စစ်တပ်က ဖမ်းထားတဲ့ ရှမ်းပြည်နယ် ဟိုပုန်းရွာသားတချို့ပြန်လွတ် တချို့ထိန်းသိမ်းခံနေရဆဲ

ရှမ်းပြည်နယ် နမ့်ဆန်မြို့နယ်တွင်းက စစ်ပြေးဒုက္ခသည်များ။

ရှမ်းပြည်နယ် တောင်ပိုင်း ဒေသမှာ NCAအပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSAနဲ့ မြန်မာ့တပ်မတော်တို့အကြား စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေပြီး ဟိုပုံး မြို့နယ်က ရွာသားဆယ်ဦး တနေ့က အဖမ်းခံခဲ့ရပါတယ်။ မနေ့ညက (၉) ဦး ပြန် လွတ်လာပေမယ့် တဦးကို ဖမ်းထားဆဲ ဖြစ်သလို အဲဒီဒေသတဝိုက် ကျေးရွာတွေကနေ အရင် ဖမ်းဆီးထားတဲ့ ရွာသားတွေကိုလည်း ခုထိ ပြန်လွှတ်မပေးသေးပါဘူး။ တောင်ပိုင်း ရှမ်းပြည် နယ်ဒေသတွင်းမတည်ငြိမ်သေးတဲ့ အခြေအနေတွေကို ထိုင်းအခြေစိုက် သတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေး ပို့ထားပါတယ်။

မြန်မာ့တပ်မတော်ကနေ တရက်ကျော်ဖမ်းဆီးထိန်းသိမ်းထားတဲ့ရှမ်းပြည်နယ် ဟိုပုန်းမြို့ ကွန်ကုန်းကျေးရွာ ရွာသား ၁၀ ဦးအနက်က (၉)ဦးဟာပြန်လည်လွတ်မြောက်လာပြီးလို့ ကိုယ်တိုင်ဖမ်းဆီးခံရသူ ကွန်ကုန်းရွာသား လုံးဝမ်းက ပြောပါတယ်။

"ကျွန်တော်ဖမ်းဆီးခံရတာမနေ့ကပြန်လွတ်တယ်ဗျ။ (၁၀)နာရီလောက်ပြန်လွတ်တယ်။ တယောက်ကကျန်ခဲ့တယ်။ စိုင်း စံစိုင်းဆိုသူကျန်ခဲ့တယ်လေ။ အားလုံးက(၁၀)ယောက် ကျောင်းသားဆိုကျွန်တော်သားတယောက်ပါတယ်။ ကျွန်တော် သား မနေ့ကမနက်ခင်းပြန်လွတ်တယ်။ (၉)ယောက်ကျန်တယ်။ (၉)ယောက်ကျန်တာ(၈)ယောက်ပြန်လွတ်လာတာ ကျန်တာတယောက်ဘဲကျန်တယ်။"

ပြီးခဲ့တဲ့သြဂုတ်(၃)ရက်မှာ မိုင်းပြင်းအခြေစိုက် ခမရ ၂၄၉ တပ်ကနေ ကွန်ကုန်းကျေးရွာကို ဝင်ရောက်လာပြီး ရွာသား (၁၀)ဦးကိုဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးခံရသူအနက်ကျောင်းသား တဦးကို မနေ့ကပြန်လည်လွှတ်ပေးခဲ့ပြီး (၈)ဦးကတော့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကနေ အာမခံခဲ့လို့ ညပိုင်းမှာပြန်လွတ်လာတာပါ။ ဒီအခြေအနေကို ဖမ်းဆီးခံရသူလုံးဝမ်း ရဲ့ သမီးဖြစ်သူ မမော်ခမ်းကအခုလိုပြောပါတယ်။

"သူတို့က ညတနာရီကျော်လာပြီးတော့ အိမ်ထဲကိုလာနှိုက် ပစ္စည်းကိုလာနှိုက်ပြီးတော့ ဘာမှလဲမပြောဘူး။ မေးတာလဲ မရဘူး။ အဲဒီလိုဖြစ်တယ်ရှင့်။ တူမီး သေနတ်တူမီးတွေ့သွားလို့သူတို့ယူသွားတယ်။ ကားတစီးလဲယူထားတယ်။ တူမီး မျောက်ပစ်တဲ့ဟာ အရင်ခေတ်တုံးကခေတ်တွေက သူများဆောင်ထားတဲ့ထားတာ အိမ်တိုင်းအိမ်တိုင်းရှိတယ်။ အဲဒီလို မျိုး သေနတ်က။ လူလဲ(၁၀)ယောက်လောက်ဖမ်းသွားတယ်။ (၂၄၉)တပ်မှာဖမ်းသွားတယ်ရှင့်။ လူကြီးတွေက ကော်မီတီ တွေကသွားထောက်ခံပေးတော့ (၈)ယောက်လောက်လွှတ်လာပေးတယ်အဲတာ။"

