မြန်မာအစိုးရနဲ့တပ်အကြား ကွဲလွဲချက်ပိုကြီးလာပြီလား

Aung San Suu Kyi and Min Aung Hlaing ( ကာလုံအစည်းအဝေး)

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ နိုင်ငံအတွင်းက တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးပါတီတွေ ပါဝင်ပြီး အလွှာပေါင်းစုံ ညှို့နှိုင်း ရေးဆွဲခဲ့တဲ့၊ ဘယ်သူ့ဖိအားနဲ့ ခြိမ်းခြောက်မှုမှ မပါဝင်ဘဲ နိုင်ငံအကျိုးစီးပွားအတွက် ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ ဖြစ်တဲ့အကြောင်း မြန်မာစစ်တပ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး လိုအပ်တဲ့အကြောင်း ပြည်တွင်းမှာ ပြောဆိုမှုတွေ ရှိနေသလို၊ နိုင်ငံရေးမှာ တပ်မတော်ရဲ့ ပါဝင်မှုကို အဆုံးသတ်ဖို့ နိုင်ငံတကာမှာ တောင်းဆိုမှုတွေရှိနေတဲ့အချိန် အခုလို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တုံ့ပြန်ပြောဆိုချက် ထွက်လာတာပါ။ မြန်မာ့နိုင်ငံရေးသုံးသပ်သူတွေကတော့ လာမယ့်နှစ်ပိုင်းအတွင်း မြန်မာ့နိုင်ငံရေးဟာ တင်းမာမှုတွေ ပိုပြီးများလာနိုင်တယ်လို့ သုံးသပ်ပါတယ်။ ကိုသိန်းထိုက်ဦး စုစည်းတင်ပြထားပါတယ်။

လားရှိုးတပ်နယ် အရာရှိ၊ စစ်သည်၊ မိသားစုတွေကို ဒီကနေ့ မနက်ပိုင်း တွေ့ဆုံတဲ့ အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံရဲ့ အကျိုးစီးပွား တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးတာဟာ တရားသောစစ်ကို ဆင်နွှဲတာလို့ ပြောဆိုရင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ပတ်သက်လို့ သူ့ရဲ့ ရပ်တည်ချက်ကို ထည့်သွင်းပြောဆိုသွားတဲ့အကြောင်း မြဝတီသတင်းစာမှာရေးပါတယ်။ ဒီအခြေခံ ဥပဒေဟာ နိုင်ငံသားတစ်ဦးချင်းစီရဲ့ အခွင့်အရေး၊ တိုင်းရင်းသားအားလုံးရဲ့ မူလရပိုင်ခွင့်တွေအပေါ် ခွဲခြားမှုမရှိ တန်းတူ အာမခံချက်ပေးထားတယ်လို့လည်း သူက ဆိုပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို တဆင့်ပြီးတဆင့် ပြင်ဆင်နိုင်မှပဲ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အာမခံနိုင်မယ်လို့ မြန်မာအစိုးရဘက်က ပြောဆိုချိန်မှာ မြန်မာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ သဘောထား ထွက်ပေါ်လာတာပါ။ သတင်းစာဆရာတဦးဖြစ်တဲ့ ဦးသီဟစောကတော့ လက်ရှိ နိုင်ငံရေးအခြေအနေအပေါ် အခုလို သုံးသပ်ပါတယ်။

