ခရီးသွားတွေအတွက် ဆင်စခန်း (၂)

China Myanmar Logging

Your browser doesn’t support HTML5

ခရီးသွားတွေအတွက် ဆင်စခန်း (၂)

ဦးအောင်လွင်ဦး ။ ။ မြန်မာနိုင်ငံမှာ ရတနာတပါးအဖြစ် အထွဋ်အမြတ်ထားလေ့ ရှိကြပြီး ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ ထုံးတမ်းအစဉ်အလာတွေမှာ နေရာယူခဲ့ဖူးတဲ့ ဆင်တွေရဲ့ အခန်းကဏ္ဍဟာ ဒီကနေ အချိန်အခါမှာ မှေးမှိန်းပျောက်ကွယ်လာနေသလို၊ တန်းဖိုးထား စောင့်ရှောက်မှုတွေလည်း လျော့ပါးလာနေပါတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာ ကမ္ဘာမှာ အာရှဆင် ဒုတိယအများဆုံး တိုင်းပြည်တခုအဖြစ် နေရာယူထားဆဲဖြစ်ပေမယ့် အချိန်မီ မထိန်းသိမ်းနိုင်ရင်တော့ ဒီအဆင့်အတန်းကနေ လျော့ကျသွားနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ခန့်မှန်းခြေ ဖမ်းဆီးထားတဲ့ ဆင်ယဉ်အကောင်ရေ (၅) ထောင်ကျော် ရှိနေပြီး၊ ဆင်ရိုင်းကောင်ရေကတော့ စနစ်တကျ လေ့လာပြုစုထားတာ မရှိတဲ့အတွက် တိကျတဲ့ ကိန်းဂဏန်း မရှိပါဘူး။ ယေဘုယျ မှန်းဆတွက်ချက်မှုအရ (၁) ထောင်ကနေ (၂) ထောင်လောက် ရှိနိုင်တယ်လို့ ဆင်အပါအဝင် တောရိုင်းတိရစ္ဆာန်တွေကို ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့ ၂၀၁၄ ခုနှစ်ကစပြီး မြန်မာနိုင်ငံမှာ စတင်အခြေစိုက်လာတဲ့ ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ရန်ပုံငွေအဖွဲ့ WWF ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Christy Williams က ပြောပါတယ်။

CW ။ ။ ကျနော်တို့ အဓိက အာရုံစိုက်တဲ့ ဧရိယာတွေက ထိုင်း-မြန်မာ နယ်စပ်ပါ။ ဒီဒေသက တောတောင်တွေက ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်နေတယ်လို့ ယူဆထားတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ မြန်မာနိုင်ငံတဝှမ်းမှာ ဆင်ရိုင်းတွေအပေါ် ခြိမ်းခြောက်မှုတွေ ကြုံတွေ့နေရတာကိုလည်း စိုးရိမ်မိပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေ နဲ့ မုဆိုးတွေရဲ့ လက်ချက်ကြောင့်ပါ လွန်ခဲ့တဲ့ (၅) နှစ်လောက်အတွင်း မြန်မာနိုင်ငံမှာ အသတ်ခံရတဲ့ တောဆင်ရိုင်းကောင်ရေ (၉၀) ကျော်လောက်အထိ ရှိခဲ့ပါတယ်။

