မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝန်းက အစိုးရတွေ အနေနဲ့ ခွဲခြားဆက်ဆံ ဖိနှိပ်ခံနေရတဲ့ နိုင်ငံမဲ့ သန်းပေါင်းများစွာအတွက် အခြေခံ နိုင်ငံသား အခွင့်အရေးတွေ ပေးအပ်ဖို့ ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံသားဥပဒေမှာ နိုင်ငံသားဖြစ်ခွင့်ရှိသူတွေကို သတ်မှတ်ပြဌာန်းထားပေမဲ့ ရိုဟင်ဂျာတွေကတော့ စာရင်းထဲမှာ မပါဝင်ကြောင်းနဲ့ ဒုက္ခသည် ပြဿနာကို ဖြေရှင်းရာမှာ အခြေခံကျတဲ့ နိုင်ငံသားဖြစ်မှုကို ဖြေရှင်းဖို့လိုအပ်နေကြောင်း နိုင်ငံမဲ့မှု တားဆီးလျှော့ချရေးနဲ့ ပပျောက်ရေး လှုပ်ရှားမှု ၁၀ နှစ်ပြည့်အဖြစ် ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) ရဲ့ အပြည်ပြည်ဆိုင်ရာ အကာအကွယ်ပေးရေးဌာန ညွှန်ကြားရေးမှူး Carol Batchelor က တိုက်တွန်းလိုက်တာပါ။
မြန်မာအစိုးရကတော့ မတည်မငြိမ် အခြေအနေတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်မှာ ပြဿနာကို ဖြေရှင်းရေး တစိတ်တပိုင်းအဖြစ် နိုင်ငံသားစိစစ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေကြောင်း ပြောဆိုထားပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ တရားဝင်လက်ခံထားတဲ့ တိုင်းရင်းသားတွေ စာရင်းထဲမှာတော့ ရိုဟင်ဂျာတွေကို အသိအမှတ်ပြု လက်ခံထားတာမျိုး မရှိဘဲ ဘင်္ဂါလီတွေအဖြစ်နဲ့သာ ရည်ညွှန်းပြောဆိုလေ့ရှိသလို၊ ရွှေ့ပြောင်းဝင်ရောက် လာသူတွေ အဖြစ်နဲ့သာ သတ်မှတ်ပြောဆိုနေကြတာပါ။
UNHCR ကတော့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီသူ နိုင်ငံမဲ့ လူနည်းစုတွေ၊ မွေးဖွားလာတဲ့ ကလေးတွေကို သက်ဆိုင်ရာ နိုင်ငံတွေက နိုင်ငံသားဖြစ်ခွင့်ပေးဖို့၊ တိုင်းရင်းသားနဲ့ မျိုးနွယ်စု မတူတဲ့အပေါ် ခွဲခြားဆက်ဆံတဲ့ လုပ်ရပ်တွေ၊ ဥပဒေတွေကို ပယ်ဖျက်ရေး တိုက်တွန်းထားပါတယ်။
နိုင်ငံမဲ့တွေ လျှော့ချနိုင်ရေး လှုပ်ရှားမှုတွေ စတင်ခဲ့တဲ့ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကစလို့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံ၊ အာရှအလယ်ပိုင်းဒေသ၊ ရုရှား၊ ကင်ညာနဲ့ အနောက်အာဖရိက စတဲ့နိုင်ငံတွေမှာ လူပေါင်းထောင်သောင်းချီပြီး နိုင်ငံသားဖြစ်ခွင့်ရခဲ့ကြတာလို့ တိုးတက်မှုတွေ ရှိခဲ့ပေမဲ့လည်း ရှေ့ဆက်ဆောင်ရွက် စရာတွေလည်း အများအပြား ရှိနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂက သတိပေးထားပါတယ်။
Your browser doesn’t support HTML5