ရခိုင်ပြည်နယ်ကို ၂ ရက်ကြာ သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် Ursula Mueller က ဒီကနေ့မှာတော့ မောင်တောမြို့နယ်တွင်းကို သွားရောက်ပြီး ဒေသတွင်းက လူမှုအသိုင်းအဝိုင်းအားလုံးနဲ့ တွေ့ဆုံပြီး သူတို့ရဲ့ စိုးရိမ်ချက်တွေကို ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးသူတွေကို ပြန်လည်လက်ခံမယ့် ကြားစခန်းကိုလည်းသွားရောက်ခဲ့တာပါ။ မသိင်္ဂ ီထိုက် ဆက်သွယ်မေးမြန်းထားပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ကို သွားရောက်ခဲ့တဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Ursula Mueller က ဒေသတွင်း လူမှု အသိုင်းအဝိုင်းတွေ အားလုံးနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် ဒေသတွင်း လူမှုအသိုင်းအဝိုင်း အားလုံးအတွက် အကူအညီတွေ တိုးတက်ရရှိရေးကိုလည်း ဆွေးနွေးခဲ့တယ်လို့ မစ္စ Mueller နဲ့ အတူလိုက်ပါသွားတဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးရုံးUN-OCHA ရဲ့ ပြောခွင့်ရ Pierro Peronက အခုလို ပြောပါတယ်။
"ဒီကနေ့မှာ မစ္စ Mueller က မောင်တောမြို့နယ်ကို သွားရောက်ပြီး ဒေသခံ လူမှု အသိုင်းအဝိုင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။ ရခိုင်၊ ဟိန္ဒူ၊ မြို နောက် မူဆလင်တွေလည်း ပါပါတယ်။ ဘင်္ဂလားဒေရှ့်ဘက်က လူတွေ လာရင် လက်ခံမယ့် ဆောက်လက်စ ကြားခံစခန်းကိုလည်း သွားရောက်ခဲ့ပြီးပြီးခဲ့တဲ့နှစ် အကြမ်းဖက်မှုတွေ အတွင်း မီးလောင်ခဲ့တဲ့ ကျေးရွာတွေကိုလည်း တွေ့ခဲ့ရပါတယ်။
လူမှု အသိုင်းအဝိုင်း အားလုံးရဲ့ စိုးရိမ်ချက်တွေကိုလည်း ကုလသမဂ္ဂ အရေးပေါ် လူသားချင်း စာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူး နားထောင်ခဲ့ပါတယ်။ ဒါ့အပြင် အကူအညီ လိုအပ်နေသူတွေ အားလုံးအတွက် လူသားချင်းစာနာမှု အကူအညီ၊ အကာအကွယ်နဲ့ မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေ တိုးတက်ရရှိရေး ဆွေးနွေးခဲ့သလို အလုပ်အကိုင် အခွင့်အလမ်း၊ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်တွေ တိုးတက်လာရေးကိုလည်း ဆွေးနွေးခဲ့ပါတယ်။"
ဒေသခံ အသိုင်းအဝိုင်းကြား စိုးရိမ်ချက်တွေ၊ ဘင်္ဂလားဒေရှ့်ဘက်မှာ ထွက်ပြေး ခိုလှုံနေရတဲ့ ရိုဟင်ဂျာတွေ ဌာနေပြန်နိုင်ရေး အခြေအနေ အလားအလာတွေနဲ့ ပတ်သက်လို့တော့ ခရီးစဉ် အဆုံးသတ်မှာ ထုတ်ဖော်ပြောဆိုပါမယ်လို့လည်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးရုံးUN-OCHA ရဲ့ ပြောခွင့်ရက ပြောပါတယ်။ မစ္စ Mueller ရဲ့ ၂ ရက်ကြာ ရခိုင်ပြည်နယ် ခရီးစဉ် အတွင်း မနေ့တုန်းကလည်း ရခိုင် အစိုးရ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။ UN-OCHA ပြောခွင့်က အခုလို ပြောပါတယ်။
" လူသားချင်း စာနာမှု ဆိုင်ရာ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် မစ္စ Mueller က မနေ့တုန်းကတော့ စစ်တွေမြို့က ဒုက္ခသည် စခန်းတွေ၊ အောင်မင်္ဂလာ ရပ်ကွက်တို့ကို သွားရောက်ခဲ့ပါတယ်။ နောက် ရခိုင်တွေနဲ့ရော မူဆလင် လူမှုအသိုင်းအဝိုင်းနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် ရခိုင်အစိုးရနဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။"
မနက်ဖြန် ဧပြီလ ၆ ရက်နေ့မှာတော့ မစ္စ Mueller က ကချင်ပြည်နယ်ကို သွားရောက်မှာ ဖြစ်ပြီး ကချင်ပြည်နယ်က အိုးအိမ်စွန့်ခွာ ထွက်ပြေးကြသူတွေရဲ့ စခန်းကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။ ကုလ လက်ထောက်အတွင်းရေးမှူးချုပ် မစ္စ Mueller က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တွေ့ဆုံခဲ့တာမှာတော့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ၊ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။
Your browser doesn’t support HTML5