မြန်မာ့ကုန်သွယ်ရေး နဲ့ စီးပွားရေး အလားအလာ

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာသန်းမြင့်

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံထဲကို ပြည်ပကုန်ပစ္စည်းတွေ အလုံးအရင်းနဲ့ ဝင်လာနေလို့ ကုန်သွယ်ရေး မညီမျှမှုတွေနဲ့ ဖြစ်နေတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာသန်းမြင့် က ပြောဆိုလိုက်ပါတယ်။ ဒေါ်ခင်စိုးဝင်းက စီးပွားကူးသန်းဝန်ကြီး ဒေါက်တာသန်းမြင့်ကို တွေ့ဆုံမေးမြန်းထားပါတယ်။

Your browser doesn’t support HTML5

ဒေါက်တာသန်းမြင့်နဲ့ တွေ့ဆုံမေးမြန်း


ဒေါ်ခင်စိုးဝင်း ။ ။ မင်္ဂလာပါ ဆရာ။

ဒေါက်တာသန်းမြင့် ။ ။ မင်္ဂလာပါ။ ကြိုဆိုပါတယ်

ဒေါ်ခင်စိုးဝင်း ။ ။ ကျမတို့ VOA အမေရိကန်အသံကို တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။ ပထမဦးဆုံး ပြောချင်တာကတော့ Congratulations ပါ။ ဆရာကို စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးအဖြစ်နဲ့ ခန့်အပ်ခြင်းခံရတဲ့အတွက် အများကြီးလည်း ဂုဏ်ယူပါတယ်။ Congratulations ပါ။

ဒေါက်တာသန်းမြင့် ။ ။ ကြိုဆိုပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဆရာအနေနဲ့ ဆရာ့အတွေ့အကြုံကို အတိုချုပ်ပြန်ပြောရမယ်ဆိုရင် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဆင်းရဲမွဲတေမှုပပျောက်ရေးတွေလည်း ပါဝင်ဆောင်ရွက်ခဲ့ဖူးတယ်။ သုတေသနတွေလည်း လုပ်ဖူးတယ်။ ဆရာ့ရဲ့ အတွေ့အကြုံက မြန်မာနိုင်ငံ ဆင်းရဲမွဲတေမှုပပျောက်ရေးမှာလည်း အထောက်အကူ ဖြစ်လိမ့်မယ်လို့ ကျမ ယူဆပါတယ်ရှင့်။

ဒေါက်တာသန်းမြင့် ။ ။ ဆင်းရဲမွဲတေမှုပပျောက်ရေးကတော့ Cross Sectors ကဏ္ဍပေါင်းစုံ နဲ့ ဝန်ကြီးဌာနပေါင်းစုံနဲ့ သက်ဆိုင်တာပေါ့။ ကျနော်တို့ အခု ကုန်သွယ်ရေး လုပ်တဲ့အခါမှာ Trade ကလည်း ဆင်းရဲမွဲတေပပျောက်ရေးမှာ အဓိကကျတဲ့ အစိတ်အပိုင်းတရပ်ဖြစ်တော့ ဒါလဲ အင်မတန် ထိရောက်တဲ့ ဝန်ကြီးဌာနအဖြစ် ပါဝင်ဆောင်ရွက်မှာပေါ့။ ပါဝင်ဆောင်ရွက်ပါလိမ့်မယ်။

ဒေါ်ခင်စိုးဝင်း ။ ။ စီးပွားကူးသန်းဝန်ကြီးဌာနအနေနဲ့ ကျမ နားလည်သလောက် ပြောရမယ်ဆိုရင်တော့ နိုင်ငံရဲ့ စီးပွားရေးရာကိစ္စတွေမှာ ထဲထဲဝင်ဝင် ဆောင်ရွက်ရမယ်။ ကူးသန်းရောင်းဝယ်ရေးမှာလည်း နိုင်ငံတကာနဲ့ ဆက်သွယ်ပူးပေါင်းဆောင်ရွက်တာတွေလည်း ရှိမှာပေါ့။ ဆရာ စီးပွားကူးသန်းဝန်ကြီးတယောက်အနေနဲ့ တာဝန်ယူရတော့မယ်ဆိုရင် ဘာကိုများ ဦးစားပေးဆောင်ရွက်ချင်ပါလဲရှင့်။

