မြောက်ကိုရီယား နျူကလီယား ခြိမ်းခြောက်မှု ကန်နဲ့ ဂျပန်၊ တရုတ်ခေါင်းဆောင်တို့ဆွေးနွေး

အမေရိကန် သမ္မတ Donald Trump က တရုတ် သမ္မတ Xi Jinping နဲ့ ဂျပန် ဝန်ကြီးချုပ် Shinzo Abe တို့နဲ့ သီးခြားစီ တယ်လီဖုန်း ဆက်သွယ် ဆွေးနွေး။

အမေရိကန် သမ္မတ Donald Trump က တရုတ် သမ္မတ Xi Jinping နဲ့ ဂျပန် ဝန်ကြီးချုပ် Shinzo Abe တို့နဲ့ သီးခြားစီ တယ်လီဖုန်း ဆက်သွယ် ဆွေးနွေးတာမှာတော့ မြောက်ကိုရီးယားရဲ့ နျူးကလီးယား အစီအစဉ်တွေကြောင့် ဖြစ်လာရတဲ့ ခြိမ်းခြောက်မှုတွေကို ဆွေးနွေးခဲ့ပါတယ်။

အမေရိကန် သမ္မတ Trump က မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းတပ်ဒုံးကျည် အစီအစဉ်ရဲ့ ခြိမ်းခြောက်မှုကို အလေးပေး ဆွေးနွေးခဲ့ပြီး ကိုရီးယားကျွန်းဆွယ် နျူးကလီးယား ကင်းရှင်းရေး အပေါ် အမေရိကန်နဲ့ တရုတ် ခေါင်းဆောင်နှစ်ဦးစလုံးရဲ့ ပိုင်းဖြတ်ချက်ကိုထပ်ပြီး အခိုင်အမာ ပြောဆိုခဲ့ကြတယ်လို့ အမေရိကန် သမ္မတ အိမ်ဖြူတော်က ပြောဆိုပါတယ်။

အမေရိကန်နဲ့ တရုတ် ဆက်ဆံရေး အပေါ်မှာ အပြုသဘောမဆောင်တဲ့ လုပ်ရပ်တွေကြောင့် သက်ရောက်မှု ရှိနေတယ်လို့ တရုတ်သမ္မတ Xi က အမေရိကန် သမ္မတ Trump ကို ပြောဆိုခဲ့တယ် ဆိုပြီးလည်း တရုတ်နိုင်ငံပိုင် သတင်းက ဖော်ပြပါတယ်။ တရုတ် တနိုင်ငံတည်းမူ အရ ထိုင်ဝမ်နဲ့ ဆက်နွယ်နေတဲ့ ကိစ္စတွေကို အမေရိကန် သမ္မတ Trump အနေနဲ့ သင့်လျော်အောင် ကိုင်တွယ်လုပ်ဆောင်မယ်လို့ မျှော်လင့်တဲ့ အကြောင်းလည်း တရုတ် သမ္မတက ပြောဆိုခဲ့တယ်လို့ ဖော်ပြပါတယ်။

ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ တစိတ်တပိုင်း ဆိုတာကို အမေရိကန် ပြည်ထောင်စုဘက်က ၁၉၇၉ ခုနှစ် ကတည်းက တရားဝင် အသိအမှတ်ပြုခဲ့တာပါ။ ပြီးခဲ့တဲ့ သတင်းပတ်မှာတော့ အမေရိကန်က ထိုင်ဝမ်ကို ဒေါ်လာ ၁ ဒသမ ၄၂ ဘီလီယံဖိုး လက်နက်ရောင်းချဖို့ အတည်ပြုခဲ့ပါတယ်။

ဂျပန် ဝန်ကြီးချုပ် Abe နဲ့ ဆွေးနွေးတာမှာတော့ မြောက်ကိုရီးယား အပေါ် ပိုပြီး ဖိအားပေးဖို့၊ နောက် မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေ၊ လုပ်ရပ်တွေကို အဆင်သင့် တုံ့ပြန်နိုင်ဖို့ အရေးတွေမှာ ခေါင်းဆောင် နှစ်ဦးတို့ တသဘောတည်း ရှိခဲ့ကြတယ်လို့ အမေရိကန် သမ္မတ အိမ်ဖြူတော်က ပြောဆိုပါတယ်။

Your browser doesn’t support HTML5

မြောက်ကိုရီယား နျူကလီယား ခြိမ်းခြောက်မှု ကန်နဲ့ ဂျပန်၊ တရုတ်ခေါင်းဆောင်တို့ဆွေးနွေး