ဦးအောင်လွင်ဦး ။ ။ တရားဝင်မှတ်တမ်းတွေအရ မကြာသေးခင်နှစ်တွေအတွင်း ရန်ကုန်တိုင်းအတွင်းမှာပင် အသတ်ခံရတဲ့ ဆင်ကောင်ရေ (၂၀) ကျော် ရှိခဲ့တယ်လို့လည်း ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အထူးသဖြင့် နဂိုကမှ ဆင်တွေကို ကာကွယ်စောင့်ရှောက်မှု အားနည်းတဲ့ မြန်မာနိုင်ငံမှာ အိမ်နီးချင်းတိုင်းပြည်တွေက ဆင်ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ဝယ်လိုအား ပိုမိုကြီးထွားလာသည်နဲ့အမျှ ဆင်တွေကို ပိုမိုပစ်မှတ်ထား သတ်ဖြတ်ခံနေရတာပါ။ မြန်မာနိုင်ငံမှာ ဆင်တွေကို ကာကွယ်စောင့်ရှောက်ရမယ့် တိရစ္ဆာန်အဖြစ် ကိုလိုနီခေတ်ကတည်းက ဥပဒေပြဌာန်း သတ်မှတ်ထားပေမယ့် တရားမဝင် ဆင်ဖမ်းတာ၊ သတ်ဖြတ်တာတွေကတော့ ခေတ်အဆက်ဆက် ရှိနေခဲ့တာပါ။ ဒါပေမဲ့လဲ မကြာသေးခင် နှစ်တွေကစလို့ ဥပဒေမဲ့ ဖမ်းဆီးမှု၊ သတ်ဖြတ်မှုတွေ ပုံစံပြောင်းလာပြီး၊ ဆင်တွေကို အကြီးအငယ်မရွေး၊ အထီးအမ မရွေး ပိုမိုပစ်မှတ်ထား ခံနေရတာတွေက နိုင်ငံတကာသတင်းမီဒီယာတွေမှာ အကျယ်တဝင့် ဖော်ပြလာနေကြပြီလို့လည်း မြန်မာ့ဆင်တွေအကြောင်း ဆယ်စုနှစ်နဲ့ချီ သုတေသနပြု လေ့လာနေတဲ့ ဗြိတိန်နိုင်ငံ ရှက်ဖီတက္ကသိုလ်မှ ဒေါက်တာဒေါ်ခိုင်ဦးမာ က ပြောဆိုပါတယ်။

ဒေါက်တာဒေါ်ခိုင်ဦးမာ ။ ။ ကြည့်လိုက်ရင် ခွဲစိတ်ဆရာဝန်တယောက် ခွဲထားသလို ဖြစ်နေတယ်။ အဲဒီတော့ သူတို့က သာမန်အမဲလိုက်တာ မဟုတ်ဘူး။ သူတို့မှာ ကိရီယာတန်ဆာပလာ အကုန်ပါတယ်။ အဲဒီလို လုပ်ဖို့အတွက် လူဦးရေအင်အား ပြည့်ပြည့်စုံစုံ ပါလာတယ်လို့ ယူဆတယ်။ ဈေးကွက်မှာ ဆင်အရေခွံပြားတွေကို ပြုပြင်ဖန်တီးပြီးမှ Polished .. Jewelry အဆောင်အနေနဲ့သုံးတယ်။ အဲဒီအဆောင်တွေက ကျန်းမာတယ်၊ မကောင်းဆိုးဝါး မကပ်ဘူးလို့ အ

ဦးအောင်လွင်ဦး ။ ။ မြန်မာ့သစ်လုပ်ငန်း ဆင်အင်အားဌာနစိတ်က မန်နေဂျာလည်းဖြစ်၊ ဆင်ဆေးမှူးတဦးလည်းဖြစ်တဲ့ ဒေါက်တာဇော်မင်းဦးကတော့ ဆင်တွေကို ဥပဒေမဲ့ အမဲလိုက်သတ်ဖြတ်မှုတွေကို နှိမ်နင်းဖို့ လတ်တလော အစိုးရမှာ အင်အားအလုံအလောက်မရှိတဲ့ အခြေအနေမျိုး ကြုံနေရတယ်လို့ ပြောပါတယ်။

အ(၃၇-က) မှာဆိုရင် ထောင်ဒဏ် (၇) နှစ်အထိ ချမှတ်လို့ရတယ်။ ငွေဒဏ် (၅) သောင်းအထိ ချမှတ်လို့ရတယ်။ ဥပဒေ Law တွေ ရှိပေမယ့်လဲ အဲဒါတွေ Active ဖြစ်ဖို့လိုတယ်။ နောက်တခုက ကျနော်တို့မှာ အဓိက ပြဿနာက ဘာလဲဆိုတော့ ဝန်ထမ်းအင်အား မလုံလောက်တာ။ ဝန်ထမ်းတွေ Facility နည်းတာ။

