ပုပ္ပါးထိပ်သီးပွဲမှ ရလဒ်ကောင်းထွက်ပေါ်နိုင်ပါ့မလား

Myanmar Peace Talk

ဒီတပတ် မျက်မှောက်ရေးရာဆွေးနွေးခန်းမှာ ရှေ့မတိုးနိုင် ဖြစ်နေတယ်လို့ ပြည်သူတွေညည်းတွားနေကြတဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဟာ မကြာခင် ကျင်းပပြုလုပ်မယ့် ပုပ္ပါးထိပ်သီး တွေ့ဆုံပွဲကြောင့် တိုးတက်ပေါက်မြောက်သွား နိုင်တဲ့ အလားအလာ ရှိပါသလား။ Union Peace Dialogue Joint Committee (UPDJC) (ခေါ်) ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု ပူးတွဲကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသုဝေနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။ အဆုံးအဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေ တက်ရောက်ကြမှာဖြစ်တဲ့အတွက် မျှော်လင့်ချက်ထားတယ်လို့ ဦးသုဝေ က စပြောထားပါတယ်။

ဦးသုဝေ ။ ။ ကျနော်တို့ UPDJC မှာ ဆွေးနွေးနေကြတာ တော်တော်လည်း ကြာသွားပြီ။ ဒါပေမဲ့ ကျနော်တို့ကိုယ်တိုင် သိပ်အားမရဘူး။ အဆုံးအဖြတ်လေးတွေမှာ တစ်နေတာ ရှိတယ်။ စကားလုံးတွေကအစ၊ ဘာအစကဆိုပြီးတော့ အဲဒါလေးတွေ ကြန့်ကြာနေလေတော့ ကျနော်တို့မပါဘဲနဲ့ - နိုင်ငံရေးပါတီအဖွဲ့အစည်းတွေ မပါဘဲနဲ့ အလွတ်သဘော ဆွေးနွေးကြတာတွေရှိတယ်။ အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ - သက်ဆိုင်တဲ့လူတွေဆိုတော့။ ဒါပေမဲ့ အဲဒါတွေက အဆုံးအဖြတ်မကျဘူးထင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အစည်းအဝေးတွေလည်း မခေါ်နိုင်သေးဘူး။ အဲဒါကြောင့်မို့ သူတို့က ကျနော်တို့လည်း ခင်များလို ကြားတာနော် ပုပ္ပါးမှာ အစည်းအဝေး လုပ်မယ်ဆိုတာတွေ။ ကျနော်တို့ကို ဖိတ်တာတို့ ဘာတို့လဲ ဘာမှမရှိသေးဘူး။ ဘာပဲပြောပြော သက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေ၊ အဆုံးအဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေ တွေ့ကြတယ်ဆိုရင်တော့ဖြင့် ရှိနေတဲ့ အခြေအနေထက်စာရင်တော့ အလားအလာ ပိုကောင်းတာပေါ့။ နည်းနည်းမျှော်လင့်စရာလေး ရှိလာတာပေါ့။

ဦးကျော်ဇံသာ ။ ။ စောစောက ဆရာပြောသွားတဲ့အထဲမှာ ဒီအစိုးရနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကြားမှာ တွေ့ဆုံဆွေးနွေးမှုတွေ မကြာခဏ လုပ်နေကြတယ်။ အဲဒါ ကောင်းပါတယ်ပြောတော့ အစိုးရထဲမှာ အစိုးရနဲ့ တပ်မတော်ကြားမှာ တွေ့ဆုံဆွေးနွေးမှုအချင်းချင်း ရှိပါသလား။

