ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေနဲ့ပတ်သက်ပြီး သာသနာရေးဝန်ကြီးရဲ့ ပြောဆိုချက်ဟာ ဒုက္ခသည်တွေကို ပြန်မခေါ်ချင်တဲ့အတွက် ပြောတယ်လို့ ယူဆတဲ့အကြောင်း ဒုက္ခသည်တဦးက တုံ့ပြန်ပါတယ်။ အဲဒီလိုပြောဆိုချက်ဟာ အချက်အလက်အပေါ် အခြေခံပြောဆိုတာ မဟုတ်ဘူးဆိုရင် ဒုက္ခသည် ပြန်လက်ခံရေးလုပ်ငန်းကို ထိခိုက်နိုင်မယ်လို့ မြန်မာ့အရေး လေ့လာသုံးသပ်သူတဦးကလည်း မြင်ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မမေခက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါ တယ်။
မနေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ပညာရေး ပွဲတခုအပြီး သာသနာရေးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုက သတင်းမီဒီယာသမားတွေကို အခုလိုပြောဆိုသွားတာပါ။
"နိုင်ငံတကာအကူအညီတောင်းပြီးတော့မှ ဝေမ ျှစားနေကြတာဘဲ။ ပြန်လွှတ်ပေး ဆိုတော့လည်းမလွှတ် ပေးဘူး။ နောက်ပြီးတော့ဘင်္ဂလီလူငယ်လေးတွေကိုလည်း ရိုက်သွင်းထားတယ်။ ရခိုင်ကိုချီတက်ကြ မယ်။ မြန်မာနိုင်ငံကိုချီတက်ကြမယ်။ ပြည့်ကျပ်နေတဲ့လူဦးရေတွေ ဘင်္ဂလီတွေက သူတို့ရည်မှန်းချက် ကမြန်မာနိုင်ငံကိုချီတက်ကြမယ် အဲလိုဖြစ်နေတာ။"
ဘင်္ဂလားဒေရှ့်က ဒုက္ခသည်စခန်းတခုမှာ လက်ရှိနေထိုင်တဲ့ ဒုက္ခသည်တဦးဖြစ်သူ ဦးမောင်မောင်ကျော်မင်းကတော့ ဒါဟာ အစိုးရဘက်က ဝါဒဖြန့်ချီ မှုသက်သက်သာ ဖြစ်တယ်လို့ ဝေဖန်လိုက်ပါတယ်။
" သာသနာရေးဝန်ကြီးသူရဦးအောင်ကိုပြောတာက အစိုးရမူဝါဒလို့ ပြောချင်ပါတယ်။အဓိကကတော့ ကျနော်တို့တောင်းဆိုချက်ကို မလိုက်လျောဘဲနဲ့ ပြည်သူလူထုကို မဟုတ်မမှန်စွပ်စွဲနေ တာကို။ ရိုဟင်ဂျာလူမျိုးဒုက္ခသည်တွေကို ပြန်မလာစေချင်လို့ ပြန်မခေါ်စေချင်လို့ အဲလိုပြောနေတာလို့ ကျနော်တို့ကတော့ထင်ပါတယ်။"
ရခိုင်အရေးနဲ့ပတ်သတ်လို့ နိုင်ငံတကာဘက်က ဖိအားတွေ၊ ဝေဖန်မှုတွေ ရှိနေချိန်မှာ အစိုးရတာဝန်ရှိသူတဦးအနေနဲ့ သတိထားပြောဆိုဖို့လိုအပ်တယ်လို့ မြန်မာ့အရေးလေ့လာသုံးသပ်သူ သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကပြောပါတယ်။
"နိုင်ငံတကာဘက်ကလည်း ဒီဒုက္ခသည်တွေ ပြန်မလာနိုင်သေးတဲ့ အချိန်မှာ ဝေဖန်မှုတွေ အရေးယူမှု တွေကလျော့မသွားဘူး ထိခိုက်နေတာပေါ့နော်။ အဲလိုတာဝန်ရှိသူတွေ ဝန်ကြီးလိုအဆင့်မျိုးရှိသူတွေ က စကားတွေဘာတွေပြောတာမှာ သတိထားပြောဆိုဖို့လိုတာပေါ့။ လိုအပ်တယ်ထင်ရင် အချက်အ လက်နဲ့ သေချာပြောမယ်ဆိုရင်တော့ ဒါကတော့ ပြဿနာမရှိဘူးပေါ့။ ဒီလိုမဟုတ်ဘဲ အချက်အလက် ပေါ်မှာအခြေမခံဘဲပြောလာမယ်ဆိုရင်တော့ သေချာတယ် အစိုးရရဲ့ ဒုက္ခသည်ပြန်လက်ခံရေးလုပ် ဆောင်ချက်ကို ထိခိုက်နိုင်မယ်လို့ မြင်တယ်"
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်တိမ်းရှောင်သွားတဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအတွက် ဘင်္ဂလားဒေရှ့်နဲ့ နှစ်နိုင်ငံကြား သဘောတူညီထားပြီး ပြန်လည် လက်ခံရေးဆောင်ရွက်နေပေမယ့် ခုချိန်ထိ ပြန်လည်လာရောက်သူမရှိသေးတာကြောင့် အောင်မြင်မှုမရဘဲ ရှိနေချိန်မှာ အခုလို ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ဝင်တဦးက ပြောဆိုတာကြောင့် ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်ဟာ ဒီထပ်ပိုနှောင့်နှေးစေနိုင်မယ်လို့ထောက်ပြဝေဖန်ပြောတာတွေရှိနေပါတယ်။
Your browser doesn’t support HTML5