ဦးအောင်လွင်ဦး ။ ။ သစ်ထုတ်လုပ်မှုတွေကို ပဲခူးတိုင်းအတွင်း (၁၀) နှစ်၊ ကျန်ဒေသတွေမှာ ရပ်ဆိုင်းဖို့ အစိုးရက ဆုံးဖြတ်ပြီးနောက်မှာတော့ မြန်မာ့သစ်လုပ်ငန်းက ဆင်တွေသာမက၊ ပုဂ္ဂလိကပိုင် ဆင်တွေလည်း အလုပ်လက်မဲ့ ဖြစ်ခဲ့ကြတာတွေကလည်း ဆင်တွေအတွက် အန္တရာယ်ပိုတိုးလာစေချင်ပါတယ်။ မြန်မာ့သစ်လုပ်ငန်းပိုင် ဆင်တွေအနေနဲ့ အစိုးရဆက်စောင့်ရှောက်မှုအောက်မှာ ရှိနေတာကြောင့် လတ်တလော စိုးရိမ်စရာမဟုတ်ဘဲ အလုပ်လက်မဲ့ ဖြစ်ကြတဲ့ ပုဂ္ဂလိကပိုင် ဆင်တွေအနေနဲ့ အသေရောအရှင်ပါ မှောင်ခိုရောင်းချခံနေရတယ်လို့ ဒေါက်တာခိုင်ဦးမာ က သတိပေးပါတယ်။

ဒေါက်တာဒေါ်ခိုင်ဦးမာ ။ ။ အရင်တုန်းက ဆရာမတို့ ထင်တာက ဗမာဆင်တွေ၊ အာရှဆင်တွေက အထီးပဲ အစွယ်ရှိတာ၊ အမ အစွယ်မရှိတော့ အထီးပဲ Target ထားပြီးတော့ Poach လုပ်တယ်ထင်တယ်။ ဈေးကွက်ဝင်ပစ္စည်းက အသားလည်းဖြစ်တယ်၊ အရေခွံလည်း ဖြစ်လာတဲ့အခါကြတော့ တောထဲမှာ ရှိလာတဲ့ အကြီးအသေး၊ အထီးအမ အားလုံး အန္တရာယ် ဖြစ်လာတယ်။ သူတို့ အကာအကွယ်နိုင်စွမ်းမရှိတော့ ပိုပြီးတော့ Protection ပေးရမယ်။ ဒီဟာကြီး ဈေးကွက်ဝင် ပစ္စည်းဖြစ်တဲ့အတွက် ဘာဖြစ်လာလဲဆိုတော့ နောက်တခုက … ဥပမာ ဆရာမက ဆင်ပိုင်ရှင်၊ ဆင်က အိုလာပြီ၊ ခိုင်းလို့လည်း မရဘူး။ ဘာဖြစ်လာလဲဆိုတော့ လွယ်လွယ်ကူကူရတဲ့ဈေးနဲ့ အသားဈေးနဲ့ ထုတ်ရောင်းဖို့။ အခုဆိုရင် အရေခွံကြီးက ဈေးကွက်ဝင် ပစ္စည်းဖြစ်လာတဲ့အတွက် တောထဲက ဆင်ရိုင်းတင်မကဘူး၊ အိမ်ဆင်ပါ They need more protection. ဒါကို Abuse, Misuse ပိုင်ရှင်တွေက လုပ်လာမယ်။ နောက်ဆုံးရတဲ့ဈေးနဲ့ ထုတ်ရောင်းနိုင်တဲ့ ဈေးကွက်ပစ္စည်း ဆင်တကောင်လုံးက ဖြစ်လာပြီဆိုတော့ အဲဒါကြီးကို ကာကွယ်ဖို့လိုတယ်။

ဦးအောင်လွင်ဦး ။ ။ တချိန်က မြန်မာ့သစ်လုပ်ငန်းမှာ လိုအပ်ချက်တခုအဖြစ် ဆင်ရိုင်းတွေကို ဖမ်းဆီးတာတွေ ရှိခဲ့ပေမယ့်လဲ။ သစ်ထုတ်လုပ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းသွားတာနဲ့အမျှ ဆင်ရိုင်းဖမ်းဆီးမှုတွေလည်း ရပ်တန့်သွားခဲ့ပါတယ်။ ဒါပေမဲ့လဲ တရားမဝင် ဆင်တွေကို အရှင်ဖမ်းဆီးပြီး မှောင်ခိုရောင်းချမှုတွေကတော့ ရှိနေဆဲဖြစ်ပါတယ်။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေမှာ ဈေးကွက်လိုအပ်ချက်တွေ ရှိနေတာကြောင့် မြန်မာနိုင်ငံက ဆင်တွေကို ခိုးမှုတွေ ရှိနေသေးကြောင်း မြန်မာ့သစ်လုပ်ငန်းက မန်နေဂျာ ဒေါက်တာဇော်မင်းဦး က ပြောပါတယ်။