ဒေါက်တာသန်းမြင့် ။ ။ ဦးစားပေးတာ ကျနော်တို့ (၃) မျိုးလောက်ရှိတယ်။ တမျိုးကတော့ လောလောဆယ် ပြည်တွင်းကုန်စည်ကူးသန်းရောင်းဝယ်ရေးပေါ့။ ဒီနေ့ ဒီမှာ ကြုံတွေ့ရတဲ့ ပြဿနာက ထုတ်လုပ်သူက အထူးသဖြင့် လယ်သမားပါ။ ဒေသစက်မှုလုပ်ငန်းများ - သူက ထုတ်လုပ်ချင်ရင် သင့်တော်တဲ့ ဈေးနှုန်းတခုတော့ ရရမှာပေါ့။ တဖက်က ဒါကို ကျနော်တို့က Think Point အနေနဲ့ ကြည့်မယ်ဆိုရင် စားသုံးသူကလည်း သင့်တော်တဲ့ ဈေးနှုန်းကို ပေးရမယ်။ ပို့ကုန်ကြတော့လဲ သင့်တော်တဲ့ ဈေးနှုန်းပေးရမှာပေါ့။ ဒီမှာ ကြည့်ရတာက ဘာဖြစ်လဲဆိုတော့ တောင်သူလယ်သမားတွေ ထုတ်တဲ့ဈေးနဲ့ စားသုံးသူဈေးက အင်မတန် ကွာဟနေတယ်။ လေးဆ၊ ငါးဆ၊ ခြောက်ဆလောက် ကွာတဲ့အခါကြတော့ သဘောကတော့ ထုတ်လုပ်သူ တောင်သူလယ်သမားဈေးနှုန်းက အင်မတန်နိမ့်ပြီးတော့ စားသုံးသူက ပိုများနေတယ်။ ဒီကြားထဲမှာ Trade ဖြန့်ချီတဲ့အခါကြတော့ ဒီမှာက Supply Chain ဖြန့်ချီရေးအပိုင်းမှာ ဘာလဲဆိုတော့ ချောမွေ့မှု မရှိဘူးပေါ့။ ဒါကို ကျနော်တို့က Trade Route သယ်ယူပို့ဆောင်ရေး အဓိကပါသလို၊ တခြား ဆက်သွယ်ရေး အခြားအရာတွေလည်း ပါတယ်ပေါ့။ ပြည်နယ်ပြည်မဆိုတဲ့ ဖြန့်ချီမှုတွေပါတော့ ဒါကို ကျနော်တို့က ထုတ်လုပ်သူနဲ့ စားသုံးသူကြားထဲမှာ သင့်တင့်မျှတမှုရအောင် Supply Chain တွေ ပြုပြင်ပြောင်းလဲရဖို့အတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ဖို့၊ အတားအဆီးတို့၊ မလိုအပ်တဲ့ ဥပဒေတွေ ဒါတွေက ပြည်တွင်းမှာရှိတာပေါ့။ နောက်တခုက ပြည်ပနဲ့ ဆက်ဆံတဲ့အခါကြတော့လဲ ပြည်တွင်းက သိတဲ့အတိုင်း ယနေ့အထိ သဘာဝအခြေခံပေါ်ထုတ်တဲ့ ပစ္စည်းတွေ၊ ပို့ကုန်တွေကို ပို့နေရတော့ ဒါကလဲ အတတ်အကျ ရှိတယ်ပေါ့။ နောက်တခုက ကျနော်တို့က ကုန်သွယ်ရေးမှာလည်း နိုင်ငံ တနိုင်ငံ၊ နှစ်နိုင်ငံကို လုံးဝမှီခိုနေရတဲ့ သဘောဖြစ်တယ်။ တိုင်းပြည်က ပွင့်လင်းလာတဲ့အခါကြတော့ ကျယ်ကျယ်ပြန့်ပြန့် ဈေးကွက်ကို ဖြန့်ပြီးတော့ တခြားနိုင်ငံတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ကူးလူးဆက်ဆံဖို့ကလဲ အဓိက ပြဿနာဖြစ်တယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခု သမ္မတကြီးဦးထင်ကျော် ပြောသွားတဲ့ မိန့်ခွန်းထဲမှာလည်း ဈေးကွက်စီးပွားရေးစနစ်ကို ပီပီပြင်ပြင် အကောင်အထည်ဖော်ဖို့ဆိုတာ ပါပါတယ်။ နောက်ပြီးတော့ ဒေသတွင်း နိုင်ငံတွေ အာဆီယံနိုင်ငံတွေ၊ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ စီးပွားရေး ကူးသန်းရောင်းဝယ်မှုကလည်း ဒီနိုင်ငံအတွက် အများကြီး အရေးကြီးပါတယ်။ အိမ်နီးချင်းနိုင်ငံအနေနဲ့ စီးပွားရေးမူဝါဒကို ဘယ်လိုစဉ်းစားထားပါလဲ။ ဆက်ဆံမှုပေါ့။

