အမျိုးသမီးနေ့ အခမ်းအနား ကမ္ဘာတဝှမ်း ကျင်းပ

နိုင်ငံတကာ အမျိုးသမီးများနေ့ 2018

မတ်လ ၈ ရက်၊ ကြာသပတေးနေ့မှာကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ် စုဝေးပွဲတွေကို ကမ္ဘာတဝန်း ကျင်းပကြပြီး အမျိုးသမီးတွေ ဆက်ပြီးရင်ဆိုင်နေရတဲ့ ခေါင်းပုံဖြတ်ခံရတာ၊ ခွဲခြားဆက်ဆံခံရတာ၊ အကြမ်းပတမ်း ပြုမူခံရတာ တွေကို အဆုံးသတ်ဖို့ တောင်းဆိုကြပါတယ်။

စပိန်နိုင်ငံမှာ ပထမဆုံး နိုင်ငံအဆင့် အမျိုးသမီးဆန္ဒပြပွဲအဖြစ် လုပ်ခလစာကွာခြားမှုနဲ့ လိင်ပိုင်း အကြမ်းပတမ်းပြုမူခံရတာတွေကို ကန့်ကွက်ပြီး မက်ဒရစ်မြို့တော်က မြို့တော်ခန်းမအပြင်ဘက်မှာ ရာပေါင်းများစွာသောအမျိုးသမီးတွေ ဆန္ဒပြကြတာကြောင့် ယာဉ်အသွားအလာတွေ ရပ်သွားပါတယ်။ စပိန်အမျိုးသမီးတွေဟာ သူတို့နဲ့ အလုပ်တူ အမျိုးသားတွေရတဲ့လစာအောက် ပျှမ်းမျှ ခြင်းအားဖြင့် ၁၃% နီးပါး နည်းတယ်ဆိုတာ မကြာသေးခင်ကလုပ်တဲ့ စစ်တမ်းတခုမှာ တွေ့ထားပါတယ်။

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်မှာ သမ္မတ Rodrigo Duterte ကို ကန့်ကွက်တဲ့အနေနဲ့ ရာပေါင်းများစွာသော အမျိုးသမီးတွေဟာ ပန်းရောင်နဲ့ ခရမ်းရောင် အဝတ်အစားတွေ ဝတ်ပြီး ဆန္ဒပြကြပါတယ်။ သမ္မတဒူတာတေးဟာ အာရှတိုက်မှာ လူ့အခွင့်အရေးကို အဆိုးရွားဆုံး ချိုးဖောက်သူတွေထဲက တဦးဖြစ်တယ်လို့ ဆန္ဒပြသူတွေကပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်မှာတော့ လုပ်ငန်းခွင်မှာ လိင်ပိုင်းစော်ကားမှုကို ဆန့်ကျင်ကန့်ကွက်ပြီး အမေရိကန်မှာ စတင်တဲ့ Me Too လှုပ်ရှားမှုကို ထောက်ခံမှု ပိုကောင်းလာစေဖို့ အမျိုးသမီးရေး လှုပ်ရှားတဲ့အဖွဲ့တွေ စုဝေး ဆန္ဒပြကြပါတယ်။ Iceland နိုင်ငံမှာလည်း နိုင်ငံစီးပွားရေးနဲ့ လူ့အဖွဲ့အစည်းအတွက် အမျိုးသမီးတွေရဲ့ ပါဝင်လုပ်ဆောင်မှုကို ဖော်ပြတဲ့အနေနဲ့ သမဂ္ဂ ၁၀ ခုကစီစဉ်တဲ့ ၂ နာရီကြာ ဆန္ဒပြပွဲမှာ လူပေါင်း ငါးသန်းကျော် ပါဝင်ခဲ့ကြပါတယ်။

Your browser doesn’t support HTML5

အမျိုးသမီးနေ့ အခမ်းအနား ကမ္ဘာတဝှမ်း ကျင်းပ