ဦးသုဝေ ။ ။ ကျနော်တို့ UPDJC ပါသော အစိုးရကိုယ်စားလှယ်တွေ - အထူးသဖြင့် ဒေါက်တာတင်မျိုးဝင်းတို့ ဦးကျော်တင့်ဆွေတို့ သူတို့လဲ ပါကြတာတွေရှိတယ်။ အဲဒီလို ပုဂ္ဂိုလ်တွေ၊ ဒေါ်အောင်ဆန်းစုကြည်ကတော့ မပါဘူး။ မပါတဲ့အတွက်ကြောင့် အဆုံးအဖြတ် မပေးနိုင်ဘူးလို့ တူတယ်။ ဒါကြောင့်မို့ သူတို့ အခု ပုပ္ပါးမှာလုပ်တဲ့ အစည်းအဝေးဆိုတာ ခေါင်းဆောင်ဒေါ်အောင်ဆန်ုးစုကြည်ပါမယ်။ တပ်ချုပ်ကြီးလည်းပါမယ်။ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း တကယ်ခေါင်းဆောင်တွေ၊ ဆုံးဖြတ်ချက်ပေးနိုင်သူတွေ ပါမယ်ဆိုတဲ့ အဲဒီသဘောမျိုး ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီအစိုးရဆိုတဲ့နေရာမှာ ကျနော်ထပ်ပြီး မေးချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ အရပ်သားပိုင်းနဲ့ တပ်မတော်ပိုင်းကြားမှာ ဘယ်လောက်အထိ ညီညွှတ်မှု ရှိပါသလဲ။ သူတို့နှစ်ခုကြားမှာ သဘောမတူညီမှု ရှိတယ်။ အဲဒါကြောင့် တပ်မတော်ရဲ့ တင်းမာမှုကြောင့် အခုအခါမှာ ဒေါ်အောင်ဆန်းစုကြည်တို့ကလည်း အဲဒီဘက်ကို ယိမ်းသွားပြီဆိုပြီး တိုင်းရင်းသားတွေဘက်က ပြောသံကို ကြားမိပါတယ်။

ဦးသုဝေ ။ ။ ကျနော်တို့ ငြိမ်းချမ်းရေးအဖွဲ့အစည်းမှာ တွေ့သလောက်ကတော့ ဒါက သဘောထားကွဲလွဲမှုတွေကတော့ တိတိလင်းလင်း မရှိပါဘူး။ သူတို့တတွေ တယောက်နဲ့တယောက် ဆန့်ကျင်တာတွေလည်း ဒီထဲမှာ မတွေ့ပါဘူး။ ဆိုလိုတာကတော့ သူတို့စိတ်ထဲမှာတော့ ရှိချင်လဲရှိမှာပေါ့။ သို့သော်လဲ ကျနော်တို့ တွေ့ဆုံဆွေးနွေးတဲ့နေရာမှာ အစိုးရအဖွဲ့ဆိုတဲ့ နေရာမှာ တယောက်နဲ့တယောက်၊ တဘက်နဲ့တဘက် ကွဲပြားတဲ့ အယူအဆတွေ သိပ်မတွေ့ရပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ တချို့က နှိုင်းယှဉ်ကြတယ် - ဦးသိန်းစိန်အစိုးရလက်ထက်တုန်းကဆိုရင် သူက အမိန့်ပေးနိုင်တယ်။ ဦးသိန်းစိန်က တပ်မတော်အရာရှိဟောင်းဖြစ်လို့ လွှမ်းမိုးတယ်။ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလောက်အထိ လွှမ်းမိုးမှု မရှိဘူး။ တပ်မတော်ရဲ့ဆန္ဒကို အလျှော့ပေးနေရတယ်လို့ ပြောကြပါတယ်။ အဲဒါကို ဘယ်လိုသုံးသပ်မလဲ။

ဦးသုဝေ ။ ။ ကျနော်တော့ အဲဒီလို မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က အတိုင်ပင်ခံ သြဇာအာဏာရှိတဲ့ ပုဂ္ဂိုလ် ဖြစ်တယ်။ ဒါကြောင့်မို့ ဒီလို အလျှော့ပေးတာတို့၊ ဘာတို့ မဟုတ်ပါဘူး။ သူ့ရဲ့ သဘောထား၊ အယူအဆနဲ့ လုပ်တာပဲ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ UPDJC အစည်းအဝေးလည်း ဒေါ်အောင်ဆန်းစုကြည် မတက်တာလည်း ကြာသွားပြီ။ အဲဒါ သူမတက်တာ ကြာသွားတဲ့အခါကြတော့ အဆုံးအဖြတ်က မကျတာပဲ ဖြစ်မယ်။ ကျနော့်အယူအဆကတော့ သူတို့သဘောထား ကွဲလွဲမှုကြောင့် မဟုတ်ဘူးလို့ထင်တယ်။