ပြန်လည်လွတ်မြောက်လာတာမရှိသေးတဲ့ရွာသားတဦးကို တောင်ကြီးဘက်ကို ပို့ဆောင်လိုက်တယ်လို့ယူဆကြောင်း မမော်ခမ်းကပြောပါတယ်။

တပ်မတော်ကနေ အခုလိုရွာသားတွေကိုဖမ်းဆီးစစ်ဆေးနေမှုနဲ့ပက်သက်ပြီး ဒေသအတွင်း လှုပ်ရှားနေတဲ့ တောင်ပိုင်း ရှမ်းပြည်တပ်မတော် RCSS/SSAနဲ့တပ်မတော်အကြားဖြစ်ပွါးခဲ့တဲ့ စစ်ရေးတင်းမာမှုတွေနဲ့သက်ဆိုင်တယ်လို့ RCSS ရဲ့ တောင်ကြီးဆက်ဆံရေးရုံးတာဝန်ခံ ဒုဗိုလ်မှူးကြီးစိုင်းဦးကပြောပါတယ်။

"အရင်က နမ်းခုတ်မှာဖြစ်တဲ့တိုက်ပွဲနဲ့ဆက်စပ်နေမှာပေါ့နော်။ တိုက်ပွဲဖြစ်တဲ့ကိစ္စ ကိုနောက်ဆက်တွဲအနေနဲ့ ကျွန်တော် တို့ RCSSကိုလိုက်ရှာတဲ့သဘောမျိုးမှာရှိတယ်။ ဒီတပ်က သူတို့ပြောတာက RCSSနဲ့ပတ်သက်တဲ့သူတွေကိုဖမ်းတဲ့သ ဘောမျိုးမှာရှိတယ်။"

ပြီးခဲ့တဲ့ ဇူလိုင်လ(၁၇)ရက်နေ့တွေမှာဟိုပုန်းမြို့နယ်ထဲမှာ တောင်ပိုင်း ရှမ်းပြည်တပ်မတော် RCSS/SSAနဲ့ တပ်မ တော်အကြားတိုက်ပွဲဖြစ်ပွါးခဲ့သလို ဒီတိုက်ပွဲမှာ မြန်မာ့တပ်မတော်ဘက်က ထိခိုက်မှုတွေရှိခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွါးအပြီး နန်းခုတ်ဒေသခံရွာသား(၁၀)ဦးအဖမ်းဆီးခံရသလို အဲဒီ အထဲ (၇)ဦးပြန်လည်လွတ်မြောက် လာ ပေမဲ့ ရွာသား၃ဦးဟာ ပြန်လည်လွတ်မြောက် လာတာမရှိသေးသလို တခြားဝန်းကျင်ရွာက ရွာသားတွေဖမ်းဆီးခံနေရ မှုတွေလဲရှိနေတယ်လို့ ဒုဗိုလ်မှူးကြီးစိုင်းဦးကပြောပါတယ်။

ဒါ့အပြင် ဇူလိုင်(၂၈)ရက်နေ့မှာလဲ ကျိန်းဟင်ကျေးရွာမှာ အရပ်ဝတ်နဲ့ ဈေးဝယ် RCSSတပ်ဖွဲ့ဝင်နှစ်ဦးကိုလဲ တပ်မ တော်ဘက်က ဖမ်းဆီးထားတယ်လို့ ဒုဗိုလ်မှူးကြီးစိုင်းဦးကပြောပါတယ်။

တောင်ပိုင်း ရှမ်းပြည်တပ်မတော်ဟာ မြန်မာအစိုးရနဲ့ NCAအပစ်ရပ် လက်မှတ်ရေးထိုးထားပေမဲ့ မြန်မာ့တပ်မတော်နဲ့ စစ်ရေးတင်းမာနေဆဲ အခြေအနေမှာရှိနေပါတယ်။

မြန်မာ့တပ်မတော်အနေနဲ့ တောင်ပိုင်းရှမ်းပြည်တပ်မတော်အခြေပြုရာဒေသဘက်ကို နယ်မြေရှင်းလင်းရေးလုပ် ဆောင်မှုနဲ့ တပ်အင်အားတိုးချဲ့ လှုပ်ရှားမှုတွေ ပိုများလာတဲ့အခြေအနေကိုတော့ ဒုဗိုလ်မှူးကြီးစိုင်းဦးက အခု လို ဆက်ပြောပါတယ်။

