အရေပြား အသားတက်မြန်တဲ့ရောဂါ

  • ဝင်းမင်း

အရေပြားရောဂါ

Your browser doesn’t support HTML5

အရေပြား အသားတက်မြန်တဲ့ရောဂါ

မြန်မာနိုင်ငံမှာ ဆိုရီးရေးစစ် (Psoriasis) အရေပြားရောဂါက လူသိနည်းပေမဲ့၊ အဖြစ်များတဲ့ အရေပြားရောဂါထဲမှာ ပါနေပြီး၊ ကုသရ ခက်တာမို့ ကျွမ်းကျင်သူတွေနဲ့သာ ပြသ၊ ကုသသင့်တယ်လို့ အရေပြားကျန်းမာရေး ပညာရှင်တွေက အကြံပြုပြောဆိုကြပါတယ်။

အရေပြား အသားတက်မြန်တဲ့ရောဂါက ပိုးတွေကြောင့် ကူးစက်တာမျိုး၊ ကင်ဆာလိုမျိုး မဟုတ်ဘဲ၊ ဖြစ်ရခြင်း အကြောင်းရင်းကို အတိအကျ မသိရသေးပါဘူး။ ဒါပေမဲ့ နောက်ဆုံး တွေ့ရှိထားချက်အရတော့ သွေးဖြူဥတစ်မျိုး ပုံမှန်ထက် လှုပ်ရှားထကြွပြီး သွေးလှည့်ပတ်မှုနဲ့အတူ လိုက်ပါကာ အရေပြားနေရာမျိုးစုံမှာ ရောင်ရမ်းမှုဖြစ်စေပြီး၊ အရေပြားအောက်အလွှာအဆင့်ဆင့် ပုံမှန်ထက် အသားတက်မြန်စေတာကြောင့်၊ နီရဲကာ ထူထူအကွက်တွေပေါ်လာပြီး၊ အပေါ်မှာ အဖြူဖတ်တွေထပ်ပေါ်လာစေတာပါ။ ဒါပေမဲ့ ဘာကြောင့် ဒီသွေးဖြူဥ ထကြွလှုပ်ရှားရတာကိုတော့ အတိအကျ မသိသေးပါဘူး။ ဒီရောဂါက အစားအသောက်ကြောင့်ဖြစ်တာ မဟုတ်သလို အစားအသောက်ကြောင့် ပိုဆိုးတာ၊ ပိုသက်သာတာမျိုးလည်း မရှိပါဘူး။

ဒါပေမဲ့ ပိုဆိုးစေတဲ့ တခြားအကြောင်းတချို့တော့ရှိပါတယ်။ နဂိုထဲက အရေပြားက ရောင်ရမ်းပြီး အထိမခံဖြစ်နေရတာမို့ ကုတ်မိတာ၊ ခြစ်မိတာ၊ ဖဲ့လိုက်တာ၊ အရည်ပြားပွန်းပဲ့ ထိခိုက်ဒဏ်ရာရတာနဲ့ နေလောင်တာတွေကြောင့် ဒီအကွက်တွေ ပိုများလာတတ်ပါတယ်။ ဒါ့အပြင် ဆောင်းတွင်လိုမျိုး အေးပြီး အသားပတ်တဲ့ ရာသီမှာလဲ ပိုဆိုးလာတတ်ပါတယ်။ အဓိက ကတော့ အရေပြားအခြေအနေ ပြောင်းလဲလာတာနဲ့အမျှ ဒီရောဂါ ပိုကြွလာတဲ့သဘောပါ။ လည်ချောင်းနာတာ၊ လည်ချောင်းပိုးဝင်တာ၊ အသက်ရှုလမ်းကြောင်းပိုးဝင်တာတွေနဲ့ တချို့သောက်ဆေးတွေကြောင့်လည်း အထက်မှာပြောခဲ့တဲ့ သွေးဖြူဥတွေ ပိုလှုပ်ရှားတက်ကြွလာပုံရတာကြောင့် ဒီ အနာကွက်တွေ ပိုဆိုးလာနိုင်ပါတယ်။ ဒီပိုဆိုးစေတဲ့ သောက်ဆေးတွေထဲမှာ ကော်တီစုန်း (Cortisone) လို့ခေါ်တဲ့ စတီးရွိုက် (Steroid) သောက်ဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေ၊ ကလိုရိုကွင်း (Chloroquine) ဌက်ဖျားဆေးနဲ့ ပရိုပရန်နိုလော (Propranolol) လို သွေးကျဆေးတွေ ပါတာမို့ ဒီရောဂါရှိသူတွေအနေနဲ့ ဆရာဝန်ကို ရောဂါရှိကြောင်း ကြိုပြောထားဖို့လိုပါတယ်။