ဦးကျော်ဇံသာ ။ ။ ဆရာတို့ UPDJC အစည်းအဝေးမှာ တပ်မတော်ကိုယ်စားလှယ်တွေက ဘယ်လောက် တက်တက်ကြွကြွ ရှိပါသလဲ။

ဦးသုဝေ ။ ။ တပ်မတော်ကိုယ်စားလှယ်တွေကတော့ အမြဲလို တက်ကြတာရှိတယ်။ နောက်ပြီးတော့ အဓိကတော့ သူတို့ပဲ ဆွေးနွေးတာများတယ်။

ဦးကျော်ဇံသာ ။ ။ အပြန်အလှန် ညှိနှိုင်းကြတာတွေ ခက်ရာခက်ဆစ် ရှိပါလား။

ဦးသုဝေ ။ ။ ခက်ရာခက်ဆစ် ဆိုတာကတော့ ကျနော်တို့ UPDJC အစည်းအဝေးမှာလည်း တကယ့်တကယ်ကြတော့ သိပ်ပြီးတော့ ခက်ခဲကြီးတွေတော့ သိပ်တွေ့တာ မဟုတ်ဘူး။ အယူအဆလေးတွေ၊ စကားလုံးလေးတွေ အဲဒါတွေနဲ့ အချိန်ကုန်နေတာတွေ ရှိတယ်။ အဲဒါကြောင့် အဆုံးအဖြတ်ပေးနိုင်တဲ့လူတွေဆိုတာ အဲဒါကြောင့်ပါ။

ဦးကျော်ဇံသာ ။ ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ EAO တွေအကြောင်းလည်း ပြောချင်ပါတယ်။ သူတို့အကြားမှာ ဘယ်လောက်အထိ ညီညွှတ်မှု ရှိပါသလဲ။ တိုင်းရင်းသားတွေအချင်းချင်းကြားမှာ။

ဦးသုဝေ ။ ။ အဲဒါကလဲ ဒီလို ကျနော်တို့ UPDJC အစည်းအဝေးတွေ လုပ်ကြတဲ့အခါမှာ တခါတခါကြတော့ အဆုံးအဖြတ် မပေးနိုင်တဲ့အချက်လေးတွေ ရှိတယ်။ ရှိတဲ့အခါ ဘာလုပ်ကြလဲဆိုတော့ အဆုံးအဖြတ် မပေးဘဲနဲ့ ကျနော်တို့ အစည်းအဝေးကို ခဏရပ်ထားပြီးမှ အချင်းချင်းပြန်ဆွေးနွေးဆိုတာ - အဲဒါက အစိုးရဘက်မှာလည်း ရှိတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားမှာလည်း ရှိတယ်။ အဲဒီသဘောမျိုး ရှိတယ်။ ဆိုလိုတာက ကျနော်တို့ဆီလာပြီးတော့ တက်တဲ့ကိုယ်စားလှယ်တွေက အဆုံးအဖြတ် မပေးနိုင်တဲ့အခါကြတော့ သက်ဆိုင်ရာအစုအဖွဲ့တွေကို မေးရတာတွေ ရှိတယ်။ အစုအဖွဲ့ မေးတဲ့သဘောကတော့ သူတို့အစုအဖွဲ့ထဲမှာလည်း အယူအဆလေးတွေ ကွဲလွဲမှုရှိပုံ ရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာပြောတာ အယူအဆလေးတွေ ကွဲလွဲပုံရတယ်ဆိုတော့ သိပ်ပြင်းပြင်းထန်ထန် သဘောမျိုး မဟုတ်ဘူးပေါ့။ ဒါပေမဲ့ တချို့အချင်းချင်းတွေ တိုက်နေကြတာ ရှိတယ်။ ပြီးတော့ Bertil Lintner တို့လို မြန်မာ့အရေး စောင့်ကြည့်နေသူတွေက ရေးပါတယ် - မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ဆိုသည်မှာ အစိုးရနဲ့ တိုင်းရင်းသားအင်အားစုတွေကြားထဲမှာပဲ မဟုတ်ဘဲ - အဲဒီလိုပြောရင် မှားလိမ့်မယ်။ တိုင်းရင်းသားတွေအချင်းချင်း တိုက်နေကြတာတွေလည်း တော်တော်အရေးကြီးတဲ့ကိစ္စလို ဆိုပါတယ်။ အဲဒါကို ဆရာ ဘယ်လိုပြောလိုပါလဲ။