ဒေါက်တာဇော်မင်းဦး ။ ။ အိမ်နီးချင်းထိုင်းနိုင်ငံမှာဆိုရင် Tourism လုပ်ငန်းတွေ Develop ဖြစ်တယ်။ Ecotourism ဆင်ကိုအခြေခံ Tourism လုပ်ငန်းတွေ Develop ဖြစ်တဲ့အတွက် ဆင်လိုအပ်ချက် များလာတယ်။ များလာတဲ့အတွက်ကြောင့် ထိုင်းနိုင်ငံရဲ့ ဥပဒေကြောင့် တောဆင်ကို လုံးဝဖမ်းခွင့်မပေးဘူး။ ဖမ်းခွင့်မပေးတဲ့အတွက်ကြောင့် တောဆင်လုံးဝဖမ်းခွင့် မပေးဘူး။ Captive elephant population မှာ သူတို့က ပိုများလာတယ်။ များလာတဲ့အတွက်ကြောင့် ဆင်လွယ်လွယ်ကူကူ ရနိုင်တာက ကျနော်တို့နိုင်ငံက ရနိုင်တယ်။

ဦးအောင်လွင်ဦး ။ ။ ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့ WWF ရဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ Christy Williams ကတော့ ဆင်အရှင်တွေကို တရားမဝင် နယ်စပ်ဖြတ်ကျော် ရောင်းချမှုတွေကို တားဆီးနိုင်မယ့် စနစ်တခု လိုအပ်တယ်လို့ ဆိုပါတယ်။

CW ။ ။ ဒီကိစ္စက တော်တော်ကို ကြီးမားတဲ့ပြဿနာ ဖြစ်လာနေပါပြီ။ အိမ်နီးချင်းတရုတ်ကိုသာမက ထိုင်းနိုင်ငံကိုပါ ခရီးသွားလုပ်ငန်းတွေအတွက် ဆင်အရှင်တွေကို တရားမဝင် မှောင်ခိုတာတွေ တော်တော်များများ ရှိနေတာဟာ တကယ့်ကို ကြီးမားတဲ့ပြဿနာလို့ ထင်ပါတယ်။ ဒီကိစ္စအတွက် သက်ဆိုင်ရာ အစိုးရတွေအနေနဲ့ နယ်စပ်ဖြတ်ကျော်ပူးပေါင်းမှု လိုမယ်လို့လဲ ယူဆပါတယ်။ တောဆင်တွေကို ဖမ်းပြီးတော့ ပြန်လည်ရောင်းချတဲ့အခါမှာ မွေးထားတဲ့ အိမ်ဆင်အဖြစ်လည်း ပြောတာလဲ ရှိတတ်တယ့်အတွက် ပြဿနာ ရှိပါတယ်။ ဒါကြောင့်လဲ ခြေရာခံနိုင်မယ့်စနစ်ရှိဖို့ လိုပါတယ်။ ဥပမာ အိန္ဒိယနိုင်ငံမှာဆိုရင် ဖမ်းထားတဲ့ ဆင်အယဉ်တွေကို Microchip နဲ့ မှတ်ပုံတင်စာရင်းသွင်းထားပါတယ်။ ဒါကြောင့်လဲ အိမ်ဆင်အဖြစ်နဲ့ မွေးလာတာ ဟုတ်မဟုတ် သိနိုင်ပါတယ်။ ဒါမျိုးတွေက မြန်မာနိုင်ငံမှာ တွင်တွင်ကျယ်ကျယ် မရှိသေးပါဘူး။

