သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥပဒေသစ်ကို ကူညီထောက်ပံ့ရေးအဖွဲ့တွေ စိုးရိမ်


ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင် ဒုက္ခသည်များ။
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင် ဒုက္ခသည်များ။


[[Zawgyi/Unicode]]

မြန်မာနိုင်ငံအတွင်း ကူညီထောက်ပံ့နေတဲ့ ပရဟိတအဖွဲ့တွေအပေါ်ကန့်သတ်တဲ့ 'အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ' နဲ့ ပတ်သက်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေကြားမှာ ဝေဖန်မှုတွေ ရှိနေပါတယ်။ ဥပဒေပါကန့်သတ်ချက်တွေကြောင့် ကူညီထောက်ပံ့ရေးနဲ့ ပရဟိတလုပ်ငန်းတွေ ဆုတ်ယုတ်ထိခိုက်သွားနိုင်တယ်ဆိုပြီး အရပ်ဘက်အဖွဲ့အစည်းတွေက ထောက်ပြကြတာပါ။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကိုတော့ ကိုရန်နိုင်က တင်ပြပေးပါတယ်။

ပရဟိတ္တလုပ်ငန်းလုပ်ကိုင်နေသူတွေနဲ့ ပြည်တွင်း အကူအညီပေးရေး အဖွဲ့အစည်းတွေအပေါ် စည်းကမ်းတွေသတ်မှတ်ထားတဲ့ 'အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကို' ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့မှာ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။ လူငါးယောက်ထက်ကျော်တဲ့ အဖွဲ့အစည်းမှန်သမျှ မဖြစ်မနေ မှတ်ပုံတင်ရမှာဖြစ်သလို ပျက်ကွက်မယ်ဆိုရင် ထောင်ဒဏ် ၃ နှစ် ကျခံရမယ်လို့ ဥပဒေမှာ ထည့်သွင်းထားပါတယ်။ မတရားအသင်းအဖြစ် ကြေညာထားတဲ့ အဖွဲ့အစည်းတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ သွယ်ဝိုက်ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ ပါဝင်ဆက်နွယ်တာမျိုးမလုပ်ဖို့လည်း တားမြစ်ထားပါတယ်။ ဒီတားမြစ်ချက်ကို ကိုမလိုက်နာရင် ထောင်ဒဏ် ၅ နှစ်နဲ့ ဒဏ်ငွေသိန်း ၅၀ ကျခံရနိုင်ပါတယ်။

ဒုက္ခသည် ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတွေကတော့ အဖွဲ့အစည်းမျိုးစုံနဲ့ တနည်းမဟုတ်၊ တနည်း ထိတွေ့နိုင်ခြေရှိတဲ့အတွက် ဒီကန့်သတ်ချက်အပေါ် စိုးရိမ်မှုတွေ ရှိကြပါတယ်။ အထူးသဖြင့် စစ်ရှောင်တွေကို ကူညီရေးလုပ်တဲ့အခါ ဥပဒေပါတားမြစ်ချက်ကြောင့် ကူညီဆောင်ရွက်နေတဲ့ ဒေသန္တရ အသင်းအဖွဲ့တွေရပ်တည်ဖို့ ခက်ခဲသွားနိုင်ကြောင်း အနောက်တံခါးဒေသ ကူညီစောင့်ရှောက်ရေးအဖွဲ့က ဦးအောင်ဌေးက ပြောပါတယ်။

" ကျနော်တို့က လက်တလောဖြစ်ပေါ်လာတဲ့ အခြေအနေပေါ်မှာပဲမူတည်ပြီးတော့ ကူညီပေးတာတွေ ဘာတွေလုပ်တာ။ ပြည်သူတွေရဲ့ Donation ပေါ်မှာ မူတည်ပြီးတော့မှ ကျနော်တို့က ကူညီထောက်ပံ့ ပေးနေတယ်ဆိုတော့ မှတ်ပုံတင်ထားပြီး လုပ်ငန်းလုပ်တဲ့ အဖွဲ့အစည်း မဟုတ်တော့လေ။ တကယ်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ပြောဆို၊ ဆွေးနွေးလို့ မရဘူးဆိုရင် ခဏရပ်ထားရုံပဲရှိမှာပေါ့။ ပြောရမယ်ဆိုရင် လှုပ်ရှားဆောင်ရွက်မှုအပိုင်းတွေက သိပ်လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ မရတော့ဘူးလေ။ သူက အကန့်အသတ် ဘောင်ထဲကို ရောက်သွားပြီဆိုတော့။"

