သမ္မတဟောင်း Obama နဲ့ သမ္မတ Trump တို့ နှစ်သစ်ကူး ဆုတောင်း

အမေရိကန်သမ္မတ Donald Trump။

အမေရိကန် သမ္မတဟောင်း Barack Obama က နှစ်သစ်အတွက် မျှော်လင့်ချက်တွေကို Twitter လူမှုကွန်ယက် စာမျက်နှာပေါ်မှာ ရေးသားလိုက်သလို၊ သမ္မတ Donald Trump ကတော့ ရန်သူတွေကို ဝေဖန်တိုက်ခိုက် ရေးသားလိုက်ပါတယ်။

နှစ်သစ်ကူးအချိန်အခါကို စောင့်မျှော်ဆဲ အကြိုကာလ သောကြာနေ့မနက်ပိုင်းမှာ ရေးသားလိုက်တဲ့ သဝဏ်လွှာမှာ သမ္မတဟောင်း Obama က မတောင်းပန်တတ်တဲ့ သမ္မတ Donald Trump နဲ့ သူနဲ့ကြား ကွာခြားပုံကို သတိပေးနေတဲ့အကြောင်း ရေးသားခဲ့ပါတယ်။

Obama က မကောင်းသတင်းတွေအားလုံးက ကျနုပ်တို့ရဲ့ အသိတရားတွေအားလုံးကို စိုးမိုးနေပါတယ်။ ဒီနှစ်အတွင်းမှာ သတင်းတွေက မရေတွက်နိုင်လောက်အောင် များပြားပါတယ်။ ဒါတွေက အမေရိကန်အတွက် ဘာအကောင်းဆုံးဖြစ်မလည်းဆိုတာကို ကျနုပ်တို့ကို သတိပေးနေပါတယ်လို့ ရေးသားခဲ့ပါတယ်။

အမေရိကန်နိုင်ငံရဲ့ ၄၄ ဦးမြောက် သမ္မတ Obama က ဒီနှစ်ထဲမှာ ဖြစ်ခဲ့တဲ့ အကြောင်းအရာ သုံးခုကို ထုတ်ပြခဲ့ပါတယ်။ Harvey ဟာရီကိန်းမုန်တိုင်း ဒဏ်ခံခံရသူတွေကို အကူညီပေးဖို့အတွက် Houston က လက်ထပ်ပွဲ ပြုလုပ်ပေးဖို့ အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့တဲ့ သူတဦး၊ ဗာဂျီးနီးယားပြည်နယ် Charlottesville က ပညာသင်ဆုအတွက် သူ့ရဲ့ NFL ပထမ ကစားပွဲ ၆ ပွဲက ရမဲ့ ဝင်ငွေကို ပေးလှုခဲ့တဲ့ Philadelphia Eagles အသင်းက Chris Long နဲ့ အိုးအိမ်မဲ့သူတွေအတွက် ကြိုးပမ်းပေးတဲ့ ၁၀ နှစ်အရွယ် ကလေးတယောက် တို့အကြောင်း ဖြစ်ပါတယ်။

သမ္မတ Donald Trump ကတော့ ကျနော့ရဲ့ ရန်သူတွေ၊ ကျနော့ကို တိုက်ခိုက်ကြသူတွေ၊ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင် ဖြစ်သွားကြတဲ့ အရှုံးသမားတွေ အပါအဝင် အားလုံးအတွက် ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ပါစေလို့ ဒီဇင်ဘာလ ၃၁ ရက်နေ့ မနက် ၈ နာရီ ၁၇ မိနစ်မှာ Twitter လူမှုကွန်ယက် ပေါ်မှာ ရေးသားလိုက်ပါတယ်။

တွီတာပေါ်ကနေ ပုဂ္ဂိုလ်ရေး အမျက်ဒေါသတွေကို ဖေါ်ထုတ်ရေးသားလေ့ရှိတဲ့ သမ္မတ Donald Trump မှာ ရန်သူတွေအများအပြားရှိပါတယ်။ ၂၀၁၆ ခုနှစ် သမ္မတရွှေးပွဲမှာ ပြိုင်ဖက်ဖြစ်တဲ့ ဟယ်လာရီ ကလင်တန်ကို လူလိမ် လူညစ် အဖြစ် ရေးသားခဲ့သလို အမေရိကန်ပြည်ထောင်စုကို နြူကလီးယားလက်နက်နဲ့ ခြိမ်းခြောက်နေတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းကိုလည်း Rocket Man, ဝတုတ်တုတ် လူပုလေး စသဖြင့် သုံးနှုံး ပြောဆိုခဲ့သူ ဖြစ်ပါတယ်။

Obama ရဲ့ Twitter စာမျက်နှာကို follow လုပ်သူပေါင်းဟာ ၉၈.၄ သန်း ရှိပြီး Donald Trump မှာတော့ ၄၅.၅ သန်းသာရှိတဲ့အတွက် ၂ ဆ ကျော်ပိုများပါတယ်။

Your browser doesn’t support HTML5

သမ္မတဟောင်း Obama နဲ့ သမ္မတ Trump တို့ နှစ်သစ်ကူး ဆုတောင်း