ်ပါတယ်။

ခရီးစဉ်အတွင်း မြန်မာနိုင်ငံက အိန္ဒိယကို ဆိုက်ရောက်ပြည်ဝင်ခွင့်ဗီဇာ ပေးရေးအတွက် ဆွေးနွေးဖို့ရှိပြီး အိန္ဒိယ အနောက်မြောက်ပိုင်း လုံခြုံရေးကိုလည်း ဆွေးနွေးဖို့ ရှိပါတယ်။ သမ္မတ Kovind နဲ့အတူ မဏိပူရနဲ့ အာသံပြည်နယ် လွှတ်တော်အမတ်တွေလည်း လိုက်ပါသွားတယ်လို့ သိရပါတယ်။

သမ္မတ Kovind ဟာ အင်္ဂါနေ့မှာ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံမှာဖြစ်ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဌာနအတွင်းဝန် Vijay Gokhale က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပြောကြားခဲ့ပါတယ်။

ဒီဇင်ဘာ ၁၂ ရက်နေ့မှာတော့ သမ္မတ Kovind ဟာ အိန္ဒိယအစိုးရရဲ့ ထောက်ပံ့မှုနဲ့ ဖွင့်လှစ်ထားတဲ့ စိုက်ပျိုးရေး သုတေသနဌာနနဲ့ Rice Bio-park လို့ခေါ်တဲ့ ဆန်သုတေသနဌာနတွေကို သွားရောက် ကြည့်ရှုမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သမ္မတ Kovind နဲ့ သမ္မတ ကတော်တို့ဟာ ရန်ကုန်မြို့ကို ခရီးဆက်ပြီး အာဇာနည်ဗိမ္မာန်မှာ လွမ်းသူပန်းခွေချမှာ ဖြစ်သလို ရွှေတိဂုံစေတီတော်ကိုလည်း သွားရောက် ဖူးမျှော်ကြမယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာ ၁၃ ရက်နေ့မှာဘဲ ရန်ကုန်မြို့ ရွှေတိဂုံ ဘုရားအနီး ဦးဝိစာရလမ်းပေါ်မှာရှိတဲ့ Bahadur Shah Zafar ရဲ့ ဂူဗိမ္မာန်ကို သွားရောက်မှာ ဖြစ်ပါတယ်။ခရီးစဉ်အဆုံးမှာ နှစ်နိုင်ငံ ပူးတွဲကြေညာချက်တရပ် ထုတ်ပြန်ဖို့လည်း ရှိပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်အတွင်း နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်ရေးအရ နှစ်နိုင်ငံအကြားက ဆက်ဆံမှုတွေဟာ တိုးတက် ကောင်းမွန်လာခဲ့ပြီး နှစ်ဘက် ထိပ်တန်း ခေါင်းဆောင်တွေလည်း အပြန်အလှန် လည်ပတ်မှုတွေ ရှိခဲ့တာပါ။ နှစ်နိုင်ငံစလုံးရဲ့ ကြည်းတပ်နဲ့ ရေတပ်တို့ဟာလည်း ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အိန္ဒိယဝန်ကြီးချုပ် Narendra Modi မြန်မာနိုင်ငံကို မနှစ်က သွားရောက်လည်ပတ်ခဲ့သလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း အိန္ဒိယမှာ ကျင်းပတဲ့ အိန္ဒိယ-အာဆီယံ ဆက်ဆံရေး အထိမ်းအမှတ် ထိပ်သီးစည်းဝေးပွဲကို ဇန်နဝါရီလက တက်ရောက်ခဲ့ပါတယ်။

Your browser doesn’t support HTML5

အိန္ဒိယသမ္မတ မြန်မာခရီးစတင်