ဟာဝါယီရောက် သမ္မတထရမ့်ကို ကန်ပစိဖိတ်စစ်ဌာနချုပ်မှာ ကန့်သတ်အစီရင်ခံစာ ရှင်းလင်းတင်ပြ

ဟာဝါယီရောက် သမ္မတ Trump နဲ့ သမ္မတကတော် Melania Trump (နိုဝင်ဘာ ၃, ၂၀၁၇)

ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ တိုးလာနေတဲ့တချိန်တည်းမှာပဲ၊ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ပစိဖိတ်သမုဒ္ဒရာထဲမှာရှိတဲ့ Hawaii ပြည်နယ်ကိုရောက်ရှိနေပြီး အဲဒီမှာရှိတဲ့ အမေရိကန်ရဲ့ ပစိဖိတ်စစ်ဌာနချုပ်က သမ္မတဒေါ်နယ်လ်ထရမ့်ကို ကန့်သတ်အဆင့် အစီရင်ခံစာကို ရှင်းလင်းတင်ပြခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့် နဲ့ သမ္မတကတော် Melania Trump Air Force One လေယာဉ်နဲ့ Hawaii မှာရှိတဲ့ Hickham လေတပ်စခန်းကို သောကြာနေ့က ရောက်ရှိလာပြီးတဲ့နောက် သမ္မတထ၇မ့်ဟာ အဲဒီမှာရှိတဲ့ အမေရိကန်ရဲ့ ပစိဖိတ်စစ်ဌာနချုပ်က မရိန်းတပ်စခန်းကိုတန်းပြီးသွားရောက်ခဲ့ကြတာဖြစ်ပါတယ်။ သမ္မတထရမ့် နဲ့ သမ္မတကတော် တို့ကိုတော့ ဟာဝါယီရိုးရာဓလေ့အတိုင်း ပန်းကုံတွေစွပ်ပြီး ကြိုဆိုခဲ့ကြပါတယ်။

အဲဒီနောက်တော့ သမ္မတ ထရမ့် နဲ့ သမ္မတကတော်တို့ဟာ ပုလဲဆိပ်ကမ်းကိုသွားရောက်ပြီးတော့ ၊ ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်နေ့က ဂျပန်ရေတပ်က တိုက်ခိုက်မှုအတွင်း နစ်မြှုပ်သွားခဲ့တဲ့ USS. Arizona စစ်သင်္ဘော အထိမ်းအမှတ်နေရာမှာ အမှတ်တရ ပန်းခွေချခဲ့သလို့ ၊ အဲဒီစစ်သင်္ဘောနစ်မြုပ်ခဲ့တဲ့ရေပေါ်ကနေလည်ပန်းတွေကျဲခဲ့ပါတယ်။ ဂျပန်နိုင်ငံက ပစိဖိတ်သမုဒ္ဒရာထဲက အမေရိကန်ပိုင်း ပုလဲဆိပ်ကမ်းကို ဗုံးကြဲခဲ့တာကြောင့် အမေရိကန်ဟာ ဒုတိယကမ္ဘာစစ်မှာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

သမ္မတထရမ့်ဟာ ဟာဝါရီကနေတဆင့် အာရှ ၅ နိုင်ငံဖြစ်တဲ့ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ ဗီယက်နမ် နဲ့ ဖိလစ်ပိုင် နိုင်ငံတွေကို ၁၃ ရက်ကြာခရီးစဉ်အဖြစ်နဲ့ သွားရောက်မှာဖြစ်ပြီး ၊ ဒါဟာ သူ့ရဲ့သမ္မတသက်တမ်းအတွင်း အရှည်ဆုံးခရီးစဉ်လည်းဖြစ်ပါတယ်ခင်ဗျာ။