အမေရိကန်ပြည်ထောင်စုနဲ့ တရုတ် နှစ်နိုင်ငံကြား ဘဏ်လုပ်ငန်းတွေကနေ အမဲသား တင်ပို့ရောင်းချမှုတွေအထိ ပါဝင်တဲ့ ကုန်သွယ်ရေး သဘောတူညီချက်တရပ် လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့အကြောင်း အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ကြေညာပါတယ်။ ဒါဟာ နှစ်နိုင်ငံကြား ထူးခြားလှတဲ့ အောင်မြင်မှုကြီးတခု၊ နှစ်နိုင်ငံကုန်သွယ်ရေး သမိုင်းမှာ အကြီးမားဆုံး အောင်မြင်မှုကြီး ပါပဲလို့ အမေရိကန် ကုန်သွယ်ရေးဝန်ကြီး Wilbur Ross က ပြောပါတယ်။
အခုသဘောတူညီချက်ဟာဆိုရင် ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့တုန်းက အမေရိကန်သမ္မတ Donald Trump နဲ့ တရုတ်သမ္မတ ရှီကျင်းဖျင်တို့ ဖလော်ရီဒါပြည်နယ် Palm Beach မြို့က သမ္မတ Trump ပိုင် Mar-a-Lago အပန်းဖြေစခန်းမှာ တွေ့ဆုံမှုအတွင်း ရယူခဲ့တဲ့ သဘောတူညီချက်ရဲ့ ရလဒ်ပဲ ဖြစ်ပါတယ်။ သမ္မတနှစ်ဦး တွေ့ဆုံခဲ့ချိန်ကစပြီး ညှိနှိုင်း ဆွေးနွေးမှုတွေ လုပ်ဆောင်လာခဲ့တာမှာ သမ္မတ Trump ကို နေ့စဉ်နီးပါး အစီရင်ခံတာတွေ လုပ်ခဲ့တယ်လို့လည်း ဝန်ကြီး Ross က ပြောပါတယ်။
နည်းပညာပိုင်းဆိုင်ရာ အကြံဉာဏ် ရယူမှုတွေ နောက်တကြိမ် ပြီးတာနဲ့ အစားအသောက်နဲ့ သားငါးဆိုင်ရာ နိုင်ငံတကာ စံနှုန်းစံထားတွေနဲ့အညီ အမေရိကန်က အမဲသားတွေကို ဇူလိုင်လ ၁၆ ရက်နေ့ထက် နောက်မကျဘဲ တင်သွင်းခွင့် ပြုဖို့ တရုတ်အစိုးရက သဘောတူထားတဲ့အကြောင်း ဝန်ကြီး Ross က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောပါတယ်။
တရုတ်နိုင်ငံ ဈေးကွက်ထဲ ထိုးဖောက်ခွင့် ရတာဟာ သူတို့အတွက် တကယ့်အရေးပါတဲ့ အခွင့်အလမ်းဖြစ်တယ်လို့ ဆိုပြီး အမေရိကန် နွားမွေးမြူရေးအသင်း ကလည်း အခု သဘောတူညီချက်ကို ကြိုဆိုပါတယ်။ သဘောတူညီချက်အရ အမေရိကန် ဘဏ္ဍာရေးနဲ့ စီးပွားရေးလုပ်ငန်းတွေ တရုတ်နိုင်ငံထဲမှာ တိုးချဲ့ လုပ်ကိုင်ခွင့်လည်း ရမှာဖြစ်ပါတယ်။
Your browser doesn’t support HTML5