လက်ကိုင်ဖုန်း ဆက်သွယ်မှု ကန်ထောက်လှမ်း

လက်ကိုင်ဖုန်း သုံးစွဲသူ။

အမေရိကန် အစိုးရဟာ ရာဇဝတ်မှု ကျူးလွန်ဖွယ်ရှိတာတွေကို စုံစမ်းထောက်လှမ်းဖို့ အတွက် ဆဲလ်ဖုန်း ဆက်သွယ်ပြောဆိုချက် တွေနဲ့ နေရာတွေ ကို လေယာဉ် ငယ်လေးပေါ်မှာ တပ်ဆင် ထားတဲ့ အဆင့်မြင့် ရှုပ်ထွေးတဲ့ ကိရိယာကို အသုံးပြုပြီးတော့ ရယူနေ တယ်လို့ Wall Street Journal က သောကြာနေ့မှာ ရေးသားဖော်ပြလိုက်ပါတယ်။

ဝရမ်းပြေးတွေကို လိုက်ဖမ်းရတဲ့ အမေရိကန်တရားရေးဌာနလက်အောက်ခံ US Marshals တပ်ဖွဲ့ဟာ Cessana 182 လေယာဉ် လို လေယာဉ်ငယ်လေးတွေမှာ ဆဲလ်ဖုန်းတိုင်တွေမှာ တပ်ဆင်ထားတဲ့ကိရိယာတွေလိုမျိုး အလားသဏ္ဍာန်တူ ကိရိယာတွေကို တပ်ဆင် အသုံးပြုနေတယ်လို့ သတင်းစာကဆိုပါတယ်။

Dirtbox လို့ခေါ်တဲ့ ကိရိယာလေးတွေဟာ ဆဲလ်ဖုန်းခေါ်တဲ့အခါ အနီးအနားက တိုင်တွေကို အသုံးပြုမယ့်အစား သူတို့ကနေ တဆင့် ဆက်သွယ်အောင် လှည့်ပေးတာဖြစ်ပါတယ်။ ဆဲလ်ဖုန်းတွေရောက်နိုင်တဲ့ အကွာအဝေး ကနေ လေယာဉ်ငယ်လေးက ပျံသန်းနေပြီး ဖုန်းခေါ်တာတွေအားလုံး dirtbox ကနေ ဖြတ်သွားတာနဲ့အမျှ အော်ပရေတာတွေအနေနဲ့ ဘယ်လို ခေါ်ဆိုချက်တွေ က အရေးကြီးတယ် ဆိုတာကို လေ့လာဆန်းစစ်နိုင်မှာဖြစ်ပါတယ်။

ဆဲလ်ဖုန်းတွေကို အသုံးမပြုဘဲ ရှိနေရင်တောင်မှ dirtbox တွေဟာ အချက်အလက်တွေ ကို စုဆောင်းရယူနိုင်တယ်လို့ သတင်း ရင်းမြစ်တွေ ကပြောပါတယ်။ ဒါပေမဲ့လည်း ဖုန်းကိုသုံးတဲ့လူဟာ သံသယရှိနေသူတဦး မဟုတ်ဘူးလို့ အော်ပရေတာတွေက သုံးသပ်ရင်တော့ သတင်း အချက်အလက်တွေ ကို လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။ ဒီအစီအစဉ်ကနေ မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေနဲ့ တခြားဝရမ်းပြေးတွေကို ဖမ်းမိအောင် အထောက်အကူပြုတယ်လို့လည်း ပြောကြပါတယ်။