ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တပ်က တပ်ဖွဲ့ဝင်(၄)ဦး သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အမှန်တရားပေါ်ပေါက်စေရေး အစိုးရနဲ့ တပ်မတော်ဘက်က တာဝန်ယူ တာဝန်ခံဖို့ KNPP က တိုက်တွန်းသလို ပွင့်လင်းမြင်သာပြီး မျှတတဲ့တရားစီရင်မှုရဖို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဆီကို စာရေးသားပေးပို့ တောင်းဆိုမယ်လို့ KNPP ဗဟိုကော်မတီဝင်တဦးက ပြောဆိုလိုက်ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး နှစ်ဘက်အဖွဲ့အစည်းဘက်က စနစ်တကျ အဖွဲ့ဖွဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပေးဖို့ကိုလည်း ကရင်နီအရပ်ဘက် အဖွဲ့အစည်းတွေဘက်က တောင်းဆိုပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် ဆက်ပြောပြပါမယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ရက်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့နယ် ပါလောင်းကျေးရွာနဲ့ ဒေါတခြားကျေးရွာအကြား ၇မိုင်စခန်းမှာ မူးယစ်ဆေးဝါးနဲ့ တရားမဝင်သစ်သယ်ဆောင်လာခြင်းတွေကို ပုံမှန်စစ်ဆေးတဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ရဲ့ ယာယီဂိတ်မှာ နယ်စပ်တပ်စခန်းတွေကို ရိက္ခာပို့ပြန်လာတဲ့ အစိုးရစစ်တပ်ဘက်က စစ်ကားတွေကို စစ်ဆေးမှုပြုလုပ်ခဲ့တယ်လို့ ဒီဇင်ဘာ ၂၀ရက်နေ့ မနက်ပိုင်းမှာတော့ အဲ့ဒီ့ စစ်ဆေးခဲ့တဲ့ KNPP ယာယီတပ်စခန်းကို စစ်တပ်ဘက်က ဝင်ရောက်စီးနင်းခဲ့ပြီး KNPP တပ်သား ၄ဦးကို သတ်ဖြတ်ခဲ့သလို သူတို့နဲ့ဖမ်းဆီးခံရတဲ့ အရပ်သားတဦးလည်း ပျောက်ဆုံးနေဆဲပဲလို့ KNPP ဘက်က ဖြစ်စဉ်နဲ့ပတ်သက်လို့ KNPP ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဗဟိုကော်မတီဝင် ခူးညေးရယ် က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။
“စဖြစ်တာကတော့ ၁၉ ရက်နေ့ ညနေပိုင်း ၄ နာရီခွဲလောက်ပေါ့နော်။ အဲဒီမှာ ဟို ဒီနယ်စပ်ဖက်ကို သွားပို့တဲ့ စစ်ကားတွေ၊ ရိက္ခာပို့တဲ့ စစ်ကားတွေ ပြန်လာတော့ သူတို့ သယ်ချင်တာတွေ သယ်လာတယ်။ အောက်မှာကတော့ သစ်ပေါ့၊ အပေါ်မှာကတော့ သစ်ခြောက်နဲ့ ဝါးတို့ဘာတို့တွေ ဖုံးဖိပြီးတော့ သယ်လာတာ သိရတယ်။ ဒီ ကျနော်တို့ ရဲဘော်တွေက အဲဒီမှာပဲ သူတို့ နေနေတယ်ဆိုတာက မူးယစ်ဆေးဝါး လျှော့ချဖို့တို့၊ တရားမဝင်သစ်ကိစ္စတို့ သယ်ဆောင်တာတို့ စစ်ဆေးဖို့ရာ သူတို့ ရံဖန်ရံခါပဲ သူတို့ လုပ်သွားတာ ရှိတယ်။ ဒါပေမယ့် ဝါး တားဂိတ်တွေ ဘာတွေ လုပ်ထားတာ မရှိဘူးဗျ။ ယာယီတဲလေး သူတို့လုပ်ပြီးတော့မှ နေပြီးတော့မှ သစ်တွေသယ်လာတယ်။ တရားမဝင်သစ်တွေ သယ်လာရင် သူတို့ တခါတခါ စစ်ဆေးတာရှိတယ်ပေါ့။ ဆိုတော့ ဘယ်လို ခွင့်ပြုချက်နဲ့ သယ်လာတယ်ဆိုတာကို သူတို့ မေးမြန်းပြီးတော့မှ အားလုံးကို ဖမ်းလည်း မဖမ်းပါဘူး။ လွှတ်ပေးလိုက်ပါတယ် သူတို့က။ ဒါပေမယ့် သူတို့က စိတ်ထဲမှာ တမျိုးခံစားရလား၊ မကျေမချမ်း ဖြစ်လားမသိဘူး။ အဲဒါ သူတို့ နောက်တရက် မနက်အစောကြီးမှာ ပြန်လာ ဝိုင်းပြီးတော့မှ ကျနော်တို့ ရဲဘော်ကို ထုရိုက်သတ်ပြီးတော့မှ မီးသဂြိုဟ်တဲ့စက်ထဲ ထည့်ပစ်လိုက်တယ်လေ။ ရိုက်နက်ထုသတ်တဲ့ အဖြစ်မျိုးက လူမဆန်ဘူးပေါ့။ ဒီအဖြစ်အပျက်မျိုးက ကြက်ကလေးလို ငှက်ကလေးလို တိရိစ္ဆာန်လို အဲ့လိုလက်လွတ်စပယ်လုပ်တဲ့ အဖြစ်မျိုး ဖြစ်တယ်လို့ ကျနော်တော့ အဲဒီလိုပဲ ခံစားရတာပေါ့။ စိတ်မကောင်းဘူးပေါ့။ ”
KNPP ကရင်နီအမျိုးသားတိုးတက်ရေးပါတီဟာ အစိုးရနဲ့ ပြည်ထောင်စုအဆင့် ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့လည်းဖြစ်ပါတယ်။ အခုလို KNPP တပ်သား (၄)ဦး သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ထုတ်ပြန် ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။
အမှန်တရားပေါ်ပေါက်နိုင်ရေးအတွက် ပွင့်လင်းမြင်သာတဲ့ တရားရေးစီရင်မှုနဲ့ ဖော်ထုတ်ပေးဖို့နဲ့ လက်ရှိအစိုးရနဲ့ တပ်မတော်ဘက်က တာဝန်ယူ တာဝန်ခံမှုပေးဖို့ နဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ စာရေးသားတောင်းဆိုမယ်လို့ လည်း KNPP ဗဟိုကော်မတီဝင်ခူးညေးရယ်က ပြောပါတယ်။
“ကျနော်တို့က စာရေးတင်မယ်။ နောက်ပြီးတော့မှ သတင်းစာရှင်းလင်းပွဲလုပ်မယ်၊ သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေ၊ ဥပမာ ပြည်နယ်အစိုးရလည်းပါမယ်၊ စစ်တပ်လည်း ပါမှာပေါ့။ ဥပမာ စစ်တပ်ဆိုတော့ ဒီကာကွယ်ရေး ကာချုပ် ဘာတို့ပေါ့ အထွေထွေ အတွင်းရေးမှူးပေါ့ အကုန်ရောက်လာမယ်။ အဲဒါဆို ဒီကိစ္စ ကျနော်တို့ တိုင်ပင်ဖို့ ရှိပါသေးတယ်။”
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး နှစ်ဦးနှစ်ဘက် ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ပူးတွဲစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး ကျူးလွန်သူတွေကို လွတ်လပ်တဲ့ တရားရေးစီရင်မှုနဲ့ ထိုက်သင့်တဲ့ပြစ်ဒဏ်တွေချမှတ်ပေးဖို့ နစ်နာဆုံးရှုံးရသူတွေအတွက် တာဝန်ယူမှု တာဝန်ခံမှုပေးဖို့အတွက်ကိုလည်း ကရင်နီအရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုကြောင်း ကယားပြည်နယ် လွိုင်ကော်မြို့ နောင်ယားက Lain နည်းပညာ အထောက်အကူအဖွဲ့ ဒါရိုက်တာ ကိုကျော်ထက်အောင်က တောင်းဆိုပါတယ်။
