မိုးတွင်းတုပ်ကွေး ပျံ့နှံ့မှု

  • ဝင်းမင်း

မြန်မာနိုင်ငံမှာ ဒီနှစ်မိုးရာသီအတွင်း တုပ်ကွေးဖြစ်ပွားမှု၊ ပျံ့နှံ့မှု ထူးထူးခြားခြား ပိုများလာနေတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးနေကြပါတယ်။

Your browser doesn’t support HTML5

မိုးတွင်းတုပ်ကွေး ပျံ့နှံ့မှု


အခုလို ကူးစက်ဖြစ်ပွားမှု ပိုများလာရတာက လူနေထူထပ်ပြီး လေဝင်လေထွက် မကောင်းတဲ့နေရာတွေကို အသုံးများလာတာ နဲ့ အမျိုးအစားမတူတဲ့ တုပ်ကွေး ဗိုင်းရပ်ပိုးတွေ တစ်ခုပြီး တစ်ခု ပြောင်းဖြစ်လာနေလို့ပါ။

တုပ်ကွေးဖြစ်တာကို စောသိပြီး ကုသနိုင်ဖို့ စောင့်ကြည့်ရမယ့် လက္ခဏာတွေကတော့ နှာချေတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာ၊ ကိုယ်လက်ကိုက်ခဲတာ၊ ခါးနာတာ၊ ကျောကိုက်တာ၊ မျက်ရိုးကိုက်တာ၊ မျက်ရည်ပူကျတာတွေ ဖြစ်ပါတယ်။ ဒီရောဂါဖြစ်လာသူအနေနဲ့ ကိုယ်လက်ကိုက်ခဲပြီး၊ ပင်ပန်းနွမ်းနယ်လွန်းတာမို့ အိပ်ယာထဲ ကွေးနေတတ်ပါတယ်။

တုပ်ကွေး ဗိုင်းရပ်ပိုးက လေနဲ့ ထိတွေ့မိတာကတဆင့် ပါးစပ်နဲ့ နှာခေါင်းပေါက်ကနေ ဝင်နိုင်တာမို့ ကူးစက်မခံရအောင် ကာကွယ်ဖို့ ရောဂါဖြစ်နေသူတွေ ကျောင်းအလုပ် မသွားဘဲ၊ အိမ်မှာပဲ နားနေသင့်ပါတယ်။ ရောဂါရှိသူတွေအနေနဲ့ နှာချေ၊ ချောင်းဆိုးရင် ကာကွယ်အုပ်ပြီး နှာချေ၊ ချောင်းဆိုးသင့်သလို၊ နေကောင်းသူတွေအနေနဲ့လည်း လူနေထူထပ်ပြီး လေဝင်လေထွက် မကောင်းတဲ့ နေရာတွေသွားရမယ်ဆိုရင် နှာခေါင်းစည်း ဝတ်သွားသင့်ပါတယ်။ ဒါ့အပြင် ဒီရောဂါရှိသူတွေ ထိတွေ့ထားနိုင်တဲ့ အများသုံး အရာတွေကို ကိုင်မိနိုင်တာမို့ ဒါတွေကို ထိကိုင်ပြီးရင် ချက်ချင်း လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင်ဆေးဖို့ အရေးကြီးပါတယ်။ တတ်နိုင်သူတွေ တုတ်ကွေးကာကွယ်ဆေးထိုးနိုင်ပေမယ့် ရာနှုန်းပြည့် မကာကွယ်နိုင်တာကို သတိပြုပြီး အထက်ပါ ကာကွယ်နည်းတွေကို အလားတူ ကျင့်သုံးသင့်ပါတယ်။

တုပ်ကွေးရောဂါ ဖြစ်လာခဲ့ရင်တော့ စောစော ကုသသင့်ရာမှာ အဖျားကျ၊ အကိုက်အခဲပျောက်ဆေး ပါရာစီတမော သောက်ပြီး၊ အပြည့်အဝအနားယူကာ၊ ရေများများသောက်၊ အစာဝဝ စားသုံးသင့်ပါတယ်။ တုပ်ကွေးက ဗိုင်းရပ်ကြောင့်ဖြစ်တာမို့ ပုံမှန်အားဖြင် (၂) ရက် (၃) ရက်အတွင်း ပြန်ကောင်းသွားနိုင်ပါတယ်။ ဒါပေမဲ့ တပတ်ကျော်ကြာအောင် ဒီတုတ်ကွေးမပျောက်ပါက နောက်ဆက်တွဲ တိုက်ဖွိုက်နဲ့ အခြားဘက်တီးရီးယားပိုး (ဥပမာ နျူမိုးနီးယား ခေါ် အဆုပ်ယောင်ရောဂါ) ဝင်လာနိုင်တာကြောင့် ဆရာဝန်ပြပြီး၊ ဆရာဝန်ညွန်ကြားရင် ပဋိဇီဝဆေး သောက်သုံးသင့်ပါတယ်။ တုတ်ကွေးအဖျားကျပြီး ပုံမှန်ချောင်းဆိုးတာက ရက်အတန်ကြာနိုင်ပြီး ပုံမှန်ရေများများသောက်ခြင်းဖြင့် ပြန်ကောင်းသွားနိုင်ပါတယ်။ ဒါပေမဲ့ ချောင်းဆိုးရာမှာ ချွဲသလိပ်အထွက်များလာနေရင်တော့ ဆရာဝန်ပြပြီး လိုအပ်နိုင်တဲ့ ကုသမှု ဆက်ယူသင့်ပါတယ်။

ဒီရောဂါအကြောင်းဆိုင်ရာတွေကို ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံ ဆရာဝန်များအသင်းက ဒေါက်တာ မြင့်ဦး ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။