"ကျွန်တော်တို့က ဒီNCAထိုးထားတဲ့အပြင်ပေါ့နော်။ နိုင်ငံရေးဆွေးနွေးပွဲမှာလဲ ကျွန်တော်တို့ဘက်ကပါပြီးတော့ ဆွေးနွေး နေကြတာပေါ့နော်။ ဒီတပ်လှုပ်ရှားမှုတွေက ဒီနယ်မြေလှုပ်ရှားတဲ့အချိန်မှာ သုံး လေး ငါးဖွဲ့သူကပိုက်စိပ်တိုက်ပြီးတော့ တောတွေနင်းနေလို့ကျွန်တော်တို့နဲ့ ထိတွေ့မှုဖြစ်ခဲ့တာပေါ့။ တိုက်ပွဲဖြစ်ခဲ့တာပေါ့။ ဒီကိစ္စကိုလဲကျွန်တော်တို့JMC-Sကို လဲတင်ထားတယ်ပေါ့နော်။ အခုဟိုပုန်း မိုင်းပျဉ်းမှမကဘဲနဲ့ တခြားမြို့နယ်တွေမှာလဲတပ်လှုပ်ရှားမှုက ပိုများလာတယ် ပေါ့နော်။ ဒီတလနှစ်အတွင်းမှာ။ ကျွန်တော်တို့နယ်မြေဒေသမငြိမ်းချမ်းဘဲနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ က ရှေ့ဆက်မသွား နိုင်ဘဲနဲ့ NCAလဲယုံကြည်မှု ပျက်ပြားစေတဲ့ အဆင့်လောက်ဖြစ်နိုင်တယ်ပေါ့။ NCAအပေါ်ယုံကြည်မှုနဲလာနိုင်ပါတယ်။"

အခုလို NCAအပစ်ရပ်တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSAနဲ့ မြန်မာ့တပ်မတော်တို့အကြား ဒေသ အတွင်း တိုက်ပွဲဖြစ်ပွါးမှုတွေ ရွာသားတွေကို ဖမ်းဆီးခံရမှုနဲ့ RCSS တပ်သားတွေ အဖမ်းဆီးခံရမှုကိစ္စရပ်တွေ ဆက်တိုက်ဖြစ်ပွါး နေတဲ့အတွက် ငြိမ်းချမ်းရေးခရီးဆက်မသွားနိုင်ဘဲ NCAအပေါ် ယုံကြည်မှုပျက်ပြားစေနိုင်တယ်လို့လဲ သူကဆို ပါ တယ်။

နှစ်ဖက်တပ်အကြားပဋိပက္ခဖြစ်စဉ်ကြောင့် ဟိုပုန်းမြို့နယ်ကျေးရွာသားတွေ အနေနဲ့ဖမ်းဆီးမှု ညှင်းပမ်းနှိပ်စက်ခံ ရမှုတွေ ရှိနေတယ်လို့လဲ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့ကနေ ဒီကနေ့မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

အရပ်သားပြည်သူလူထု အပေါ် အစီအစဉ်ရှိရှိ စံနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုှုများ ဆက်တိုက် ဖြစ်ပေါ်နေ တာကို ရှမ်းလူ့အခွင့်အရေးအဖွဲ့ အနေနဲ့အပြင်းအထန် ရှုတ်ချသလို အသက် ၁၂ အရွယ်ကလေး အပါအဝင် တပ်မ တော်ကနေ ဖမ်းဆီးထားတဲ့ ရွာသား ၇ ဦးကို အမြန်ဆုံး လွှတ်ပေးဖို့ကိုလဲ တိုက်တွန်းတောင်းဆိုထားပါတယ်။

တဖက်မှာလဲငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေခရီးပေါက်မြောက်ဖို့အတွက် အပစ်ခတ်ရပ်စဲရေးNCAလက်မှတ်ရေးထိုး ထားတဲ့ အပစ်ရပ် (၈)ဖွဲ့ခေါင်းဆောင်တွေနဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်အဖွဲ့တို့အကြား မနေ့ကထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

ဒီကနေ့မှာလဲ အပစ်ရပ်NCAလက်မှတ်မရေးထိုးနိုင်သေးတဲ့ UNFCခေါ်ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီရဲ့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ DPN ခေါင်းဆောင်တွေနဲ့ မြန်မာငြိမ်းချမ်းရေး ကော်မရှင် ကိုယ်စားလှယ်တွေနဲ့ ထိုင်းနိုင်ငံမှာတွေ့ဆုံဆွေးနွေးနေပါတယ်။

Your browser doesn’t support HTML5

စစ်တပ်က ဖမ်းထားတဲ့ ရှမ်းပြည်နယ် ဟိုပုန်းရွာသားတချို့ပြန်လွတ်