ဒေါက်တာသန်းမြင့် ။ ။ ဆက်ဆံတာတော့ ကျနော်တို့ ပွင့်လင်းမြင်သာမှုလည်းရှိတယ်။ သိတဲ့အတိုင်း လူထုက မျှော်လင့်ချက်နဲ့ ရွေးချယ်လိုက်တဲ့အခါကြတော့ တော်တော်လေးကိုပဲ ပတ်ဝန်းကျင်နိုင်ငံတွေက ဆက်ဆံမှုက ပွင့်လင်းလာတဲ့သဘော ရှိပါတယ်။ ဟိုတုန်းကလည်း ဆက်ဆံခဲ့ပါတယ်။ သို့သော် ဟိုတုန်းအခြေအနေအရ အကန့်အသတ်တွေ ရှိတယ်။ ကျနော်တို့ဖက်ကလည်း အကန့်အသတ်တွေ ရှိတယ်။ ဥပမာ နည်းပညာ ကျွမ်းကျင်မှု၊ ငွေရေးကြေးရေးဆိုတဲ့ ကန့်သတ်ချက်တွေက ကျနော်တို့အနေနဲ့ နိုင်ငံတကာကို ထိုးဖောက်ရာမှာ အားနည်းချက်တွေ ရှိပါတယ်။ အခုတော့ ပွင့်လင်းလာတဲ့အခါကြတော့ နိုင်ငံတကာလည်း ကိုယ့်ပြည်တွင်းကို ဝင်လာတာ ရှိတယ်။ ကိုယ့်ကလည်း သူက ဝင်လာတာ များနေတာပေါ့။ ကျနော်တို့က ဝင်ရောက်ထိုးဖောက်ဆိုတာလဲ နိုင်ငံတကာအဖွဲ့အစည်းတွေ အကူအညီ WTO စတဲ့ အဖွဲ့အစည်း၊ နောက်တခါ ဂျပန်၊ ကိုးရီးယားတို့ နည်းပညာတွေ ပေးနေတာတွေ ရှိပါတယ်။ အိန္ဒိယတို့လည်း ဟိုတုန်းက အစဉ်အလာ ဆက်ဆံလာတော့ ဒါကို ကျနော်တို့က တဖက်ကလဲ အစိုးရအဖွဲ့အစည်းအချင်းချင်း ဆက်ဆံ။ တဖက်ကလဲ လုပ်ငန်းရှင်အချင်းချင်း ပုံမှန်ဆက်ဆံလာအောင် ဘာပဲဖြစ်ဖြစ် ကျနော်တို့တွေက ထိုးဖောက်နိုင်ဖို့တော့ စတင်လုပ်နိုင်မယ်လို့ မျှော်လင့်ထားတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ နယ်စပ်ချင်း ဆက်စပ်နေတဲ့၊ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေ - တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတို့ ရှိတာပေါ့။ သူတို့တွေက ဖြတ်သန်းစီးဆင်းလာတဲ့ ကုန်စည်စီးဆင်းမှု Trade Balance မှာ ကုန်ပစ္စည်းတွေရဲ့ အရည်အသွေး၊ ဥပမာ တရုတ်ကဝင်တဲ့ ကုန်သွယ်တဲ့ ပစ္စည်းတွေက မြန်မာနိုင်ငံသားတွေအတွက် စားသုံးဖို့ မသင့်ဘူးဆိုတဲ့ဟာမျိုးတွေပေါ့။ အဲဒါမျိုး ကြီးကြပ်ဖို့ ပိုပြီးတော့ ဒီထက်မက လက်ရှိလုပ်နေတဲ့ လုပ်ထုံးလုပ်နည်းတွေအတွက် ပိုပြီးတော့ စည်းစနစ်ကျတဲ့ စနစ်ကို ထူထောင်ဖို့ ရှိပါလားရှင့်။