ဒီ ဆိုရီရေးစစ် ရောဂါရဲ့ လက္ခဏာ ပုံစံကလည်း အမျိုးစုံရှိတတ်ပါတယ်။ အရေပြား အနီကွက်ထူထူတွေက တချို့မှာ တစ်ကွက်၊ နှစ်ကွက် သာဖြစ်ပြီး၊ နည်းလွန်းတာကြောင့် ဖြစ်နေမှန်းတောင် မသိတာမျိုးကနေ၊ တချို့မှာတော့ ဒီအနီကွက်တွေ ကြီးလာပြီး တကွက်နဲ့တကွက် ဆက်သွားကာ တကိုယ်လုံး ခေါင်းကနေခြေထောက်အထိ အနီကွက်တွေဖုံးသွားပြီး နေရထိုင်ရခက်အောင် အလွန်အကျွံဖြစ်တာမျိုးအထိ အမျိုးမျိုးရှိပါတယ်။ အဖြစ်အများဆုံးဖြစ်လေ့ရှိတဲ့ ပုံစံကတော့ အရေပြားမှာ အနီစက်တွေစပေါ်ပြီး ကြီးလာကာ အဖတ်တွေဆက်ပေါ်လာပြီး၊ ဒီအဖတ်တွေကို ခွာလိုက်ရင် သွေးစို့ကျန်ခဲ့ကာ ဒီအကွက်တွေက ထပ်ကြီးလာတာမျိုးပါ။ အဖြစ်အများဆုံးနေရာတွေကတော့ တံတောင်ဆစ်၊ ဒူး၊ လက်မောင်း၊ လက်ဖုဝါး၊ ခြေဖုဝါး၊ ဦးခေါင်း၊ ခြေသည်း၊ လက်သည်း၊ ကျော အောက်ပိုင်း စတဲ့ ပွတ်တိုက်မှုများတဲ့ နေရာတွေဖြစ်ပြီး၊ ခန္ဓာကိုယ် ဘယ်ညာ နှစ်ဖက်လုံးမှာ ညီညီမျှမျှ ဖြစ်တာများပါတယ်။ တချို့မှာလည်း လက်သည်းမှာ အပေါက်သေးသေးလေးတွေအနေနဲ့တွေ့ရတာအပြင် လက်သည်းထူတာ၊ ကြမ်းတာ၊ ချောင်နေတာတွေမျိုးလည်း ဖြစ်နိုင်ပါတယ်။ နောက်ဖြစ်နိုင်ပေမဲ့ အဖြစ်နည်းတဲ့ နေရာတွေကတော့ ဂျိုင်း၊ ရင်ဘတ်၊ ရင်သားအောက်၊ ပေါင်ခြံ၊ တင်ပါးကြား၊ လိင်အင်္ဂါ၊ ခြေလက်အကွေးကြား နေရာတွေဖြစ်ပြီး၊ ဒီနေရာတွေမှာ ဖြစ်လာရင်တော့ နဂိုထဲက ချွေးကြောင့် အနေရခက်တာမို့ ပူပြီးစပ်ပြီး ပိုနေရထိုင်ရ ခက်စေနိုင်ပါတယ်။ ကလေးတွေမှာလည်း အထူးသဖြင့် လည်ချောင်းနာပြီး လည်ချောင်းနာပိုးကြောင့် အထက်ပါ သွေးဖြူဥတစ်မျိုး ပိုထကြွလှုပ်ရှားလာပုံရကာ အရေပြားအနီစက်ငယ်လေးတွေ မိုးစက်တွေလို အများအပြားပေါ်လာနိုင်ပေမယ့် လည်ချောင်းနာသက်သာသွားချိန်မှာ ဒီအနီစက်တွေလည်း အလိုလို ပြန်ပျောက်သွားတတ်ပါတယ်။ ဒါ့အပြင် ဒီရောဂါဖြစ်သူတွေရဲ့ ၃၀% ခန့်မှာ အဆစ်နာတာတွေဖြစ်တတ်ပြီး အထူးသဖြင့် လက်ဆစ်၊ ခြေဆစ်လို အဆစ်ငယ်တွေမှာ အဖြစ်များကာ၊ ခါးလို အဆစ်ကြီးတွေမှာ နာတာနည်းပြီး၊ အရေပြားအနာတွေ ပြင်းထန်လျှင် အဆစ်တွေပိုနာကာ၊ အရေပြားအနာ သက်သာလာလျှင်လည်း အဆစ်နာတာ သက်သာသွားလေ့ရှိပါတယ်။