ဦးသုဝေ ။ ။ အဲဒါကလဲ တိုက်ပွဲတွေက တဦးနဲ့တဦး မတိုက်တာကတော့ အကောင်းဆုံးပေါ့။ အခုကတော့ အချင်းချင်းလည်း တိုက်တာလေးတွေ ရှိတယ်ဆိုတဲ့အခါကြတော့ ကျနော်တော့ သေချာတော့ မသိဘူး။ သို့သော်လဲ ကျနော်တို့ နည်းနည်းလေး မေးကြည့်စမ်းကြည့်တဲ့အခါကြတော့ ဒါဟာ အထက်ပိုင်းကနေပြီး ကွဲလွဲမှုကြောင့် မဟုတ်ဘဲနဲ့ ဒါက အောက်ခြေကလူတွေက သူတို့ရဲ့ သတ်မှတ်ချက်လေးတွေ ကျူးကျော်တာ၊ ဆန့်ကျင်တာလေးတွေ ဖြစ်သွားတဲ့အတွက် ဒီလိုဖြစ်ရတာ။ သိပ်ပြီးတော့ ကြီးကျယ်တာ မဟုတ်ဘူးလို့တော့ ကျနော်တို့ကို ပြောကြတယ်။

ဦးကျော်ဇံသာ ။ ။ အခုနောက်ပိုင်းမှာ ကျနော် ကြားလာရတာက မြောက်ပိုင်းက ဝတို့ ဦးဆောင်ပြီးတော့ ဖွဲ့ထားတဲ့ အဖွဲ့တွေ - အဲဒီအဖွဲ့တွေဟာ အရင်တုန်းက တိုင်းရင်းသားတွေက ဖယ်ဒရယ်တောင်းတယ်ဆိုတာကနေ သူတို့က ဖယ်ဒရယ်တောင် မကတော့ဘူး၊ ကွန်ဖယ်ဒရယ်ရှင်းဆိုပြီးတော့ ပိုပြီးလျော့ရဲတဲ့ ပြည်ထောင်စုပုံသဏ္ဍာန် လိုချင်တယ်ဆိုပြီးတော့ ပြောတာကို ကြားလာရပါတယ်။ အဲဒါကို ဘယ်လိုသုံးသပ်လိုပါလဲ။

ဦးသုဝေ ။ ။ သူတို့ လိုချင်တာတွေ ပြောတာကတော့ ပြောချင်တိုင်း ပြောကြမှာပေါ့။ အရင်တုန်းကလည်း ငြိမ်းချမ်းရေး စတဲ့အခါတုန်းကလဲ ဒီလိုပဲ။ ၄၇ ခုနှစ်တုန်းကလဲ ရှမ်းပြည်ကတောင်းတာ ဖယ်ဒရယ်တော့ လုပ်ကြမယ်။ ဒါပေမဲ့ ဘယ်လိုအမျိုးအစားလဲဆိုတာတော့ တေ့တေ့ဆိုင်ဆိုင် မဆုံးဖြတ်ခင်မှာတော့ ဒီလိုပဲ ပြောကြတာတွေ ရှိမှာပေါ့။

ဦးကျော်ဇံသာ ။ ။ အခု ဝ ဦးဆောင်တဲ့အဖွဲ့တွေက အဲဒီလို ပြောလာတော့ သူတို့ရဲ့နောက်ကွယ်မှာ တရုတ် ရှိနေတယ်လို့ လူတိုင်းက သုံးသပ်ကြပါတယ်။ တရုတ်ရဲ့ သြဇာက မြန်မာနိုင်ငံ ပြည်တွင်းစစ် ရပ်စဲရေးအတွက် ဘယ်လောက် အရေးပါသွားသလဲ။ တရုတ်က တကယ် စေတနာ ရှိရဲ့လား။ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ကို ရပ်စဲစေချင်တဲ့ သဘောထား ရှိတယ် ထင်ပါသလား။

