ဂျပန်နိုင်ငံက ဖူကူရှီးမား နျူကလီယားဓါတ်အားပေးစက်ရုံမှာ ရှိတဲ့ ဓါတ်ပေါင်းဖိုပုံစံဟာ (Boiling Water Reactor) လို့ခေါ်တဲ့ ရေကိုဆူအောင်လုပ်ပြီး သုံးရတဲ့ အမျိုးအစားဖြစ်ပြီး အန္တရာယ် နဲနိုင်သမျှနဲအောင် စံနစ်တကျ ဆောက်လုပ်ထားတဲ့ ဓါတ်ပေါင်းဖိုမျိုး ဖြစ်တယ်လို့ နျူကလီယား ရူပဗေဒပညာရှင် ဒေါက်တာပဒေသာတင်က ပြောပါတယ်။
ဒီလိုပုံစံ ဓါတ်ပေါင်းဖိုတခုမှာ ဇာကွန်နီယံ (Zircon) သတ္တုလွှာနဲ့ ဖုံးအုပ်ထားတဲ့ နျူကလီယားလောင်စာ အချောင်း တရာလောက် ရှိပြီး လောင်စာချောင်းတွေအတွက် ရေဒီယိုသတ္တိကြွ သတ္တုဖြစ်တဲ့ ယူရေနီယံ အလေးချိန် တန် ပေါင်းရာချီ်သုံးရပါတယ်။ သူတို့ကို အအေးဓါတ်ရအောင် ရေအောက်မှာထားရပြီး စွမ်းအင် ထုတ်ချင်တဲ့ အခါ ရေထဲကထုတ်ယူပြီး ယူရေနီယံကို ပြိုကွဲစေရပါတယ်။ ရလာတဲ့ အပူစွမ်းအင်ကနေ ရေကိုဆူစေပြီး ရေနွေးငွေ့နဲ့ တာဘိုင် ဒလက်တွေကို တန်းလှည့် ပေးတာပါ။ တွဲထားတဲ့ ဒိုင်နမိုကနေ လျှပ်စစ်ဓါတ်ကို ထုတ်ယူပါတယ်။
ဒလက်တွေကို လည်စေတဲ့ ရေနွေးငွေ့တွေကို အအေးခံပေါင်းချောင်ထဲမှာ ရေပြန်ဖြစ်အောင် လုပ်ပေးရ ပါတယ်။ ဒီလို လည်ပတ်နေမှုဟာ ငလျင်နဲ့ ဆူနာမိကြောင့် ပျက်ယွင်းခဲ့ရပါတယ်။ ရေစုပ်စက်တွေမှာ လျှပ်စစ်ဓါတ် မရတဲ့ အတွက် အရေးပေါ် အသင့်ထား ထားတဲ့ စက်တွေနဲ့ ဓါတ်အားပေးခဲ့ပေမယ့် တာရှည် မကူနိုင်ပါဘူး။ ရေအေး မရတဲ့ အတွင်းပိုင်းမှာ အပူရှိန်ဟာတစ တစ တိုးလာပြီး လောင်စာချောင်းတွေမှာ အပူရှိန်မြင့်မားလာပါတယ်။ ဒီဖြစ်စဉ်တွေဟာ အတွင်းပိုင်း အခန်းထဲမှာပဲ ဖြစ်ပေါ်နေတာပါ။
တဖြေးဖြေးတက်လာတဲ့ အပူကြောင့် ဇာကွန်က ရေထဲက အောက်ဆီဂျင်တွေကို ဆွဲယူတာမို့ ဟိုက်ဒရိုဂျင်တွေ များလာပါတယ်။ ဟိုက်ဒရိုဂျင်တွေဟာ ခေါင်မိုးမှာရှိတဲ့ လေထွက်ပေါက်ကနေ တိုးထွက်လာပြီး အပြင်ခန်း ရောက်တဲ့အခါမှာ ပေါက်ကွဲမှုတွေ ကိုဖြစ်ပေါ်စေပါတယ်။
အပြင်ခန်းမှာပေါက်ကွဲမှုထက် အတွင်းပိုင်းမှာရှိတဲ့ လောင်စာချောင်းတွေထဲက ရေဒီယိုသတ္တိကြွဓါတ်တွေ ပြိုကွဲမှုကို မထိမ်းနိုင်တဲ့ အနေထားရောက်သွားရင် အန္တရာယ် အလွန်ကြီးပါတယ်။ အတွင်းပိုင်းက ထုနဲ့ ထည်နဲ့ တည်ဆောက်ထားတဲ့ သံမဏိအိမ်နဲ့ ကွန်ကရစ်အိမ်တွေမှာ အက်ကွဲမှုတွေ ဖြစ်ခဲ့ရင် နျူကလီယား ယိုစိမ့်မှုခံရတဲ့ ဓါတ်အားပေးစက်ရုံ ဝန်းကျင်မြေနေရာဟာ နောင်နှစ်ပေါင်းများစွာ သုံးမရတဲ့ နေရာ အဖြစ်အသတ်မှတ် ခံရမှာ ဖြစ်ပါတယ်။
နျူကလီယား ဓါတ်ပေါင်းဖိုတွေကနေ စွမ်းအင်ထုတ်ယူရာမှာ ငွေကုန်ကြေးကျများသလို အန္တရာယ်လည်း များလှပါတယ်။ ဒါပေမယ့် သဘာ၀ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ဓါတ်ငွေ့ တွေကို အများဆုံး ထုတ်လွှတ် စေတဲ့ ကျောက်မီးသွေး၊ ရေနံနဲ့ သဘာဝဓါတ်ငွေ့ လောင်စာတွေထက် အဆပေါင်းများစွာ စွမ်းအင်ပေးနိုင်တာမို့ သုံးသင့်မသင့်ကို ပြဿနာတရပ်အဖြစ် အငြင်းပွါးနေကြတာ ဖြစ်ပါတယ်။