မြန်မာနိုင်ငံကို လာရောက်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ သံတမန်အဖွဲ့နဲ့ ပြောဆိုဆွေးနွေးမှုတွေမှာ ဒုက္ခသည်တွေ ပြန်လက်ခံရေးနဲ့ ပတ်သက်ပြီး မြန်မာအစိုးရရဲ့ လုပ်ငန်းစဉ်အပေါ် ယုံကြည်မှု နည်းပါးစွာနဲ့ အပြစ်မြင်တဲ့သဘောမျိုး ဆွေးနွေးဆက်ဆံတာကို သတိပြုမိကြောင်း သံတမန်တွေနဲ့ ဆွေးနွေးပွဲကို တက်ရောက်သူတချို့ကပြောပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း Surakiart Sathirathai ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အရေး နိုင်ငံတကာ အကြံပေးအဖွဲ့ဝင်တဦးဖြစ်တဲ့ ဒေါက်တာ ဒေါ်ခင်ညိုကို လုံခြုံရေးကောင်စီ သံတမန်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာနဲ့ ပတ်သက်ပြီး ကျေနပ်မှုရှိမရှိ ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းတဲ့အခါ ဒေါက်တာ ဒေါ်ခင်ညို အခုလို စပြောပါတယ်။
ဒေါက်တာ ဒေါ်ခင်ညို။ ။ သိပ်ပြီးတော့မှ အရမ်းကြီးတော့မဟုတ်ဘူး။ အများကြီးတော့ ကျေနပ်ဖွယ်တော့မဟုတ်ဘူး။ ကျမတို့ပြောတာတွေကို စိတ်ရှည်လက်ရှည်နားမထောင်ချင်ဘူး။ သူတို့မှာ Input ရှိပြီးသား ပုံပေါက်တယ်။ ကျမတို့ပြောတာတွေကို လက်မခံချင်တဲ့ ပုံတွေရှိတယ်။ သူတို့က ဘင်္ဂလားဒေ့ရှ်ကို အရင်သွားခဲ့တာကို cox's bazar ကိုအရင်ဝင်ခဲ့တယ်။ cox's bazar ကိုဝင်ခဲ့တော့ အဲဒီက ဒုက္ခသည်တွေ ပြောတာတွေ ငိုတာတွေကို သူတို့ ဘယ်လိုယူဆသလဲဆိုတော့ ကျမတို့ကြောင့် ဒီလူတွေ ဒုက္ခရောက်နေတာ တပြုံကြီးပဲ ။ ကျမတို့က အဓိက တရားခံတွေပေါ့နော်။ အဲဒီပုံစံမျိုး သူတို့ မြင်တဲ့ပုံပေါက်တယ်။ ဆိုတော့ သူတို့ပြောတာတွေပဲ အမှန်တွေခံစားနေရတာတွေ ကျမတို့က ဒါတွေကို အပြစ်ပေါ့အောင် လုပ်နေတဲ့ ပုံစံမျိုးလို့ သူတို့ ယူဆတဲ့ ပုံပေါက်တယ်။ နားမထောင်ချင်ဘူးပေါ့နော်။
ကိုဉာဏ်ဝင်းအောင်။ ။ ဆရာမယူဆသလို သူတို့ ဖွင့်ပြောတာမျိုးရှိပါသလား။
ဒေါက်တာ ဒေါ်ခင်ညို။ ။ ဖွင့်ပြောတာမဟုတ်ပေမယ့် မေးခွန်းတွေမေးတယ်ပေါ့နော် ။ မေးခွန်းတွေမေးကြတော့ ကျမတို့ ဖိတ်ထားတဲ့ ဧည့်သည်တွေကိုလည်း နည်းနည်းမကျေလည်တဲ့ပုံပေါက်တယ်ပေါ့နော်။ နောက်တခုက ဦးကျော်တင့်ဆွေပြောတယ်၊ UEHRD က ပြောတယ် လူကယ်ပြန်ဝန်ကြီး ဆရာဝင်းမြတ်အေး ပြောတဲ့အချိန်မှာ သူတို့က ဆုံးအောင်နားမထောင်တော့ဘူး။ ရပ်ပြီးတော့ မတ်တပ်ထပြီးပြန်တော့မယ့်ပုံစံပြောတယ်။ ကျမတို့က လုပ်ငန်းတွေကို ရှင်းပြတာပေါ့နော် ဘယ်လိုပြင်ဆင်ထားပါတယ်၊ သူတို့ကို Form တွေဘယ်လိုပို့ပါတယ်။ form တွေမှာ သူတို့ ပြန်ပို့တာတွေက လုပ်ငန်းအဆင့်တွေကိုရှင်းပြနေတာပေါ့နော်။ ထပ်တာကတော့ အကြောင်းအရာ ထပ်ချင်ရင်ထပ်မယ် ။ ဒါပေမယ့် ဒါတွေကို သူတို့နားမထောင်ချင်တော့တဲ့ပုံစံမျိုးပဲ မတ်တပ်ထပြီးတော့ မလိုအပ်ဘူးဆိုတဲ့ ပုံစံမျိုး ။ ကျမတို့ ပြောတာတွေကို သိပ်နားမထောင်ချင်တဲ့ ပုံစံမျိုးပဲ။