“ကျနော်တို့ကတော့ ဒီ ဖြစ်စဉ်ကို စနစ်တကျ စုံစမ်းစစ်ဆေးမှုတွေကို လုပ်စေချင်ပါတယ်ဗျ။ ဒီနှစ်ဖက် တာဝန်ရှိသူတွေအနေနဲ့ သတင်းစာရှင်းလင်းပွဲတွေ ပြုလုပ်ပေးဖို့ရယ် ဒီအပေါ်မှာကို စနစ်တကျ စုံစမ်းစစ်ဆေးမှုအဖွဲ့တွေ ဖွဲ့စည်းပြီးတော့မှကို တကယ့် ကျူးလွန်တဲ့သူတွေကို တရားရုံးတင်နိုင်တဲ့ အဆင့်အထိကို စစ်ဆေးပြီးတော့မှ လုပ်ကိုင်ဆောင်ရွက်စေလိုတဲ့စိတ်တွေရှိပါတယ်။ ပြီးရင်တော့ ထိခိုက်နစ်နာသွားတဲ့ ဒီ KNPP တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေ အပေါ်မှာလည်း ထိုက်သင့်တဲ့တာဝန်ယူမှု တာဝန်ခံမှုလေးတွေကိုတော့ လုပ်ဆောင်ပေးစေချင်ပါတယ် ခင်ဗျ။ နောင် အလားတူ မဖြစ်ပေါ်အောင်ကိုလည်း ကာကွယ်ပေးဖို့နဲ့ နှစ်ဖက် သဘောတူထားတဲ့ စာချုပ်တွေကို လေးစားလိုက်နာပြီးတော့ လက်ရှိသွားနေတဲ့ နေထိုင်ရေးဖြစ်စဉ်အပေါ်မှာလည်း မထိခိုက်အောင်ကို စီစဉ်ဆောင်ရွက်လိုပါတယ်။”
KNPP ယာယီတပ်စခန်းကနေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ရွာသားတဦးလည်း ပျောက်ဆုံးနေဆဲမို့ ဒေသတွင်းမှာ လက်နက်ကိုင်တပ ်အချင်းချင်း စစ်ရေးပဋိပက္ခတွေ တင်းမာနေတဲ့အပြင် အရပ်သားထိခိုက်မှုပါရှိလာလို့ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ယူထားတဲ့သူတွေဘက်က နယ်မြေတည်ငြိမ်ရေးအလေးပေးဆောင်ရွက်ပေးဖို့ကိုလည်း တောင်းဆိုတယ်လို့ ကိုကျော်ထက်အောင်ကပြောပါတယ်။
“လက်ရှိဆိုရင်လည်း ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ၅ ဦးထဲမှာ ကျန် ၄ ဦးရဲ့ ရုပ်အလောင်းကို ပြတယ်။ အရိုးပုလင်းလေးတွေပဲ ပြန်ပေးတယ်ဆိုတဲ့အနေအထားမှာ တဦးကတော့ ပျောက်ဆုံးနေတယ်။ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ပြည်သူလူထုရဲ့ဘဝလုံခြုံမှု ၊ ကျနော်တို့ humanitarian security အတွက်ကလည်း ဒါ မေးခွန်းထုတ်စရာဖြစ်သလို လက်ရှိမျှော်လင့်နေတဲ့ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်တဲ့နေရာမှာ လိုအပ်ချက် ၁ ရပ်အနေနဲ့တော့ ကျနော်တို့ တွေ့မြင်တယ်ဆိုတာမျိုးကို ပြောလိုပါတယ်ဗျ။”
KNPP တပ်ဖွဲ့ဝင်တွေ သတ်ဖြတ်ခံရတဲ့အတွက် ကယားပြည်နယ် လွိုင်ကော်မြို့က ပြည်နယ်အစိုးရအဖွဲ့ရုံးနဲ့ လွှတ်တော်ရှေ့တွေမှာ သောကြာနေ့က ကယားပြည်နယ် ကျောင်းသားသမဂ္ဂအဖွဲ့တွေအပြင် တောင်သူလယ်သမားသမဂ္ဂ၊ ကရင်နီပြည်နယ်လူငယ်များသမဂ္ဂ၊ ကရင်နီမျိုးဆက်သစ်လူငယ်တွေက စုရုံးဆန္ဒပြခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ ကရင်နီ တောင်သူတွေ လူငယ်တွေ ကျောင်းသားတွေနဲ့ အမျိုးသမီးအဖွဲ့တွေ ပါဝင်တဲ့ ကရင်နီအရပ်ဖက်အဖွဲ့အစည်း ၁၅ ဖွဲ့ကလည်း ကယားပြည်နယ်တွင်း ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်သွားမှာ စိုးရိမ်တဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေ ညှိနှိုင်းအဖြေရှာကြဖို့ ပူးပေါင်းကြေညာချက် ထုတ်ပြန်ပြီး တိုက်တွန်းပါတယ်။
Your browser doesn’t support HTML5