အမေရိကန်သမ္မတ Donald Trump အနေနဲ့ ရုရှားသမ္မတ Vladimir Putin နဲ့ G20 စီးပွားရေး အင်အားကြီးနိုင်ငံများထိပ်သီးပွဲ ပြင်ပမှာ တွေ့ဖို့ အရင်ပြင်ထားတာကို ရုတ်တရက် ဖျက်သိမ်းပစ်လိုက်ပါတယ်။
ရုရှားအနေနဲ့ တနင်္ဂနွေနေ့တုန်းက ယူကရိန်း သဘောနဲ့ သဘောၤသားတွေကို ဖမ်းခဲ့အပြီး၊ ခုချိန်ထိ ပြန်မလွှတ်ပေးခဲ့တာအတွက်၊ စနေနေ့မှာ သမ္မတ Putin နဲ့တွေ့ဖို့ အရင်စီစဉ်ထားတာကို သမ္မတ Trump ဖက်က ဖျက်သိမ်းလိုက်တာပါ။
တကယ်တော့ ဒီသမ္မတ (၂) ဦး ဒုတိယအကြိမ် ထိပ်သီးတွေ့တာဖြစ်လာခဲ့မဲ့ ဒီပွဲမှာ၊ ကမ္ဘာကိုခြိမ်းခြောက်နေတဲ့ လက်နက်ထိန်းချုပ်ရေးကိစ္စ၊ လုံခြုံရေးကိစ္စတွေနဲ့ အရှေ.အလယ်ပိုင်းကနေ မြောက်ကိုရီးယားပြဿနာအထိ အဓိကထည့် ဆွေးနွေးကြဖို့ အရင် ပြင်ဆင်ထားခဲ့ပါတယ်။
အရင်ပြင်ဆင်ထားချက်အရ မြောက်ကိုရီးယားခေါင်းဆောင် Khim Jong Un နဲ့ သမ္မတ Trump တို့ ရှေ့လ ထိပ်သီးမတွေ့ခင်မှာ မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂ ချမှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ရုရှားဖက်က လိုက်နာပေးမယ်လို့ လူသိရှင်ကြားထုတ်ပြောပေးဖို့ အမေရိကန်ဖက်ကနေ တောင်းဆိုဖို့ရှိခဲ့ပါတယ်။
ဒါပေမဲ့ ပင်လယ်နက်ထဲမှာ ရုရှားရဲ့ ခုလို ယူကရိန်းသင်္ဘော (၃) စီးနဲ့ သင်္ဘောသားတွေကို ဖမ်းဆီးခဲ့မှုကြောင့် အာဂျင်တီးနားမှာကျင်းပမဲ့ ဒီ G20 ပြင်ပမှာ သမ္မတ (၂) ဦး မတွေ့နိုင်တော့တာအပြင် အမေရိကန်-ရုရှားဆက်ဆံရေးပြန်ကောင်းအောင် လုပ်ဆောင်ဖို့ မျှော်လင့်ချက်လဲ ထိခိုက်သွားပြီလို့ သုံးသပ်သူတွေက ဆိုပါတယ်။