အမေရိကန်မှာ လွှတ်တော်ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိနေချိန်မှာပဲ ရုရှားနဲ့ အီရန်နိုင်ငံတို့နဲ့ ဆက်နွယ်နေတဲ့ ရာချီတဲ့ အကောင့်တွေ၊ စာမျက်နှာတွေကို ပိတ်လိုက်ကြောင်း အင်တာနက် လူမှုကွန်ယက် လုပ်ငန်းကြီးတွေ ဖြစ်ကြတဲ့ Facebook နဲ့ Twitter တို့က ပြောလိုက်ပါတယ်။
အမေရိကန်နဲ့ ဗြိတိန်အပါအဝင် ကမ္ဘာတဝန်းက နိုင်ငံတော်တော်များများမှာ မမှန်သတင်းတွေ ဖြန့်ချီတဲ့ လှုပ်ရှားမှုတွေနဲ့ ဆက်နွယ်နေတဲ့ အီရန်နိုင်ငံက Facebook စာမျက်နှာ ၂၅၄ မျက်နှာနဲ့ Instagram အကောင့် ၁၁၆ ခုကို ပိတ်လိုက်ကြောင်း Facebook ကပြောဆိုခဲ့တာပါ။
ဆော်ဒီနဲ့ အစ္စရေးလ်နိုင်ငံတွေကို ဆန့်ကျင်ပြီး ပါလက်စတိုင်းတွေကို လိုလားတဲ့ သဘောထားတွေ ပါဝင်တဲ့ ဝါဒဖြန့်ချက်တွေကို ဖြန့်ဝေနေကြောင်း ဆိုက်ဘာလုံခြုံရေးကုမ္ပဏီတခုဖြစ်တဲ့ FireEye ရဲ့ သတင်းပေးချက်အရ လူမှုကွန်ယက် လုပ်ငန်းတွေက တုံ့ပြန်ဆောင်ရွက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ရုရှားနိုင်ငံကနေ မမှန်သတင်းတွေ ဖြန့်ချီနေတဲ့ စာမျက်နှာ တော်တော်များများကို Facebook က ပိတ်လိုက်ပြီး သီတင်းပတ်အနည်းငယ် အကြာမှာပဲ အီရန်က အကောင့်တွေကို ထပ်ပိတ်လိုက်တာပါ။
နောက်ထပ် ထပ်မံတွေ့ရှိတဲ့ စာမျက်နှာတွေကို ပိတ်လိုက်ကြောင်းလည်း Facebook က မနေ့တုန်းကပဲ ကြေညာထားပါတယ်။ ဒါပေမဲ့လည်း ရုရှားမှာ တွေ့ရတာတွေနဲ့ အီရန်မှာ တွေ့ရတာတွေကြား ဆက်နွယ်မှုရှိပုံမရကြောင်းလည်း Facebook ကပြောဆိုခဲ့တာပါ။ Twitter လူမှုကွန်ယက်ကလည်း အီရန်နိုင်ငံကလာတယ်လို့ ယူဆရပြီး၊ မသမာတဲ့ရည်ရွယ်ချက်နဲ့ ပူးပေါင်းကြံစည်နေတဲ့ အကောင့် ၂၈၄ ခုကို ပိတ်လိုက်ကြောင်း မနေ့တုန်းကပဲ ကြေညာခဲ့ပါတယ်။ အမေရိကန် ကွန်ဆာဗေးတစ်ဝါဒီ အဖွဲ့အစည်းတွေနဲ့ အထက်လွှတ်တော်ကို အင်တာနက်ကတဆင့် ဖောက်ထွင်းဝင်ရောက်ဖို့ ကြိုးပမ်းတဲ့ ဝဘ်ဆိုဒ်တွေကို ထိန်းချုပ်နိုင်ခဲ့ကြောင်း Microsoft ကုမ္ပဏီက ကြေညာခဲ့ပြီး နောက်မှာပဲ လူမှုကွန်ယက်တွေရဲ့ ကြေညာချက်တွေ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
Your browser doesn’t support HTML5