ရုရှားနိုင်ငံပိုင်အဖြစ် သွတ်သွင်းထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်မှာ လေကြောင်းရန် ကာကွယ်ရေးစနစ်အတွက် နောက်ထပ် မစ်ဇိုင်းဒုံးတွေ ထပ်မံပို့ဆောင် သွားမှာဖြစ်ကြောင်း ရုရှားစစ်တပ် က ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။
ပင်လယ်နက်ဒေသမှာ ယူကရိန်းသင်္ဘော ၃ စင်းနဲ့ သင်္ဘောသားတွေကို တနင်္ဂနွေနေ့က ရုရှားတပ်ဖွဲ့တွေ ထိန်းသိမ်းလိုက်ပြီးနောက် အချေအတင် ပြဿနာဖြစ်နေချိန်မှာပဲ ရုရှားရဲ့ ကြေညာချက် ထွက်ပေါ်လာတာပါ။ ယူကရိန်းရေတပ်က စစ်သင်္ဘောတွေကို ပြင်ဆင်နေရင်း ဖမ်းဆီးခံခဲ့ကြရတဲ့ သင်္ဘောသားတွေဟာ ရုရှားရေပိုင်နက်ထဲ တရားမဝင် ဝင်ရောက်လာခဲ့ကြပြီး၊ နယ်ခြားစောင့် တပ်ဖွဲ့တွေရဲ့ သတိပေးချက်ကိုလည်း နားမထောင်ခဲ့ဘူးလို့ ရုရှားက စွပ်စွဲထားပါတယ်။
ယူကရိန်းနိုင်ငံကတော့ ရုရှားရဲ့စွပ်စွဲချက်ကို ငြင်းဆန်ထားတာပါ။ ဖမ်းဆီးထားတဲ့ သင်္ဘောသား ၂၄ ယောက်ထဲက ၁၂ ယောက်ကို ၂ လ ထိန်းသိမ်းထားဖို့လည်း ခရိုင်းမီးယားဒေသက တရားရုံးတခုက မနေ့တုန်းကပဲ စီရင်ချက်ချခဲ့ပါတယ်။ ကျန်သင်္ဘောသားတွေကိုတော့ ဒီကနေ့ ရုံးထုတ်ဖို့လည်း စီစဉ်ထားတာပါ။
ယူကရိန်းကတော့ ဖမ်းဆီးမှုကို တုံ့ပြန်တဲ့အနေနဲ့ နယ်စပ်ဒေသ တချို့မှာ စစ်အုပ်ချုပ်ရေးကြေညာခဲ့သလို၊ ရုရှားအပေါ် နောက်ထပ်ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ဖို့ တိုက်တွန်းတဲ့ ဥရောပနိုင်ငံ အရေအတွက်လည်း တိုးလာနေပါတယ်။ ယူကရိန်းသမ္မတ Petro Poroshenko ကတော့ ရုရှားနိုင်ငံက ရန်လိုမှုတွေ ကြီးထွားလာနေချိန်မှာ စစ်အုပ်ချုပ်ရေး ကြေညာလိုက်တဲ့အတွက် ကာကွယ်နိုင်စွမ်း ခိုင်မာအားကောင်းလာအောင် အထောက်အကူ ပေးနိုင်မှာဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။
ယူကရိန်းသင်္ဘောသားတွေနဲ့ သင်္ဘောတွေကို ချက်ခြင်း ပြန်လွှတ်ပေးဖို့လည်း ယူကရိန်းသမ္မတက တောင်းဆိုခဲ့ပါတယ်။ ရုရှားသမ္မတ Vladimir Putin ကတော့ ယူကရိန်းက စစ်အုပ်ချုပ်ရေး ကြေညာလိုက်တဲ့အပေါ် စိုးရိမ်ကြောင်း ပြောဆိုခဲ့သလို၊ ယူကရိန်းရဲ့ အဆင်အခြင်မဲ့ လုပ်ရပ်ကို ဟန့်တားဖို့ ဂျာမနီနိုင်ငံက တိုက်တွန်းနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ဂျာမန်ဝန်ကြီးချုပ် Angela Merkel ကို ပြောဆိုခဲ့ပါတယ်။ ရုရှားသမ္မတဟာ အာဂျင်တီးနား နိုင်ငံမှာ ကျင်းပမယ့် စက်မှုထွန်းကားတဲ့နိုင်ငံပေါင်း (၂၀) G-20 ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးမှာ အမေရိကန်သမ္မတ Donald Trump နဲ့ သီးသန့်တွေ့ဆုံဖို့လည်း ရှိနေတာပါ။ ဒါပေမဲ့လည်း Washington Post သတင်းစာနဲ့ မေးမြန်းခန်းမှာတော့ သမ္မတ Trump က ရုရှားသမ္မတနဲ့ တွေ့ဖြစ်ချင်မှ တွေ့ဖြစ်မှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။