ဒေါက်တာသန်းမြင့် ။ ။ ဒီနေရာမှာ နှစ်ချက်ပြောစရာ ရှိပါတယ်။ ဗမာနိုင်ငံက နိုင်ငံကြီးတွေကြားထဲမှာ၊ လူဦးရေများတဲ့ နိုင်ငံတွေကြားမှာ၊ ထိုင်းတို့ တိုးတက်တဲ့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်တို့ကြားထဲမှာ နေရတော့ ကျနော်တို့နိုင်ငံက သူတို့ဆီမှာ ဈေးကွက်ရမယ်လို့ နိုင်ငံတကာက ပြောကြတယ်ဗျ။ တကယ့်တကယ်တော့ သူတို့က ကျနော်တို့ဆီလာပြီး ဈေးကွက်ဖွင့်ထားတော့ ကျနော်တို့မှာလည်း အတော်လေးကို စိုးရိမ်စိတ် ရှိပါတယ်။ စားသုံးကုန်အများစု၊ နောက်တခါ -- ပစ္စည်းတွေ၊ နောက်တခါ Spare parts ကြားကုန်ပစ္စည်းတွေက ဒလဟော ဝင်လာတဲ့အခါကြတော့ Trade က Balance က မမျှဘူး ဖြစ်နေတယ်။ အဲဒီလိုဆိုတော့ တခါ တချို့ကုန်ပစ္စည်းတွေက အရည်အသွေး မမီတာရှိတယ်။ ဗမာပြည်ကြီးက Dumping Ground လို ဖြစ်တဲ့သဘော ထောက်ပြတဲ့အခါကြတော့ ကျနော်တို့ Ministry ဝန်ကြီးဌာနမှာဆိုရင် ဝန်ကြီးဌာနက စားသုံးကုန်ကာကွယ်ရေး ဦးစီးဌာနကို ဖွဲ့ထားပါတယ်။ စဖွဲ့ထားပြီး လုပ်ငန်းတွေ စတင်လုပ်ဆောင်နေပါတယ်။ ဒီမှာလည်း ဘီယာကုမ္ပဏီတွေက ပုဂ္ဂလိကုမ္ပဏီကလည်း ယှဉ်ပြိုင်မှု အပြည့်ရအောင်၊ အချင်းချင်းပြိုင်ဆိုင်မှုနဲ့လုပ်မှ - သို့မဟုတ် လက်ဝါးကြီးအုပ်မှု ရှိတဲ့အခါကြတော့ ကုန်ပစ္စည်းကိုလည်း လက်ဝါးကြီးအုပ် တင်သွင်းပြီးတော့ တိုင်းပြည်နဲ့ အခုန ဆရာမပြောသလို ကျန်းမာရေး မညီညွှတ်သော၊ အရည်အသွေးမမီတဲ့ ပစ္စည်းတွေ ဒလဟော ဝင်လာတော့ ဒါကို ဘာပဲဖြစ်ဖြစ် ညှိနှိုင်းတိုင်ပင်ဆွေးနွေးပြီးတော့ -အမြင်နဲ့ တားဆီးဖို့တော့ လိုအပ်တာပေါ့။ သဘောကတော့ ကျနော်တို့က နိုင်ငံတော်ကုန်သွယ်ရေးမှာ Protection ကတော့ ကာကွယ်မှု မဟုတ်ပါဘူး။ Encourage အားပေးခြင်းနဲ့ ပြည်တွင်းက လုပ်ငန်းရှင်တွေကို ညှိနှိုင်းပြီးတော့ ကာကွယ်ရမှာပါ။ အချိန်တော့ ယူရပါလိမ့်မယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဒီလိုမျိုး စားသုံးသူကာကွယ်ရေးအသင်းဆိုပြီးတော့ NGO အဖွဲ့အစည်းတွေ၊ အရပ်ဖက်လူမှု့အဖွဲ့အစည်းတွေ ဖွဲ့စည်းထားတာ ရှိပါတယ်။ ဒီအရပ်ဖက်လူမှု့အဖွဲ့အစည်းတွေနဲ့ ဝန်ကြီးဌာနအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဘယ်လိုများ စဉ်းစားထားပါလဲရှင့်။