“တပ်ကရပ်တည်ချက်တို့ NLD ကရပ်တည်ချက်တို့ နှစ်ဘက်လုံးက ပြောင်းတဲ့ပုံစံမပေါ်ပါဘူး။ အရင်တုန်းကလည်း မပြောင်းဘူး။ အခုလည်းမပြောင်းဘူး။ နည်းနည်းလေး အဲဒါကိုပေါ်ပေါ်ထင်ထင် ပြောလာကြတာပဲရှိတယ်လို့ ယူဆတယ်။ တကယ်တန်းပြောရင် ဖြစ်လာနိုင်တဲ့ အပြောင်းအလဲကတော့ မြန်မာပြည်ဟာ ၂၀၂၀ ရွေးကောက်ပွဲ အတွက် ပြင်ကြဆင်ကြပြီးတော့ တပ်ကလည်း ငါတို့တော့ ဒီစည်းကနေပြီးတော့ ဆက်ပြီးတော့နောက်မဆုတ်နိုင်တော့ဘူးဆိုပြီးတော့ ဗြောင်ပြောတာပေါ့နော်။ အဲဒီသဘောမျိုး NLD ကလည်းသူ့ဟာသူတိုးစရာရှိတာတိုးမှာပဲဆိုတော့ ၂၀ မတိုင်ခင် ဒီကြားထဲက ၂ နှစ်လောက်ကာလကတော့ တော်တော်လေးနိုင်ငံရေး ရှှုပ်ထွေးမှှုတွေ ဖြစ်မယ်လို့ မြင်တယ်။”

ပြည်တွင်းအခြေစိုက် သတင်းသုံးသပ်သူ တဦးဖြစ်တဲ့ ကိုသီဟသွေးကတော့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး သဘောကွဲလွဲချက်တွေက တိုင်းပြည်အတွက်လည်း မကောင်းတဲ့ အလားအလာတွေ မြင်နေရတယ်လို့ ဆိုပါတယ်။

“၉၀ ရွေးကောက်ပွဲ နဲ့ဒီ ၂၀၀၈ အခြေခံ ဥပဒေနဲ့ အားပြိုင်နေတဲ့အချိန်မှာ ၂၀၀၈ အခြေခံဥပဒေက ဒီအတိုက်အခံနဲ့ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းကို စလို့ရတဲ့ ဆုံလို့ရတဲ့ဆုံမှတ်တစ်ခုလိုမျိုး ခင်းကျင်းပြီးတော့ တကယ်တမ်းကျတော့ ဦးသိန်းစိန်က သူသမ္မတဖြစ်လာတဲ့ အချိန်မှာ ဒီအခြေခံဥပဒေကို ပြင်ချင်တဲ့သူလည်း ဝင်ပြီးပြင်လို့ရပါတယ်ဆိုတဲ့စကား တစ်ခွန်းနဲ့ ဒီဇာတ်လမ်းက စခဲ့တာပေါ့နော်။ ပြောမယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေကလည်း ဒီအပြောင်းအလဲမှာ အရေးပါသလို ဦးသိန်းစိန်တို့ ဖွင့်ပေးခဲ့တဲ့ ဒီပြင်ချင်ရင်ပြင်လို့ရတယ်ဆိုတဲ့ စကားကလည်း နိုင်ငံရေး ကတိကဝတ်ဆန်ဆန်နဲ့ပေါ့နော်၊ ကျွန်တော်တို့ ဒီအတိုက်အခံတွေ ပါဝင်လို့ရအောင် ဒီဖိတ်ခေါ်မှှုကလည်း အရေးပါတယ်။ အဲဒီ နှစ်ခုက ကျွန်တော်တို့ ခေါင်းနဲ့ပန်းလိုပဲဗျ။ ခွဲလို့မရဘူး။ ကျွန်တော်တို့က အစကိုပြန်ရောက်သွားတာပေါ့နော်။ အကယ်၍များ ဒီလိုမျိုးဆက်ပြီးဖြစ်နေမယ်ဆိုရင်တော့ ဒီ ဦးသိန်းစိန် ရှေ့ဘက်ကတင်းမာမှှုမျိုးကို ကျွန်တော်တို့ပြန်ရောက်သွားလိမ့်မယ်။ နဂိုကတည်းက တိုင်းပြည်က ပြည်ပ pressure တွေလည်းရှိတယ်။ ပြည်တွင်းမှာလည်း အထွေတွေ မပြေလည်မှှုတွေ အကြပ်တည်းတွေ ရှိနေတဲ့အချိန်မှုာ ဒီလိုနိုင်ငံရေးနောက်ထပ် အကြပ်အတည်း ဖြစ်လာဖို့ ၂၀၂၀ အလွန်မှာ ပိုကောင်းတဲ့ဟာ မဟုတ်ပဲ ပိုကြပ်တည်းတဲ့ဟာကို လှမ်းမြင်ရတဲ့အတွက် အသက်ရှှုကြပ်စေတယ်။ တိုင်းပြည်အတွက်လည်း မကောင်းတဲ့ အလားအလာတွေ မြင်နေရပါတယ်။”

