အမေရိကန်ပြည်ထောင်စုထဲကို တရားဝင် ဝင်ရောက်လာတာ မဟုတ်သူတွေကို ခိုလှုံခွင့်လျှောက်ထားခွင့်တားမြစ်တဲ့သမ္မတ DonaldTrump ရဲ့ဥပဒေသစ်ကို ယာယီဆိုင်းငံ့ထားဖို့ ပြည်ထောင်စုတရားသူကြီးတယောက်က ဆုံးဖြတ်လိုက်ပါတယ်။
အမေရိကန်လွှတ်တော်ကပြဌာန်းထားတဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ INA ဥပဒေအရ အမေရိကန်ထဲကို ဘယ်နေရာကပဲ ဝင်လာလာ ခိုလှုံခွင့်လျှောက်ထားခွင့်ရှိတယ်လို့ ပြဌာန်းထားတဲ့အတွက် သမ္မတ Trump ရဲ့ထုတ်ပြန်ချက်ဟာ ဥပဒေနဲ့ဆန့်ကျင်နေတယ်လို့ San Francisco မြို့က ပြည်ထောင်စုတရားသူကြီး Jon Tigar ကဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
Trump ရဲ့ဥပဒေသစ်ကို အစိုးရက ၁ လ အကောင်အထည်မဖော်ဖို့ တားမြစ်ခဲ့ပြီး ဒီကိစ္စနောက်ထပ်ကြားနာဖို့ ဒီဇင်ဘာ ၁၉ ရက်ကို ချိန်းဆိုခဲ့ပါတယ်။ အမေရိကတိုက်အလယ်ပိုင်းက ထောင်နဲ့ချီတဲ့လူတွေ Mexico နယ်စပ်ကနေ အမေရိကန်ထဲဝင်ရောက်နိုင်ဖို့ ကြိုးစားနေချိန် နိုင်ဝင်ဘာ ၉ ရက်နေ့က သမ္မတက တရားမဝင်လာသူတွေ ခိုလှုံခွင့်လျှောက်ထားခွင့်မရှိဘူးဆိုတဲ့ ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။
ဒီထုတ်ပြန်ချက် ထုတ်ပြီး မကြာခင်မှာပဲ အမေရိကန်က နိုင်ငံသားလွတ်လပ်ခွင့်ဆောင်ရွက်နေတဲ့ သမဂ္ဂနဲ့တခြားအခွင့်အရေးအဖဲ့ွတွေက ဥပဒေကြောင်းကနေ စိန်ခေါ်ခဲ့ကြပါတယ်။ အမေရိကန်ထဲကို ဝင်နိုင်ဖို့ Mexico နယ်စပ်မြို့ဖြစ်တဲ့ Tijuana မြို့မှာ ရွှေ့ပြောင်းအခြေချသူ ၃ ထောင်လောက် ရောက်နေကြပြီး မကြာခင် နောက်ထပ်ရောက်လာကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ အမေရိကန်ကို ဝင်နိုင်တဲ့ San Ysidro (ဆန်နီဆီဒရို) နယ်စပ်ဂိတ်မှာ ခိုလှုံခွင့်လျှောက်ထားနိုင်ဖိူ့ အမြောက်အများစောင့်နေကြပါတယ်။