ဒေါက်တာသန်းမြင့် ။ ။ စဉ်းစားထားတာ ရှိပါတယ်။ ဦးစီးဌာနတခု၊ Section ဌာနတခု၊ ဌာနခွဲတခု သူတို့ တည်ထောင်ထားပါတယ်။ Senior officers တွေ ခန့်ပြီးပါပြီ။ စားသုံးသူကာကွယ်ရေးဦးစီးဌာန - ကာကွယ်တယ်ဆိုတာ ဘေးအန္တရာယ်ဖြစ်မယ့် ပစ္စည်းမျိုးကို ကာကွယ်တဲ့ သဘောမျိုးလည်း မဟုတ်ပါဘူး။ ပြည်သူလူထုက ကိုယ့်ပစ္စည်းကို ဘယ်လောက် အဆင့်မြင့်မြင့်နဲ့ ထုတ်လုပ်သူ၊ စားသုံးသူ အန္တရာယ်ရှိမှု၊ မရှိမှု ဒါတွေကို ကိုင်တွယ်ဆောင်ရွက်မှာပါ။ ဒီနေရာမှာတော့ လူမှု့အဖွဲ့အစည်းတွေက အင်မတန် အရေးကြီးပါတယ်။ ဗမာပြည်မှာ ကောင်းတာက လူမှု့အဖွဲ့အစည်း တော်တော်များများက ဒေသဆိုင်ရာ၊ ပြည်တွင်းပြည်ပ တော်တော်များများ ရှိထားတော့ အတော်အားရဖို့ ကောင်းပါတယ်။ သို့သော် ကျနော်တို့က စတင်ချိတ်ဆက်မှု ရလာတော့ မကြာခင်မှာ စတင်ဆောင်ရွက်မှာပါ။

ဒေါ်ခင်စိုးဝင်း ။ ။ နိုင်ငံတကာ အတွေ့အကြုံကိုလည်း ကုလသမဂ္ဂမှာ ထဲထဲဝင်ဝင် ဆောင်ရွက်ခဲ့ဖူးတယ်ဆိုတော့ ဒီနိုင်ငံရဲ့ လူနေမှုဘဝ မြှင့်တင်ရေးအတွက် ဘာကို ဦးစားပေးလုပ်ရင် ကောင်းမလဲလို့ စဉ်းစားထားပါလဲရှင့်။

