ပုပ်ရဟန်းမင်းကြီး ရိုဟင်ဂျာဒုက္ခသည် တချို့နှင့်တွေ့မည်

ဘင်္ဂလားဒေ့ရှ်ရောက်ရှိလာတဲ့ ပုပ်ရဟန်းမင်းကြီး (နိုဝင်ဘာ ၃၀-၂၀၁၇)

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပုပ်ရဟန်းမင်းကြီး Francis မနေ့က ရောက်ရှိချိန်မှာပဲ နယ်စပ်က Kutapalong စခန်းကို ရိုဟင်ဂျာဒုက္ခသည်တွေ ဆက်လက်ရောက်ရှိနေဆဲဖြစ်ပြီး အခုနောက်ဆုံးကိန်းဂဏန်းအရ သြဂုတ်လောက်နောက်ပိုင်း ထွက်ပြေးလာတဲ့ ဒုက္ခသည်ဦးရေဟာ ၇၀၀,၀၀၀ သိန်းလောက်ရှိသွားပါပြီ။

၃ ရက်ကြာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီး Francis အနေနဲ့ နယ်စပ် ဒုက္ခသည်စခန်းတွေဆီကို သွားဖို့ အစီအစဉ်မရှိပေမယ့် ရိုဟင်ဂျာဒုက္ခသည် တချို့ နဲ့ ဒါကာမြို့တော်မှာ တွေ့ဆုံမှာဖြစ်ပါတယ်။

ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းဖြစ်တဲ့ WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ကနေ ရိုဟင်ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာအရောက်ပံပိုးပေးနိုင်ဖို့ လမ်းပန်း သွားလာရေးအတွက်ပါ ယာယီလမ်း၊ တံတားတွေ ကိုပါ ဆောက် လုပ်ပေးနေကြောင်း WFP ပြောခွင့်ရအမျိုးသမီး Shelley Thankral ကပြောပါတယ်။

"စားနပ်ရိက္ခာလိုအပ်နေတဲ့ ဒုက္ခသည်တွေအားလုံးရှိရာကို အရောက်ပို့ပေးနိုင်ဖို့ ကျမတို့ ကြိုးစားဆောင်ရွက်နေရာမှာ လမ်းတွေပြုပြင်ပေးတာ၊ တံတားတခု တည်ဆောက်ပေး တာမျိုးတောင်ရှိပါတယ်။ အသွားအလာကောင်းမွန်အောင် လုပ်ခြင်းအားဖြင့် ဒုက္ခသည်တွေဆီ ရိက္ခာတွေ၊ ဆေးဝါးတွေနဲ့ ရေသန့်တွေကို အရောက်ပို့နိုင်မှာဖြစ်ပါတယ်။"

ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးလာတဲ့ဒုက္ခသည်အမျိုးသမီးတွေနဲ့ ကလေးအများစုဟာ လမ်းတလျောက် အစာအဟာရပြတ်လတ်ခဲ့ကြတာဖြစ်ပါတယ်။ WFP ရဲ့ စစ်တမ်းကောက် ယူချက်အရ Kutupalong စခန်းမှာ ရိုဟင်ဂျာ ကလေး ၄ ဦးမှာ ၁ ဦး ဟာ အဟာရ ပြတ်လတ်မှု ဒဏ်ကို ခံစားနေရတယ်လို့ ဆိုပါတယ်။

သြဂုတ်လ က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာလုံခြုံရေးတပ်တွေရဲ့ နယ်မြေရှင်းလင်းမှုကြောင့် ရိုဟင်ဂျာ ၇ သိန်းနီးပါး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ရတဲ့ဖြစ်ရပ်ကို လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုအဖြစ် ကုလသမဂ္ဂက သတ်မှတ်ခဲ့ပါတယ်။

Your browser doesn’t support HTML5

ပုပ်ရဟန်းမင်းကြီး ရိုဟင်ဂျာဒုက္ခသည် တချို့နှင့်တွေ့မည်