ဦးအောင်လွင်ဦး ။ ။ သစ်လုပ်ငန်းတွေ ရပ်ဆိုင်းထားတာကြောင့် အလုပ်လက်မဲ့ ဖြစ်နေတဲ့ ဆင်တွေအတွက် အလုပ်အကိုင်ရရှိရေး အလားအလာ၊ တရားမဝင် မှောင်ခိုရောင်းဝယ်မှုတွေ မဖြစ်အောင် တားဆီးနိုင်မယ့် အစီအစဉ်တွေနဲ့ ပတ်သက်လို့ နိုဝင်ဘာလနှောင်းပိုင်းတုန်းက လွှတ်တော်မှာ မေးမြန်းရာမှာတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်းက သဘာဝကိုအခြေခံတဲ့ ခရီးသွားလုပ်ငန်းတွေအနေနဲ့ ဆင်စခန်းတွေမှာ သစ်လုပ်ငန်းက အနားပေးထားတဲ့ ဆင်တွေကို အသုံးပြုဖို့ စီစဉ်နေသလို၊ ရှေ့လာမယ့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ စီစဉ်ထားတဲ့ ကျွန်းနဲ့သစ်မာ ထုတ်လုပ်ရေးလုပ်ငန်းတချို့မှာ မြန်မာသစ်လုပ်ငန်းနဲ့ ပုဂ္ဂလိကပိုင် ဆင်တွေကို ပြန်လည်အသုံးပြုမှာ ဖြစ်တဲ့အကြောင်း ဖြေကြားခဲ့တာပါ။ သစ်ထုတ်လုပ်ရေး လုပ်ငန်းတွေ ရပ်ဆိုင်းထားတာကြောင့် ဆင်တွေအလုပ်လက်မဲ့ ဖြစ်နေတဲ့အတွက် ကောင်းတဲ့ဘက်ကကြည့်မယ်ဆိုရင်တော့ ဆင်တွေပိုပြီး အနားယူချိန် ရလာတာကြောင့် ကျန်းမာရေးကောင်းလာတဲ့ ဆင်တွေအနေနဲ့ သားပေါက်နိုင်စွမ်း ပိုတိုးလာသလို ဆင်ဖမ်းဆီးမှုတွေ ရပ်ဆိုင်းထားတဲ့အတွက်လည်း တောဆင်ရိုင်းကောင်ရေ တိုးလာနိုင်ပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ ဆင်ကောင်ရေ တိုးလာတာနဲ့အမျှ လူတွေနဲ့ ပဋိပက္ခ ဖြစ်လာနိုင်တဲ့ အလားအလာတွေလည်း ပိုများလာနေပါတယ်။ အထူးသဖြင့်ကတော့ ခိုလှုံနေထိုင်စရာ ရှားပါးလာတာ။ စားကျက်မြေ ပျောက်လာတာတွေ ပြဿနာတွေကြောင့် လူတွေနေထိုင်ရာ အရပ်တွေကို ဆင်တွေရောက်လာတာ၊ စိုက်ခင်းပျိုးခင်းတွေကို ဝင်ရောက်စားသောက်တာတွေလို ဆင်နဲ့လူကြား ပဋိပက္ခတွေ ကြုံလာနေရတယ်လို့ မြန်မာ့သစ်လုပ်ငန်းမှ ဆင်ဆေးမှူးလည်းဖြစ်တဲ့ ဒေါက်တာဇော်မင်းဦး က ပြောပါတယ်။