ကိုဉာဏ်ဝင်းအောင်။ ။ ကျနော်တို့သတင်းစာရှင်းလင်းပွဲတွေကတဆင့် သိရတာပေါ့လေ သူတို့ဘက်က ထောက်ပြတာကတော့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စမှာ နိုင်ငံတကာ စံချိန်စံညွန်းတွေအတိုင်း လုပ်ဖို့ nvc ကဒ်တွေထုတ်ပေးနေတဲ့ လုပ်ငန်းစဉ်တွေမှာလည်း ဒုက္ခသည်တွေအနေနဲ့ လက်မခံနိုင်စရာအချက်အချို့ရှိနေ တယ်ပေါ့နော်။ ဒီလိုအကန့်အသတ်တွေကို ဖြေရှင်းပေးဖို့ဆိုပြီးတော့ ထောက်ပြပြောသွားတာတွေလည်း ကျနေ်ာတို့ ကြားရပါတယ်။ ဆိုတော့ ဒီအပေါ်မှာ ဘယ်လိုမျိုး ပြန်ပြီးတော့ မြန်မာအစိုးရဘက်ကနေ တုံ့ပြန်ဆွေးနွေးကြပါသလဲ။
ဒေါက်တာ ဒေါ်ခင်ညို။ ။ သူတို့ဘက်က အဲလိုမျိုး ဒီ process ကြီးက မလိုအပ်ပဲနဲ့ ကြာတယ်ပေါ့နော်။ မပြီးနိုင်တဲ့ အချိန်ကြာမယ့်ကိစ္စကြီးပေါ့ ဒီလောက်ကြီးစိစစ်ဖို့ မလိုဘူးပေါ့ အဲဒီပုံစံမျိုး။ ဒီဘက်ကလည်း တကယ်နေသွားတဲ့လူကိုပဲ လက်ခံချင်တာမို့ စိစစ်ရမယ်ဆိုတဲ့အကြောင်းပြောတာကို ဒါကို လုပ်ငန်းစဉ်ကြာတယ် နှေးတယ်ဆိုပြီးတော့ ယူဆနေကြတယ် သူတို့ဘက်ကအဲလိုထင်တာပေါ့နော်။ ဒီမှာနေဖူးတယ် အထောက်အထား ပြနိုင်ရင်ပေါ့နော် ကဒ်တခုပြနိုင်တယ် တယောက်ယောက်က ထောက်ခံတယ်ဆိုရင် ခေါ်ဖို့သင့်ပြီပေါ့နော်။ မြန်မြန်နဲ့ များများ ပြန်ခေါ်စေချင်တဲ့ပုံမျိုးပြောတာ ။ ဒီဘက်ကလည်း ကျမတို့မှာ terrorist တွေရှိနေတဲ့အခါကျတော့ ဒါကိုလည်း သတိထားရမယ်။ တရားဝင်လက်ခံလိုက်ပြီဆိုတဲ့အခါကျတော့ ဒါတွေက တရားဝင်ဖြစ်တော့မယ်။ ဒါကြောင့်မို့ စိစစ်ရပါတယ်လို့ ဒီဘက်က ပြောတာပေါ့နော် တဖက်မှာတော့ အဲဒီလို ကွဲလွဲမှုတွေ ရှိတာပေါ့နော်။
ကိုဉာဏ်ဝင်းအောင်။ ။ အဲဒီတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် ကိုယ်စားလှယ်တွေရဲ့ ခရီးစဉ်ကို ခြုံကြည့်ရင်အပြုသဘောဆောင်တယ်လို့ ပြောလို့ရနိုင်ပါသလား။
ဒေါက်တာ ဒေါ်ခင်ညို။ ။ အရင်ကထက်စာရင်တော့ အပြုသဘောဆောင်တယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် သူတို့က ဟိုဘက်ကဟာတွေ သူတို့က အဲဒါတွေကိုပဲ စာနာပြီးတော့ အဲဒီ Feeling တွေလည်းသူတို့မှာ ဝင်နေပြီ ။ ဒါပေမယ့် ကျမတို့ကိုတော့ ထမင်းစားတဲ့အခါကျတော့ တယောက်ခြား တယောက်ခြားချပေးတာပေါ့ အဲဒီအခါမှာတော့ ကျမတို့ရှင်းပြနိုင်တာတွေရှိတာပေါ့နော်။ ရှင်းပြလည်း ဘာမှ ပြန်မပြောဘူး။ ဒါပေမယ့် ကျေနပ်တဲ့ပုံတော့မပေါ်ဘူး။"
ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက် ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ဘေးကင်းလုံခြုံစွာနဲ့ မြန်မြန်သွက်သွက် နေရပ်ပြန်နို်င်ရေးအတွက် မြန်မာအစိုးရက လုပ်ဆောင်ပေးဖို့ လုံခြုံရေးကောင်စီ သံတမန်အဖွဲ့က မြန်မာအစိုးရတာဝန်ရှိသူတွေကို တိုက်တွန်းခဲ့တာပါ။
Your browser doesn’t support HTML5