အခုလို ရောဂါဖြစ်တဲ့ လက္ခဏာပုံစံ အမျိုးမျိုးရှိနေတာကြောင့် ဒီရောဂါဖြစ်တာ သေချာအောင် အရေပြားဆရာဝန်ပြပြီး ရောဂါအဆုံးအဖြတ်ယူသင့်ပါတယ်။ အရေပြားဆရာဝန်တွေအနေနဲ့ ပုံမှန်အားဖြင့် အထက်ပါလက္ခဏာတွေကို ကြည့်ပြီး ရောဂါကို ခွဲခြားသိနိုင်သလို၊ လိုအပ်လျှင်လည်း အသားစငယ်ယူပြီး ဓာတ်ခွဲခန်းမှာစစ်ဆေး ဆုံးဖြတ်ပေးနိုင်ပါတယ်။

ကုသရာမှာတော့ အဓိက ရည်ရွယ်ချက် (၂) ခုရှိပါတယ်။ တစ်ခုက အရေပြားရောင်ရမ်းတာကို အမြန်ဆုံး လျှော့ချဖို့ဖြစ်ပြီး၊ နောက်တစ်ခုကတော့ အရေပြားအဖတ်တွေ ထူပြီး ကွာလာတာကို အမြန်ဆုံး ထိန်းနိုင်ဖို့ပါ။ ဒီအဖတ်တွေ ရှိလာလျှင် ကုတ်ချင်ပြီး မကုတ်ဖြစ်အောင် ထိန်းရခက်လို့ပါ။ ခုလိုကုသပေးရာမှာ သက်ဆိုင်ရာလူနာရဲ့ လူနေမှုပုံစံ၊ ရောဂါအခြေအနေ၊ တကိုယ်ရေ သန့်ရှင်းရေးအနေအထား၊ အသက်အရွယ် စတာတွေကို ပေါင်းခြုံစဉ်းစားပြီး တဦးချင်းအလိုက် ကုသပုံ ချမှတ်ဖို့ လိုပါတယ်။

ဒီရောဂါက နာတာရှည်ရောဂါဖြစ်ပြီး အချိန်အကြာကြီးကုရတာအပြင်၊ ပျောက်ပြီးချိန်မှာ ပြန်လည်းဖြစ်တတ်တာမို့ ပြန်ကောင်းသွားချိန်မှာတောင် ဆက်ထိန်းထားနိုင်ဖို့ ဆေးတချို့ ဆက်သုံးဖို့ လိုကောင်းလိုနိုင်ပါတယ်။ ကုသမှုပေးရာမှာ လိမ်းဆေး၊ သောက်ဆေး၊ ထိုးဆေး၊ ရောင်ခြည်ပြဆေး၊ လေဆာ စသည်ဖြင့် အမျိုးမျိုးရှိပြီး လူနာ အခြေအနေအလိုက် ဒီဆေးတွေကို တွဲဖက်ကုသပေးရတာလည်းရှိပါတယ်။

ကာကွယ်ရေးအတွက်တော့ ဒီရောဂါက တစ်ဦးကနေ တစ်ဦးကို ထိတွေ့ကူးစက်တာ မဟုတ်တာကြောင့် ထူးထူးခြားခြား ကာကွယ်နိုင်တဲ့နည်း မရှိပါဘူး။ ဒါပေမဲ့ မျိုးရိုးလိုက်တတ်တာကြောင့် မိဘတွေ၊ ဆွေမျိုးသားချင်းတွေမှာ ဒီရောဂါရှိထားပြီးဖြစ်လျှင် ထိခိုက်ဒဏ်ရာ မရအောင်နေတာ၊ ပွတ်တာ၊ ကုတ်တာ စတဲ့ ဆွပေးတာမျိုး ရှောင်ရှားဖို့ လိုပါတယ်။

ဒီအရေးပြာရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံက အရေးပြားအထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။