သတင်းစာပညာလေ့လာ ဖြန့်ဖြူးသူတဦးဖြစ်ပြီး မြန်မာ ဂျာနယ်လစ်ကွန်ယက် MJN အတွင်းရေးမှူး ၂ ကိုဇော်ထိုက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိစ္စ စစ်တပ်နဲ့ အစိုးရအကြားမှာ ပြေလည်နိုင်မယ့်အခြေအနေ မမြင်သေးဘူးလို့ ဆိုပါတယ်။

“တစ်ယောက်နဲ့ တစ်ယောက်က ပိုပြီးတော့ ရင်ကြားစေ့ရေးကို သွားနေတယ်ဆိုပေမဲ့ တစ်ဘက်နဲ့ တစ်ဘက်က ဘယ်အချက်ကို သူတို့ မဆုတ်ပေးနိုင်ဘူး။ ဘယ်အချက်ကိုတော့ ပူးပေါင်းပြီးဆောင်ရွက်မယ် စသဖြင့် ထင်ထင်ရှားရှား ရှင်းရှင်းလင်းလင်းနဲ့ ဘာမှပြောတာ လည်းမတွေ့ရဘူး။ ဘယ်အချိန်မှာ ဘယ်လိုပေါ့လေ တိတိကျကျ လုပ်နေတယ်ဆိုတာမျိုးလည်း အာဏာရပါတီဘက်က လုပ်တာလည်း မတွေ့ရသလို စစ်တပ်ဘက်ကလည်း သေသေချာချာ ရှင်းရှင်းလင်းလင်းမတွေ့ရတဲ့အခါ ဒီလိုမျိုးပဲလာမယ့် ၂ နှစ် ၃ နှစ်မှာလည်း အနည်းဆုံး ၂၀၂၀ လောက်အထိ ဒီလို လိပ်ခဲတည်းလည်းနဲ့ပဲ ဘာအဖြေမှထွက်မယ်လို့တော့ မတွေ့မိဘူး ခင်ဗျ။”

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးဟာ NLD ပါတီရဲ့ ရည်မှန်းချက်တွထဲက တခုဖြစ်တဲအ့ကြောင်း သြဂုတ်လအတွင်း စကာၤပူမှာပြောကြားခဲ့တဲ့ မူဝါဒရေးရာ မိန့်ခွန်းမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။

ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို တစ်ဆင့်ပြီးတစ်ဆင့် ပြင်ဆင်သွားမှသာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအာမခံနိုင်မှာ ဖြစ်တဲ့အကြောင်း စက်တင်ဘာ ၁၉ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာပြောကြားတဲ့ နိုင်ငံတော် အခြေအနေအရပ်ရပ် ရှင်းလင်းတဲ့ မိန့်ခွန်းမှာ နိုင်ငံတော် အတိုင်ပင်ခံရုံး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောဆိုခဲ့ပါတယ်။

တချိန်တည်းမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံ အုပ်ချုပ်ရေးမှာ စစ်တပ် ထပ် မပါသင့်တော့ဘူးလို့ စာမျက်နှာ ၄၀၀ ကျော်ပါ ကုလသမဂ္ဂရဲ့ အစီရင်ခံစာကလည်း ဖော်ပြခဲ့ပါတယ်။ ဒီလို ပြောဆိုချက်တွေ ထွက်လာအပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ပတ်သက်တဲ့သဘောထား တုံ့ပြန်ချက်ပေါ်ထွက်လာတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

မြန်မာအစိုးရနဲ့တပ်အကြား ကွဲလွဲချက်ပိုကြီးလာပြီလား