ထိုင်းနိုင်ငံရေး ခေါင်းဆောင်တွေ စစ်တပ်က ခေါ်ယူ ထိန်းသိမ်း

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ် လိုက်ပါလာတယ်လို့ ယူဆရတဲ့ အလုံပိတ်ကား စစ်တပ်ဝင်းထဲ ဆိုက်ရောက်လာ။ (မေ ၂၃၊ ၂၀၁၄)

ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီး နောက်တနေ့ဖြစ်တဲ့ ဒီကနေ့မှာပဲ စစ်တပ်က ဆင့်ခေါ်ခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း Yingluck Shinawatra နဲ့ မိသားစုဝင်တချို့ကို ထိန်းသိမ်းလိုက်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီ အနေနဲ့ စီစဉ်စရာတွေ ရှိနေတဲ့အတွက် ဝန်ကြီးချုပ်ဟောင်းကို ခေတ္တထိန်းသိမ်းလိုက်ပေမဲ့ သီတင်းတပတ်ထက် ပိုမှာမဟုတ်တဲ့အကြောင်း အမည်မဖော်လိုသူ စစ်အရာရှိတဦးကို ကိုးကားပြီး Reuters သတင်းက ဖော်ပြခဲ့ပါတယ်။

စစ်တပ်က ဆင့်ခေါ်ခံခဲ့ရတဲ့ အစိုးရအဖွဲ့ဝင်တွေ၊ ဆက်နွယ်သူတွေနဲ့ အတိုက်အခံ ၁၀၀ ကျော်မှာ ဒီကနေ့နှောင်းပိုင်းအထိ ပြန်လွှတ်ပေးခဲ့သူ အနည်းအကျဉ်းသာ ရှိပါသေးတယ်။ ဆက်လက် ထိန်းသိမ်းထားသူတွေ ဘယ်နေရာမှာ ရှိနေသလဲ ဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရပါဘူး။

အမျိုးသားငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးမှု ထိန်းသိမ်းရေး ကောင်စီအဖြစ် စစ်တပ်နဲ့ လုံခြုံရေးအဖွဲ့အစည်းတွေ ပါဝင်တဲ့ အာဏာသိမ်း စစ်ကောင်စီရဲ့ ဒီကနေ့ ကြေညာချက်မှာတော့ ထင်ရှားတဲ့ နိုင်ငံရေးသမား ၁၅၅ ယောက် ကို နိုင်ငံကနေ ထွက်ခွာခွင့် တားမြစ် ထားကြောင်း ဖော်ပြ ထားပါတယ်။

ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Prayuth Chan-Ocha ကတော့ တရားဥပဒေ စိုးမိုးရေးနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို ရှေ့ရှုပြီး တိုင်းပြည် အာဏာကို ထိန်းချုပ်လိုက်တဲ့အကြောင်း မနေ့တုန်းကပဲ ကြေညာခဲ့တာပါ။

စစ်အာဏာသိမ်းမှုကို ကန့်ကွက်တဲ့အနေနဲ့ ဘန်ကောက်မြို့မှာ လူပေါင်းရာနဲ့ချီပြီး ဒီကနေ့ ကန့်ကွက်ဆန္ဒပြရာမှာတော့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေ ကြုံခဲ့ရပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင်တွေက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ ယာယီအစိုးရကို ဖျက်သိမ်းလိုက်သလို၊ ည ၁၀ နာရီကနေ မနက် ၅ နာရီအထိ နိုင်ငံအနှံ့ ညမထွက်ဖို့နဲ့ လူ ၅ ယောက်ထက် ပိုမစုဖို့ အမိန့်တွေကလည်း ထုန်ပြန်ခဲ့ပါတယ်။

တချိန်တည်းမှာပဲ ထိုင်းနိုင်ငံက ရုပ်မြင်သံကြားနဲ့ ရေဒီယိုတွေ အပါအဝင် သတင်းမီဒီယာတွေကိုလည်း ပိတ်ပင်တားမြစ်မှုတွေ လုပ်ခဲ့တာပါ။ ထိုင်းနိုင်ငံမှာ စည်းမျဉ်းခံဘုရင်စနစ်ကို ပြောင်းလဲလာပြီး နောက်ပိုင်းကစလို အာဏာသိမ်းဖို့ ကြိုးစားမှုတွေနဲ့ အာဏာသိမ်းမှုပေါင်းဟာ အခုတခေါက်နဲ့ဆိုရင် ၁၉ ကြိမ်အထိ ရှိသွားပါပြီ။