ABSDF နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးဆွေးနွေး

ABSDF တောတွင်းလှုပ်ရှားမှုတခု

နှစ်ပေါင်း အစိတ်လောက် မြန်မာအစိုးရကို လက်နက်ကိုင် တော်လှန်ခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများတပ်ဦး ကျောင်းသားတပ်မတော် (ABSDF) နဲ့ မြန်မာအစိုးရတို့ကြား ငြိမ်းချမ်းရေးအတွက် ဆက်လက် ဆွေးနွေးသွားဖို့ သဘောတူခဲ့ကြပါတယ်။ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ရန်ကုန်မြို့မှာ တနင်္လာနေ့က တွေ့ဆုံမှုအတွင်း ပြောဆိုခဲ့ကြတာပါ။ အပြည်အစုံကိုတော့ ဒီကနေ့ မြန်မာငြိမ်းချမ်းရေး စင်တာကတွေ့ဆုံပွဲအပြီး ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် ကပြောပြပေးမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများတပ်ဦး ကျောင်းသားတပ်မတော် ABSDF ဗဟို က ခေါင်းဆောင် တချို့ဟာ ဖြစ်ပျက်နေတဲ့ တိုက်ပွဲတွေ အမြန်ဆုံး ရပ်ဆဲနိုင်ရေးကို ဦးတည်တဲ့ နိုင်ငံရေး အလုပ်သဘောဆွေးနွေးပွဲ ပြုလုပ်ဖို့ ရန်ကုန်မြို့ကို ရောက်ရှိလာပြီးတော့ ဒီကနေ့မှာပဲ ဝန်ကြီးဦးအောင်မင်း အပါအဝင် မြန်မာငြိမ်းချမ်းရေး စင်တာက ခေါင်းဆောင်တချို့နဲ့ နိုင်ငံရေးစကား ပြောခဲ့ကြတာပါ။
နိုင်ငံရေးတွေ့ဆုံမှုတွေ ဆက်တိုက်ဖြစ်လာဖို့ အရေးအတွက် ပြည်ထောင်စုဝန်ကြီးနဲ့ တွေ့ဆုံခဲ့စဉ်မှာ အလေးအထား ပြောကြားခဲ့သလို ဒီကနေ့ညနေပိုင်း အထိလည်း မြန်မာငြိမ်းချမ်းရေး စင်တာရဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေနဲ့ လက်တေ့ွဖြစ်လာနိုင်မယ့် ဆွေးနွေးမှု ပုံစံတွေကို အလွတ်သဘော ဆွေးနွေးဖြစ်ခဲ့တယ်လို့ ABSDF အထွေထွေအတွင်းရေးမှူး ဦးဆန်နီက ပြောပါတယ်။

“တိုင်းပြည်မှာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာဖို့အတွက် ABSDF နဲ့ မြန်မာငြိမ်းချမ်းရေး အဖွဲ့နဲ့ ၂ ဖက် ကျနော်တို့ ညှိနှိုင်းဆွေးနွေးပွဲတွေကို ဒီကနေ့ စပြီးတော့ လုပ်ဖြစ်ပါတယ်။ မနက်ပိုင်းမှာတော့ ကျနော်တို့ Peace Center မှာပဲ ဦးအောင်မင်း အပါအဝင် ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့နဲ့ ကျနော်တို့ တွေ့ပြီးတော့၊ နေ့လည်ပိုင်းမှာတော့ ဦးလှမောင်ရွှေ ဦးဆောင်တဲ့ technical team နဲ့ ဆက်ဆွေးနွေးပါတယ်။ အဓိက ဆွေးနွေးတဲ့ အကြောင်းအရာတွေကတော့ နိုင်ငံရေး တွေ့ဆုံပွဲတွေ ဖြစ်ပေါ်လာရေးအတွက်၊ တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပေါ်လာရေးအတွက် ကျနော်တို့ အကြိုညှိနှိုင်းဆွေးနွေးပွဲပါ။”

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများတပ်ဦး ကျောင်းသားတပ်မတော်ဟာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ တွေ့ဆုံခဲ့တာဟာ ဒီတကြိမ်နဲ့ဆိုရင် ၃ ကြိမ် ဖြစ်ပြီးတော့ ကျောင်းသားတပ်မတော်ရဲ့ ခေါင်းဆောင်ပိုင်းတချို့ ပြည်တွင်းမှာ နိုင်ငံရေးစကား ပြောတာဟာ ဒုတိယအကြိမ်မြောက်လည်း ဖြစ်ပါတယ်။
ကျောင်းသားတပ်မတော် ABSDF ဗဟိုရဲ့ ညွှန်ကြားမှုနဲ့လာတဲ့ ဒီအဖွဲ့ဟာ နိုင်ငံရေး ပြသနာတွေကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ ရည်သန်ပြီးတော့ တွေ့ဆုံဆွေးနွေးရေးတွေ ကျယ်ကျယ်ပြန်ပြန့် ဖြစ်လာဖို့အတွက် အဓိကထား ဆွေးနွေးခဲ့တယ်လို့ ABSDF အထွေထွေ အတွင်းရေးမှူး ဦးဆန်နီက ဗွီအိုအေရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့တာပါ။