ဒေါက်တာသန်းမြင့် ။ ။ အဲဒါကတော့ စောစောက ဆရာမပြောသလို ပြည်သူက နှစ်ပေါင်းများစွာ နိုင်ငံရေးခါးစီးခံခဲ့ရတော့ လိုအပ်ချက်တွေ အများကြီးပါပဲ။ လှိုင်သာယာမြို့နယ်ဆိုတာ အစွန်းဆုံးက ကျနော်က လာတယ်ဆိုတော့ ပိုသိတာပေါ့။ ဒီလိုပဲ ပြည်နယ်ပြည်မ ချင်းတောင်၊ ရခိုင်၊ အရှေ့မြောက်ဒေသတွေမှာလည်း ပြည်သူရဲ့ လိုအပ်ချက်က အများကြီးရှိတယ်။ အလုပ်အကိုင် ရရှိရေး၊ ကျန်းမာရေး၊ ပညာရေး၊ သွားရေးလာရေး၊ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ တဖတ်က အရှေ့မြောက်မှာ ဖြစ်နေတဲ့ ငြိမ်းချမ်းရေး စသဖြင့် အများကြီး လိုအပ်နေတာ။ သူတို့က တက်လာတဲ့ အစိုးရအပေါ် အင်မတန် မျှော်လင့်ချက် ကြီးမားပါတယ်။ ကြီးမားတဲ့အခါကြတော့ ကျနော်တို့က ဒါကို ချက်ချင်းလက်ငင်းတော့ ကျနော်တို့က အဆင့်ဆင့်တော့ လုပ်ပေးနိုင်မှာ။ ဒါက ကျနော်တို့အတွက် စိန်ခေါ်မှု၊ တဖက်က ကျနော်တို့ဖက်ကို ကြည့်မယ်ဆိုရင် အစိုးရသစ် တက်လာတဲ့အခါကြတော့ ကျနော်တို့အစိုးရရဲ့ အရည်အသွေးကိုလည်း ထည့်သွင်းစဉ်းစားရမှာပေါ့။ နောက်တချက်ကလည်း ကျနော်တို့က အခြေခံဥပဒေအရ ၂၀၀၈ အရ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဒါကလဲ အကန့်အသတ်တခု ဖြစ်နေတယ်။ ဒီဘောင်အတွင်းက ဆောင်ရွက်ကြရတာ။ တဖက်ကလဲ ကျနော်တို့ ဖွံ့ဖြိုးနိုင်ငံတွေမှာ ကျန်းမာရေး၊ ပညာရေးတွေက အစိုးရဖက်ကပဲ အားလုံးဆောင်ရွက်တဲ့အခါကြတော့ ကျနော်တို့က အစိုးရရဲ့ ပေါ်လစီ၊ လုပ်ငန်းဆောင်တာများ၊ ဝန်ထမ်းများအတွက်လည်း ဆောင်ရွက်ရမယ်။ ဝန်ထမ်းတွေ အရည်အသွေးမြှင့်မှု - ဥပဒေလိုက်နာမှု၊ ပွင့်လင်းမြင်သာမှုကလည်း စိန်ခေါ်မှုဖြစ်တယ်။ ဝန်ထမ်းတွေလည်း ပူးပေါင်းဆောင်ရွက်ရမယ်။ တဖတ်ကလဲ Resources ကို ကြည့်မယ်ဆိုရင်လဲ လမ်းပန်းဆက်သွယ်ရေး၊ မီးလျှပ်စစ်၊ ရေ။ တဖက်ကလဲ Institutional Infrastructure အစိုးရအဖွဲ့အစည်း ဝန်ထမ်းတွေရဲ့ စွမ်းရည်။ တဖက်ကလဲ လူမှု့အဖွဲ့အစည်းတွေနဲ့ စေတနာရှင်အဖွဲ့အစည်းတွေရဲ့ စွမ်းရည်ကလည်း စိန်ခေါ်မှုပေါ့။ ကန့်သတ်ချက်က ဘတ်ဂျက်ဝင်ငွေပေါ့။ အရာရာမှာ အစိုးရဘတ်ဂျက်ရရင် လုပ်နိုင်တယ်ဆိုတော့ ဒီဘတ်ဂျက်ကလဲ သိတဲ့အတိုင်းပဲ ကျနော်တို့မှာက လိုငွေဘတ်ဂျက် အများကြီးပြနေတော့ ဒီဘတ်ဂျက်ရငွေကို ကျနော်တို့က ကြိုးစားပမ်းစား ရအောင်ရှာဖွေပြီး သုံးနိုင်မယ်။ အစီအစဉ်နဲ့ သုံးမယ်။ နိုင်ငံတကာအဖွဲ့အစည်းများကလည်း နည်းပညာဖြစ်စေ၊ ငွေကြေးအားဖြင့် ထောက်ပံ့မှာပါ။ ကျနော်လည်း များများပိုရမယ်လို့။ ဒါနဲ့ ပေါင်းစပ်လုပ်မယ်ဆိုရင်တော့ လွှတ်တော်၊ အစိုးရအဖွဲ့ဝန်ထမ်း၊ ပြည်သူ့စောင့်ကြည့်ရေးအဖွဲ့၊ နိုင်ငံတကာရဲ့ ကူညီမှုနဲ့ လုပ်မယ်ဆိုရင်တော့ အောင်မြင်အောင် လုပ်နိုင်မှာပါ။