ဒေါက်တာဇော်မင်းဦး ။ ။ ဆင်တွေရဲ့ နေရာကို လူတွေက ရောက်သွားတဲ့အတွက်ကြောင့်မို့ အဓိက Conflict ဖြစ်ရတဲ့အကြောင်းရင်းတချက်ပေါ့။ အဲဒီတော့ တောဆင်တွေက သူ့ရဲ့ Habitat ပျက်လာတော့ အုပ်စုတွေ ကွဲပျက်ပြီးတော့ တဖြည်းဖြည်းနဲ့ပျံ့ပြီးတော့ ဖြန့်ဆင်းတဲ့အခါကြတော့ လူနေဧရိယာထဲကို ပြန်ရောက်လာတယ်။ စဉ်းစားကြည့်ရင် သူ့နေရာထဲမှာ သွားနေရင်းနဲ့ လူတွေက သူတို့နေရာတွေကို ဝင်ကျူးကျော်တော့ သူတို့ Habitat ပျက်သွားခဲ့တယ်။ နောက်တပိုင်းက ဆင်တွေက အုပ်စုတွေ ကွဲကွဲလာတယ်။ ဥပမာအားဖြင့် အရင်တုန်းကဆိုရင် အကောင် (၃၀) (၄၀) နေလို့ရတဲ့ ဧရိယာတခုမှာ ဆင်တွေ (၃၀) (၄၀) နေလို့မရတော့ဘဲ ခြောက်ကောင်တအုပ်၊ ဆယ်ကောင်တအုပ်၊ တကောင်ထဲ ကွဲပြီးတော့ ဆင်အုပ်စုတွေကွဲလာတယ်။ အဲဒီလိုဖြစ်ပြီး ဆင်နဲ့လူနဲ့ အဓိက Conflict ဖြစ်ရတယ်။ နောက်တခုက အခုနပြောတဲ့ Fragment ဖြစ်သွားတဲ့ တောတွေထဲမှာ တကယ့်ကောင်းတဲ့နေရာတွေ ရှိပါတယ်။ ဆင်တွေအတွက် ကောင်းတဲ့စားကျက်တွေ ရှိတယ်။ ကျန်ခဲ့သေးတယ်။ ဒါပေမဲ့ အဲဒီနေရာမှာ ဆင်တွေမနေနိုင်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ Poaching မုဆိုးအန္တရာယ်ကြောက်ရတော့ ဆင်တွေကို တောက်လျှောက်လိုက်တယ်။ လိုက်တဲ့အခါကြတော့ ဆင်တွေက ရွာတွေလူတွေဆီ ပြေးဆင်းလာတယ်။ အဲဒီမှာ ရွာလူထုနဲ့ ပြဿနာတက်တယ်။ ဒါက Conflict ဖြစ်တဲ့ သံသယပေါ့။

ဦးအောင်လွင်ဦး ။ ။ မြန်မာပြည်ရဲ့ သစ်တောပမာဏဟာ ၁၉၉၀ ပြည့်နှစ်တွေကစလို့ (၄၂) ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) က လေ့လာတွေ့ရှိထားပါတယ်။ ဒီလို သစ်တောဧရိယာ ရှားပါးလာတာနဲ့အမျှ မှီခိုနေထိုင်စရာ တောတောင်နဲ့ စားကျက်မြေ ရှားပါးလာနေတဲ့ မြန်မာနိုင်ငံမှာ အစားရှာရင်နဲ့ဖြစ်ဖြစ်၊ ဆင်မုဆိုးတွေရန်ကို တိမ်ရှောင်ရင်ဖြစ်ဖြစ် မကြာခဏ မြို့တွေရွာတွေနား ရောက်လာကြတဲ့ ဆင်တွေအဖို့ ကြေကွဲစရာအဖြစ်တွေနဲ့ ကြုံရတတ်တယ်လို့ ဒေါက်တာဒေါ်ခိုင်ဦးမာ က ပြောပါတယ်။

ဒေါက်တာခိုင်ဦးမာ ။ ။ လွန်ခဲ့တဲ့နှစ်လလောက်က ဆင်မကြီးက တောထဲမှာ သာမန်အားဖြင့် လူမရှိတဲ့နေရာမှာ သားပေါက်လေ့ရှိတယ်။ သူက အဲဒီလိုမဟုတ်ဘဲနဲ့ ရွာနားမှာ သားလာပေါက်တယ်။ လူတွေက မသိဘူး။ ရွာနားကို ဆင်ကပ်တယ်ဆိုပြီး ဆင်ကိုထွက်မောင်းတာ။ လူထွက်မောင်းတော့ ဆင်မကြီးက ထွက်ပြေးတယ်။ ထွက်ပြေးတော့ ရက်သားလေးပဲရှိသေးတဲ့ ဆင်ကလေးက ဆင်မနောက်ကိုလိုက်တယ်။ ဆင်မက ချောင်းကိုဖြတ်ပြီး သစ်တောထဲကို ပြန်တဲ့အခါမှာ ဆင်ကလေးက ချောင်းထဲရေစီးနဲ့ မျှောပါသွားတော့မှ ရွာကလူတွေသိတယ်။ ရွာကလူတွေက ဆင်ကလေးကိုဆယ် - ရက်သားလေး ပါးစပ်ကလေးကနီနီ၊ ချက်တောင်မကျွေသေးဘူး။ အဲဒီအကောင်လေးကို သစ်တောဦးစီးကိုပေး၊ သစ်လုပ်ငန်းက ဆက်ပြီးပြုစုစောင့်ရှောက်တာ ဆင်ကလေးက ငယ်သေးတဲ့အတွက် အသက်မရှည်ပါဘူး။