“ညှိနှိုင်းဆွေးနွေးပြီးတော့ အဖြေရှာသွားမယ်၊ ညှိနှိုင်းဆွေးနွေးမှုကနေပြီးတော့ တိုင်းပြည်ရဲ့ အနာဂတ် နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ကို ကျနော်တို့ ကြိုးစားတဲ့ အနေနဲ့ ဒီကနေ့ ဆွေးနွေးပွဲတွေကို ကျနော်တို့ သွားနေကြတာဖြစ်ပါတယ်။ ကျနော်တို့ ABSDF အနေနဲ့ ဆွေးနွေးပွဲရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေကို ထပ်ပြီးတင်ပြချင်ပါတယ်။ အဲဒါကတော့ ပထမတချက် အနေနဲ့ကတော့ ကျနော်တို့ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ကျနော်တို့ သွားချင်ပါတယ်။ နံပတ် ၂ ကတော့ ကျနော်တို့ တတိုင်းပြည်လုံး ပါဝင်တဲ့ အင်အားစုများ အားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်ပေါ်ရေးပါ။ တတိယအချက် အနေနဲ့ကတော့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး အာမခံချက်ရှိတဲ့ တိုင်းရင်းသားတွေရဲ့ ဖယ်ဒရယ် အရေးပေါ့ဗျာ။ တိုင်းရင်းသားတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံချက်ရှိတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေး အပါအဝင်၊ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တရပ် ပေါ်ထွန်းရေးဆိုတဲ့ နိုင်ငံရေး မျှော်မှန်းချက် ၃ ခုအောက်မှာ ဒီကနေ့ ကျနော်တို့ တွေ့ဆုံဆွေးနွေးရေးကို လုပ်နေတာပါ။”

အခုလို ငြိမ်းချမ်းရေး ကိစ္စတွေကို ဆွေးနွေးဖို့ လာရောက်တဲ့ ABSDF ခေါင်းဆောင်ပိုင်းတွေဟာ အစိုးရစစ်တပ်နဲ့ ABSDF ကြားက တိုက်ပွဲ အမြန်ရပ်ဆဲနိုင်ဖို့တွေ သာမက စစ်တပ်နဲ့ တိုင်းရင်းသားတွေ အကြားမှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေ အမြန်အဆုံးသတ်ရေး အတွက်လည်း ဆွေးနွေးခဲ့တယ်လို့ ဦးဆန်နီ ကပြောပါတယ်။

ကျောင်းသားတပ်မတော် ခေါင်းဆောင်ပိုင်းတွေနဲ့ မြန်မာငြိမ်းချမ်းမှု ဖော်ဆောင်ရေး အကျိုးဆောင်တွေတွေ့ဆုံမှု အပြီးမှာတော့ ၂ ဖက်ဆွေးနွေးပွဲရဲ့ ရလဒ်ကို ကျေနပ်အားရမှု ရှိတယ်လို့လည်း မြန်မာငြိမ်းချမ်းရေးစင်တာက အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေ ကပြောပါတယ်။

“ဆွေးနွေးရတာ သိပ်အခက်အခဲ မရှိပါဘူး။ ကျနော်တို့ သတင်းစကား ဖလှယ်တာ၊ နောက် အကြံဉာဏ်၊ ရှေ့မှာဖြစ်နိုင်တဲ့ဟာတွေ ဆွေးနွေးတာဖြစ်တော့ အများကြီး ကျေနပ်ပါတယ်။ ကျနော်လည်း အားရတာရှိပါတယ်။ သူတို့လည်း အဲဒီလိုပဲလို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ကျနော်တို့ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်က သိမ်မွေ့တာပေါ့လေ။ နူးညံ့တယ်။ အားလုံးပါဝင်တဲ့ ဒိုင်ယာလော့ကို သွားဖို့ ဆိုရင်တော့ ဒီအင်အားစုတွေအားလုံး ပါနိုင်လေလေ၊ ပိုအဓိပ္ပါယ်ရှိပြီးတော့ ပိုပြီးတော့ အားလုံးဆွေးနွေးနိုင်မယ့် အနေအထားမျိုးကို ကျနော်တို့ကတော့ မှန်းဆထားပါတယ်။”

ABSDFဗဟိုရဲ့ စေလွှတ်မှုနဲ့ ပြည်တွင်းကိုရောက်ရှိနေတဲ့ ကျောင်းသားခေါင်းဆောင် ၅ ဦးဟာ မေလ ၁၉ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ကို ရောက်ရှိလာတာဖြစ်ပြီးတော့ မေလ ၂၀ ရက်နေ့မှာ ပြန်လည် ထွက်ခွာတော့မှာ ဖြစ်တယ်လို့လည်း ဦးဆန်နီကပြောခဲ့တာ ဖြစ်ပါတယ်။