ဒေါ်ခင်စိုးဝင်း ။ ။ ဒေါ်အောင်ဆန်းစုကြည် အမြဲတမ်းပြောတဲ့ အဂတိတရား ကင်းစင်ရေး။ ဒီ စီးပွားကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနဆိုတာလဲ အဂတိလိုက်စားတဲ့နေရာမှာ နံမည်လည်း ကြီးခဲ့ဖူးပါတယ်။ ဥပမာ ကားပါမစ် ထုတ်ပေးတဲ့ကာလတုန်းကဆိုရင် ခေါင်အစ မိုးမလုံခဲ့လို့ တော်တော်လေးကို နာမည်ပျက်ခဲ့တာပါ။ ဆိုတော့ ဝန်ကြီးလက်ထက်မှာ အဂတိလိုက်စားမှု ကင်းစင်ရေးနဲ့ ပတ်သက်ပြီး ဘာတွေများ အကောင်အထည်ဖော်ဖို့ စဉ်းစားထားပါလဲရှင့်။

ဒေါက်တာသန်းမြင့် ။ ။ ဒါတွေက - ထောက်ပြတာလဲ တွေ့ရှိရတာပေါ့။ ကျနော်တို့ ဥက္ကဋ္ဌကလည်း ပြောပါတယ်။ အဂတိတရား (၄) ပါးမှာ ကိုယ်ကိုယ်တိုင်က၊ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ၊ အစိုးရအဖွဲ့ လူကြီးတွေက ကင်းစင်ဖို့ လိုပါတယ်။ အဂတိလိုက်ပြီး ငွေရေးကြေးရေးတို့ အဆင်းရဲကို ခံနိုင်ရမယ်။ မချမ်းသာမှုကိုလည်း ခံနိုင်ရမယ်။

ဒေါ်ခင်စိုးဝင်း ။ ။ လောကဓံ ရှစ်ပါးထဲက …

ဒေါက်တာသန်းမြင့် ။ ။ လောကဓံ ရှစ်ပါးထဲက။ ဝန်ကြီးဌာနတွေက ကင်းစင်ရမယ်ဆိုတာက ဟိုတုန်းက ခရိုနီ၊ အဂတိဆိုတာက သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့နဲ့ တဖက်က ကုန်သည်နဲ့ ပေါင်းလုပ်တာကို။ ကျနော်ဖက်က အုပ်ချုပ်ရေးဖက်၊ ဝန်ကြီးတဦးက၊ အစိုးရအဖွဲ့က ကင်းစင်ကြမယ်ဆိုရင် လျော့တော့လျော့သွားလိမ့်မယ်။ ကျန်တဲ့ဟာကိုများ ကျနော်တို့က ဥပဒေစိုးမိုးရေးအတွင်းက ပွင့်လင်းမြင်သာမှုနဲ့ အောက်ခြေက ပြည်သူများရဲ့ ပါဝင်စောင့်ကြည့်မှု၊ လွှတ်တော်ကလည်း စောင့်ကြည့်မယ်ဆိုရင်တော့ အဂတိတရားကတော့ အတော်ကြီးကို လျော့နည်းသွားမှာပါ။ လျော့နည်းသွားအောင် ကျနော်တို့ လုပ်ပါမယ်။

ဒေါက်တာသန်းမြင့် ။ ။ ကျေးဇူးအများကြီး တင်ပါတယ်ရှင်။

ဒေါ်ခင်စိုးဝင်း ။ ။ ကျေးဇူးတင်ပါတယ်။