ဦးသုဝေ ။ ။ ကျနော် တွေ့ရသလောက်တော့ တရုတ်က သူတို့နဲ့ နယ်စပ်မှာ ရှိနေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ညီညီညွှတ်ညွှတ်နဲ့ အများကြီး တွေ့ဆုံမှုတွေ ရှိတယ်ပေါ့။ ဆိုလိုတာကတော့ တရုတ်သြဇာလဲ ရှိတယ်လို့ ယူဆတယ်။ ဘာဖြစ်လဲဆိုတော့ လက်တွေ့မှာ ငြိမ်းချမ်းရေးညီလာခံတောင် တရုတ်က ခေါ်လာလို့ လာပြီးတော့ တက်ကြသေးတာပဲ။ ဆိုတော့က ကျနော်တို့က တွက်ကြည့်ရတာတော့ နိုင်ငံကြီးတွေဆိုတာကတော့ ဒီလိုပဲ မဟာဗျူဟာအရ သူတို့ အသုံးချတာတွေ ရှိကောင်းရှိမှာပေါ့။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ မြန်မာနိုင်ငံမှာ တရုတ်နယ်စပ်က လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပြည်ထောင်စုဗဟိုအစိုးရနဲ့ တကယ်သင့်မြတ်ပြီးတော့ လုံးဝငြိမ်းချမ်းရေး ဖြစ်သွားတဲ့အထိ တရုတ်က မလိုချင်ဘူး။ ဒါကို ဆွဲထားချင်တဲ့ဆိုတဲ့ သုံးသပ်ချက်က ဖြစ်နိုင်သလား။

ဦးသုဝေ ။ ။ ကျနော်ကတော့ UPDJC အစည်းအဝေးမှာလဲ ခဏခဏ ပြောတယ်။ ငြိမ်းချမ်းရေးက တကယ့်တကယ် ပြောရရင် ဒီလောက်ခက်ခဲစရာ အကြောင်း မရှိဘူး။ အကြောင်းမရှိဘဲနဲ့ ဒီလို ငြိမ်းချမ်းရေးမှာ သက်ဆိုင်သော လူတချို့ - အဲ့ဒီတချို့တွေက ငြိမ်းချမ်းရေးကို အချိန်ဆွဲနိုင်သလောက် ဆွှဲချင်တဲ့လူတွေလည်း ရှိနေတယ်။ အဲဒါကြောင့် ငြိမ်းချမ်းရေးကို နောက်ကျအောင် လုပ်နေတာတွေ ရှိတယ်။ အဲဒါတွေကို မလုပ်ပါနဲ့ တချို့လူတွေကလဲ သူတို့ စိုးရိမ်တာလဲ ရှိကောင်းရှိမယ်။ ငြိမ်းချမ်းရေးက ဒီလောက် အချိန်ကြီးက သိပ်ကြာသွားပြီ။ နှစ်ပေါင်း (၇၀) ဒီထဲမှာ ဖြစ်လာတဲ့အခါကြတော့ တချို့လုပ်မှားကိုင်မှားတွေလဲ ရှိတာတွေ ရှိကောင်းရှိမှာပေါ့။ ရှိလို့ရှိရင်တော့ ငြိမ်းချမ်းရေး ရသွားတဲ့အခါ ဒီဟာတွေ၊ အရေးယူ ခံရမှာ စိုးရိမ်တာတွေလဲ ရှိကောင်းရှိမယ်။ ကိုယ်ပိုင်စီးပွားရေး ထူးထောင်ထားတာတွေလဲ ပျက်စီးကောင်း ပျက်စီးမှာ ရှိတယ်ဆိုတော့ ဒါလေးတွေကို စိုးရိမ်ပြီးတော့ ငြိမ်းချမ်းရေး မရသေးရင် ပိုကောင်းတယ်ဆိုတဲ့ အယူအဆများ ရှိသလားဆိုတော့ - အဲဒါတွေ မရှိပါနဲ့ အဲဒီလို တိုက်တွန်းတာတွေ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခု မေးချင်တာက ဒုတိယနောက်ဆုံး မေးခွန်းပါ။ နိုင်ငံရေးမှာ Issue နဲ့ Personality ကိုယ်ရေးကိုယ်တာ သင့်မြတ်တယ်၊ မသင့်ဘူးဆိုတာ ရှိတယ်။ နိုင်ငံရေးအားဖြင့် အဓိကကျတဲ့ ပြဿနာတွေ ရှိတယ်။ အခု မြန်မာနိုင်ငံ တွေ့ဆုံဆွေးနွေးရေးကို တချို့က ပြောကြတယ်။ လူချင်း ရင်းနှီးအောင် မကြာခဏ တွေ့ဆုံတာ မရှိလို့ ခက်တယ်ဆိုတော့ အဲဒီ Personality က ဘယ်လောက် အရေးကြီးနေသလဲ။