ဦးအောင်လွင်ဦး ။ ။ မျိုးတုန်းမှာ စိုးရိမ်နေရတဲ့ ဆင်တွေကို ထိန်းသိမ်းဖို့ လိုအပ်နေတဲ့ တချိန်ထဲမှာပဲ တောဆင်ရိုင်းအန္တရာယ်ကြောင့် ဒေသခံတွေ အခက်တွေရမယ့် အခြေအနေမျိုးတွေလည်း ရှိနေပါတယ်။ တောဆင်ရိုင်းတွေ မကြာခဏ ဝင်ရောက်လေ့ရှိတဲ့ ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်မှာဆိုရင် မကြာသေးခင်ကပဲ လျှပ်စစ်ခြံစည်းရိုး ကာရံတာမျိုး အစီအမံတွေနဲ့ တားဆီးဖို့ ကြိုးပမ်းလာရတဲ့အထိပါ။ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး ပညာရှင် ဒေါက်တာခိုင်ဦးမာကတော့ ဆင်တွေအတွက် အန္တရာယ်မရှိနိုင်တဲ့ နည်းလမ်းမျိုးတွေနဲ့ တောဆင်ရိုင်းအန္တရာယ်ကို ကာကွယ်ဖို့ အကြံပြုပါတယ်။

ဒေါက်တာဒေါ်ခိုင်ဦးမာ ။ ။ အဲဒီတော့ ကျမအတွက် သူများလုပ်သလို Electric Fence တွေ လုပ်မှ ဆင်မောင်းလို့ရတာ မဟုတ်ဘူး။ Electric Fence က သင့်တော်သော Option မဟုတ်ဘူး။ လျှပ်စစ်မီးတောင် နေရာတကာ ရသေးတာမဟုတ်ဘူး။ တောရွာတွေမှာ မရနိုင်ဘူး။ အန္တရာယ်များတယ်။ လူလည်း ဓါတ်လိုက်နိုင်တယ်။ ဆင်ဓါတ်မလိုက်ခင် လူဓါတ်လိုက်ဖို့များတယ်။ အခုဆင်က Electric Fence ကိုထိရင် ကျင်တယ်။ ကျင်သွားရင် မလာတော့ဘူး။ ဒါပေမဲ့ အဲဒါကြီးကို သူ့အတွက် Large Scale မလုပ်နိုင်တဲ့အတွက် Affordable ဖြစ်တဲ့ Method လေးတွေ သုံးစေချင်တယ်။ ငရုတ်သီးအညော်တိုက်တာတို့ ဘာတို့ပေါ့။ ဝါးပိုးဝါးနဲ့ မီးဖုတ်အညော်တိုက်တာ။ လော်စပီကာကြီးတွေနဲ့ သီချင်းဖွင့်တာကအစ Affordable နည်းနဲ့ ဆင်မောင်းနိုင်တာရှိတော့ ဒါလေးတွေကို ပြည်သူလူထုကို ပညာပေးတဲ့နေရာမှာလည်း ကျယ်ကျယ်ပြန့်ပြန့် ရေဒီယို၊ တယ်လီဗေရှင်း မီဒီယာနဲ့ လုပ်ရင်တော့ ပိုပြီးတော့ Effective ဖြစ်မယ်လို့ ဆရာမတို့က ယူဆတယ်။

ဦးအောင်လွင်ဦး ။ ။ ဒီကနေ့ အခြေအနေမှာတော့ ကမ္ဘာပေါ်က နိုင်ငံပေါင်း (၁၃) နိုင်ငံမှ အာရှဆင်ကောင်ရေ ငါးသောင်းလောက်သာ ကျန်ရှိတော့ပြီး၊ မျိုးတုန်းမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတာပါ။ ဒီအတွက်လဲ ကမ္ဘာပေါ်မှာ အိန္ဒိယနိုင်ငံပြီးရင် အာရှဆင် ဒုတိယအများဆုံးရှိနေတဲ့ မြန်မာနိုင်ငံအနေနဲ့ တချိန်က ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ လူမှုအသိုင်းအဝိုင်းကြား တန်းဖိုးထားခဲ့တဲ့ ဆင်တွေကို စနစ်တကျ ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်နေပြီလို့ ကျွမ်းကျင်သူတွေက သတိပေးနေကြပါတယ်။