ပရီးမီးယားလိဂ် မန်စီးတီးချန်ပီယံဖြစ်လုနီးမှာ မန်ယူပြန်နိုင်

ပရီးမီးယားလိဂ်ပွဲ၊ မန်စီးတီးနှင့် မန်ယူပွဲ၊ ဧပြီ ၇၊ ၂၀၁၈။

စနေနေ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ချန်ပီယံဖြစ်ဖို့ နိုင်ပွဲတပွဲပဲလိုတော့တဲ့ မန်စီးတီးအသင်းဟာ ဒုတိယနေရာက မန်ချက် အသင်းကို အရေးနိမ့်ပြီး ချန်ပီယံဖြစ်ဖို့ နှောင့်နှေးသွားပါတယ်။

မန်စီးတီးအိမ်ကွင်းမှာကစားခဲ့တဲ့ အဲဒီပွဲ ပထမပိုင်းမှာ ချန်ပီယံလောင်း အိမ်ရှင်အသင်းက ၂ ဂိုး သွင်းထားတာကြောင့် ချန်ပီယံ ဖလားကို ဆုပ်ကိုင်ဖို့ မိနစ် ၅၀ နီးပါးပဲ လိုတော့တဲ့အခြေအနေထိ ရောက်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ဒုတိယပိုင်းမှာတော့ မန်ချက်အသင်းက ပေါ့ဂ်ဘာ က ၂ ဂိုး ဆက်တိုက်သွင်းပြီး စမောလင်းက ၆၉ မိနစ်မှာ အနိုင်ဂိုးကို သွင်းယူသွားတာကြောင့် ပွဲအပြီးရလဒ် ၃ ဂိုး ၂ ဂိုးနဲ့ မန်စီးတီးအသင်း အရေးနိမ့်သွားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ အမှတ်ပေးဇယားမှာ ဒုတိယနေရာက မန်ချက်အသင်းကို အခုဆိုရင် ၁၃ မှတ်အသာနဲ့ ဦးဆောင်နေဆဲ ဖြစ်ပြီး ၁၇ မှတ်အကွာနဲ့ စတုတ္ထလိုက်နေတဲ့ စပါးအသင်းနဲ့ နောက်တပတ်စနေ ဧပြီလ ၁၄ ရက်နေ့မှာ ကန်ရမှာဖြစ်ပါတယ်။

တခြားပွဲတွေမှာတော့ အဲဗာတန် နဲ့ လီဗာပူး ဂိုးမရှိသရေ၊ ဝက်စ်ဘရွမ်း နဲ့ ဆွမ်ဆီးစီးတီး ၁ ဂိုးစီသရေ၊ ဘရိုက်တန် နဲ့ ဟတ်ဒါစ်ဖီးလ်ဒ် ၁ ဂိုးစီသရေ၊ ဘုန်းမောက် နဲ့ ခရစ္စတယ်ပဲလေ့စ် တို့ ၂ ဂိုးစီသရေကျပါတယ်။

နောက်ထပ် အနိုင်ပွဲတွေအဖြစ် စပါး က စတုတ်စီးတီး ကို ၂ ဂိုး ၁ ဂိုး၊ ဘန်လေက ဝပ်ဖို့ဒ် ကို ၂ ဂိုး ၁ ဂိုး၊ နယူးကာဆယ်လ် က လက်စတာစီးတီး ကို ၂ ဂိုး ၁ ဂိုးနဲ့ အသီးသီး အနိုင်ရသွားကြပါတယ်။

တနင်္ဂနွေနေ့မှာ အာဆင်နယ် နဲ့ ဆောက်သမ်တန် ၊ ချယ်လ်ဆီး နဲ့ ဝက်စ်ဟမ်းတို့ ကန်ကြမှာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ပရီးမီးယားလိဂ် မန်စီးတီးချန်ပီယံဖြစ်လုနီးမှာ မန်ယူပြန်နိုင်