ဦးသုဝေ ။ ။ ဒါကတော့ ငြိမ်းချမ်းရေးတင်မကဘူး၊ သာမန်အခြေအနေမှာလဲ လူချင်းရင်းနှီးရင်တော့ ပိုကောင်းတာပေါ့။ လူချင်းရင်းနှီးနေရင် တယောက်နဲ့တယောက် ခေါင်းခေါက်လို့လဲ ရတယ်။ မရင်းနှီးဘူးဆိုရင် မျက်စောင်းထိုးတာကို မခံချင်ကြဘူး။ အဲဒီတော့ ရင်းနှီးတာ ကောင်းတာပေါ့။ များများတွေ့ဆုံရင်လဲ ကောင်းတာပေါ့။ ဒါကတော့ နှစ်ခုစလုံးပါတယ်။ လူချင်းရင်းနှီးမှုလည်းပါတယ်။ တကယ့် Issue အမှန်ဖြစ်ဖို့လဲ လိုအပ်တာပေါ့။ ငြိမ်းချမ်းရေး လိုချင်တဲ့ စိတ်ဆန္ဒလည်း လိုတယ်။ ရှိဖို့ကတော့ မြန်မြန်အောင်မြင်ချင်ရင် လူချင်းရင်းနှီးတော့ ပိုလွယ်တာပေါ့။ မဟုတ်ဘူးလား။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ပုပ္ပါးထိပ်သီး တွေ့ဆုံတဲ့အခါ အဆုံးအဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေ အလွတ်သဘော Retreat လုပ်ကြတဲ့သဘော ပိုပြီး ရင်းနှီးဖို့ အလားအလာ ရှိတယ်လို့ ယူဆပါတယ်။ ဆရာ ဘယ်လောက် အကောင်းမြင် မျှော်လင့်ပါလဲ။

ဦးသုဝေ ။ ။ ထိပ်သီးတွေ့တယ်ဆိုတာနဲ့ ကောင်းတာပေါ့။ သူတို့ဆိုတာ သူတို့က ဆုံးဖြတ်ပေးနိင်မယ်လူ။ နောက်ပြီးတော့ ခင်များပြောတဲ့အတိုင်း ဒါက Informal ဆိုတော့ ပြောချင်သလို ပြောလို့ရတယ်။ ပွင့်ပွင့်လင်းလင်း ပြောလို့ရတယ်ဆိုတော့ ပိုပြီးတော့ ကောင်းတာပေါ့။ ဘာပဲပြောပြော ကျနော်ကတော့ ဒီလိုတွေ့ဆုံမှုဖြစ်တာကိုတော့ သဘောကျပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ လက်စုပ်လက်ကိုင် အဖြေတခု ထွက်မယ်လို့ မျှော်လင့်ပါလား။

ဦးသုဝေ ။ ။ မျှော်လင့်တာပေါ့။ ပေါ်လာမယ် မပေါ်လာဘူးဆိုတာတော့ မပြောတတ်ဘူး၊ မျှော်လင့်တာပေါ့။