လူ့အခွင့်အရေးကောင်စီ အမေရိကန်နှုတ်ထွက်မှု တရုတ်အတွက် အကျိုးရှိနိုင်

  • ဗွီအိုအေမြန်မာပိုင်း

ကုလသမဂ္ဂ လူ့အခွင့်ရေး ကောင်စီကနေ အမေရိကန် နှုတ်ထွက်မယ်လို့ အင်္ဂါနေ့မှာ Trump အစိုးရအဖွဲ့က ကြေညာလိုက်တဲ့ အတွက် ကောင်စီမှာ လစ်လပ်သွားမယ့် အမေရိကန်ရဲ့ သြဇာလွှမ်းမိုးမှုကို တရုတ်က နေရာဝင်ယူဖို့ ကြိုးစားလာနိုင်တာမို့ လူ့အခွင့်ရေးကောင်စီရဲ့ အရေးပါတဲ့ လုပ်ငန်းတွေ ထိခိုက်နိုင်ဖွယ်ရှိနေပါတယ်။

အစ္စရေးကို ဝေဖန်တာနဲ့ လူ့အခွင့်ရေး ချိုးဖေါက်တဲ့ နိုင်ငံတချို့ အဖွဲ့ဝင် ဖြစ်နေတယ်လို့ အမေရိကန်က ဝေဖန်နေပေမယ့် အဖွဲ့ဝင် ၄၇ နိုင်ငံပါဝင်တဲ့ ဒီကောင်စီဟာ ကမ္ဘာတလွှား လူ့အခွင့်ရေး တိုးမြှင့်မှုနဲ့ အကာကွယ်ပေးရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အထူးသဖြင့် ဆီးရီးယား၊ မြောက်ကိုရီးယား၊ အီရန်၊ သီရိလင်္ကာနဲ့ မြန်မာနိုင်ငံတို့မှာ ဖြစ်နေတဲ့ စစ်ရာဇဝတ်မှုတွေ၊ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေနဲ့ ပတ်သက်ပြီး ကောင်းမွန် ခိုင်မာတဲ့ အစီရင်ခံစာတွေ ထုတ်ပြန်နိုင်ခဲ့တယ်လို့ အနောက်တိုင်း သံတမန်တဦးက ဆိုပါတယ်။

မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ မူစလင်တွေ အခြေအနေနဲ့ ဆီးရီးယား နိုင်ငံ Ghouta အရှေ့ပိုင်းကို အစိုးရတပ်တွေ ဝိုင်းထားတဲ့ အခြေအနေတွေကို ဆန်းစစ်ဖို့ ဒီကောင်စီဟာ အထူးအစည်းအဝေး ကျင်းပခဲ့တာပါ။

ဒီကောင်စီဟာ ခြောက်ပစ်ကင်း တော့ မဟုတ်ပေမယ့် ထိရောက်မှု ရှိတယ်လို့လည်း အဲဒီသံတမန်ကဆိုပါတယ်။

ဒီလူ့အခွင့်ရေးကောင်စီထဲမှာ လူ့အခွင့်ရေး ဆိုးဆိုးဝါးဝါး ချိုးဖေါက်တဲ့ နိုင်ငံတွေ ပါနေတယ်လို့ု့ အမေရိကန်ရဲ့ ပြောဆိုချက်ကလည်း မှန်နေပြီး ကမ္ဘာပေါ်က လူ့အခွင့်ရေးအချိုးဖေါက်ဆုံး နိုင်ငံတွေထဲမှာပါတဲ့ တရုတ်၊ ဗင်နီဇွဲလား၊ ဆော်ဒီအာရေဗျနဲ့ အီဂျစ်တို့လိုနိုင်ငံတွေ ကောင်စီထဲမှာ အဖွဲ့ဝင်အဖြစ် ပါဝင်နေတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

လူ့အခွင့်အရေးကောင်စီ အမေရိကန်နှုတ်ထွက်မှု တရုတ်အတွက် အကျိုးရှိနိုင်