အသစ်ထုတ်ပြန်လိုက်တဲ့ 'အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ' မှာ ပြည်တွင်းအရပ်ဘက် အဖွဲ့တွေသာမက နိုင်ငံတကာ လက်အောက်ခံ အဖွဲ့အစည်းတွေကိုပါ အသင်းအဖွဲ့ မှတ်ပုံတင်ရမယ်လို့ ထည့်သွင်းထားပါတယ်။ ကန့်သတ်၊ ချုပ်ခြယ်မှုတွေကြောင့် ဒုက္ခသည် ကူညီကယ်ဆယ်ရေးမှာ အင်အား ဆုတ်ယုတ်သွားမှာကို တချို့က စိုးရိမ်လာပါတယ်။ ကုလလူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံးရဲ့ ထုတ်ပြန်ချက်အရဆိုရင် အောက်တိုဘာလ ၂၄ ရက်အထိ မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာသူ အရေအတွက်က ၁.၄ သန်းကျော်သွားပြီ ဖြစ်ပြီး အကူအညီတွေလည်း လိုအပ်နေပါတယ်။

ဝံလက်ဖောင်ဒေးရှင်းရဲ့ အမှုဆောင်ဒါရိုက်တာ ခိုင်ကောင်းစံကတော့ ဥပဒေတခုကို ပြဋ္ဌာန်းမယ်ဆိုရင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေး ချမှတ်မှ ဒီမိုကရေစီစနစ်အရ ကျင့်သုံးနိုင်တဲ့ ဥပဒေဖြစ်လိမ့်မယ်လို့ ဗွီအိုအေကို ပြောပါတယ်။

" ငါတို့အစိုးရပဲဆိုပြီး ငါတို့ထုတ်ပြန်တဲ့ဟာကို လိုက်နာရမယ် ဆိုတဲ့ဟာက ဒါက အာဏာရှင်စနစ်မှာတော့ ကျင့်သုံးလို့ရတာပေါ့။ ဒါကိုလိုက်နာမယ့် အဖွဲ့အစည်းတွေအနေနဲ့ဆိုရင်တော့ လိုက်နာရ ခက်ခဲတာပေါ့နော်။ တင်းကျပ်လိုက်တဲ့အခါကျရင် လူမှုအဖွဲ့အစည်းတွေက ဥပဒေအရသာ လိုက်နာရမယ် မလိုက်နာဘူး၊ အရေးယူမယ်ဆိုတဲ့အခါကျရင် ပရဟိတလုပ်လိုတဲ့ သူတွေမှာ ပရဟိတစိတ်တွေက ဘေးဖယ်ပြီးတော့ ဘာမှပူးပေါင်းလုပ်ဆောင်တာ မရှိတော့တဲ့ပုံမျိုး ဖြစ်သွားနိုင်တယ်လို့ ကျနော်က မြင်မိပါတယ်။"

မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်က ပြဌာန်းထားတဲ့ 'အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ' နေရာမှာ စစ်ကောင်စီက ဥပဒေသစ်ထုတ်ပြန် အစားထိုးလိုက်တာဖြစ်ပါတယ်။ ဥပဒေအသစ်ထဲက ကန့်သတ်ချက်တွေကြောင့် အကူအညီပေးရေးအဖွဲ့တွေ လုပ်ငန်းလုပ်ကိုင်ဖို့ ခက်ခဲနိုင်ပြီး အကူအညီလိုအပ်သူတွေ အခက်အခဲတွေ အကြီးအကျယ် ကြုံရမှာကို ပြည်တွင်းက အလှုရှင် အဖွဲ့အစည်းတွေက စိုးရိမ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

=================

[[Unicode]]










XS
SM
MD
LG