သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဆောက်ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ ကျင်းပ


ထိုင်းနိုင်ငံ၊ တာ့ခရိုင်၊ မဲဆောက်မြို့မှာကျင်းပတဲ့ ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ (ဓာတ်ပုံ ဗွီအိုအေ/ ဒီဇင်ဘာ ၁၈၊ ၂၀၂၂)
ထိုင်းနိုင်ငံ၊ တာ့ခရိုင်၊ မဲဆောက်မြို့မှာကျင်းပတဲ့ ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ (ဓာတ်ပုံ ဗွီအိုအေ/ ဒီဇင်ဘာ ၁၈၊ ၂၀၂၂)

[[Zawgyi/Unicode]]

ထိုင်းနိုင်ငံမှာ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ကို မြန်မာရွှေ့ပြောင်းအလုပ်သမားရေး ဆောင်ရွက်နေတဲ့အဖွဲ့တွေ စုပေါင်းထားတဲ့ MRPWG တွေကနေ မဲဆောက်မြို့မှာအခမ်းအနားကျင်းပခဲ့ပါတယ်။ တချိန်တည်းမှာပဲ မြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေကြောင့် နယ်စပ်မှာရွှေ့ပြောင်းအခြေချ နေထိုင်သူတွေများလာပြီး အလုပ်သမားအခွင့်ရေး ချိုးဖောက်ခံရတာတွေရှိတယ်လို့ အလုပ်သမားရေးဆောင်ရွက်နေသူတွေကဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမှာ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ကို မြန်မာရွှေ့ပြောင်းအလုပ်သမားရေး ဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေအပါအဝင် အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေပါစုပေါင်းပြီး ဒီဇင်ဘာလ ၁၈ ရက်နေ့က တာခ့်ပြည်နယ် မဲဆောက်မြို့မှာကျင်းပခဲ့တာပါ။ အခုဆိုရင် တနှစ် ကျော်အတွင်း ရွှေ့ပြောင်းအခြေချသူတွေဟာ နယ်စပ်မှာတင် ၆ သောင်းလောက်တိုးလာပြီး လုပ်အားခပြဿနာတွေနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ အလုပ်သမားရေးလှုပ်ရှားသူ ဦးမိုးကျော်ကအခုလိုပြောပါတယ်။

“အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတဲ့အခြေအနေတွေကတော့ လုပ်အားခပြဿနာတွေရှိတယ်။ အကြောင်းမဲ့ အလုပ်ကနေထုတ်ပယ်ခံရတာရှိတယ်။ အလုပ်လျော့တယ်ဆိုပြီး အလုပ်ကနေ ရပ်ဆိုင်းခံရတာတွေလည်းရှိတယ်။ ဒီ နယ်စပ်မှာက အလုပ်သမားဦးရေများတဲ့အတွက် အဲဒီလို လုပ်တယ်လို့ သုံးသပ်တာရှိတယ်။ ထိုင်းအစိုးရက ၁၀ လပိုင်းကစပြီး တနေ့လုပ်အားခ ၃၃၂ ဘတ် ထိတိုးပေးပေမဲ့ မဲဆောက်မှာက ၃၃၂ ဘတ်ရတဲ့အလုပ်သမားကနည်းတယ်။ လုပ်အားခပြဿနာရှိတယ်။ လုပ်ငန်းခွင်ထဲမှာ အလုပ်တွေ အချိန်ပိုခိုင်းစေခံရတယ်။ အစိုးရသတ်မှတ်တဲ့ Over Time ကြေးကို သတ်မှတ်ထားတဲ့အတိုင်း မပေးတာရှိတယ်။”

အခုဆိုရင် နယ်စပ်ကိုရောက်နေသူတွေဟာ ပန်းရောင်ကဒ်လို့ခေါ်တဲ့ အလုပ်လုပ်ခွင့်လက်မှတ် တွေလုပ်ထားပြီး အစိုးရကသတ်မှတ်ထားတဲ့ ဥပဒေပါလုပ်အားခတွေကို မခံစားရဘူးလို့လည်း ဆိုပါတယ်။ ဥပဒေပါအခွင့်ရေးနဲ့ပတ်သက်လို့ တောင်းဆိုမယ်ဆိုရင် အလုပ်ကနေထုတ်ပစ်ခံရတာ၊ အလုပ်လုပ်ခွင့် ပယ်ဖျက်လိုက်တာ၊ သက်တမ်းမတိုးပေးတာတွေကို ရင်ဆိုင်ရတာကြောင့် အချိန်မရွေး တရားမဝင်လုပ်သားတွေ ဖြစ်ကုန်တယ်လို့လည်း ဦးမိုးကျော်က ပြောပါတယ်။

“လုပ်အားခပြဿနာကို ပြောမိရင် စက်ရုံလုပ်ငန်းရှင်တွေက အလုပ်ကနေ ရပ်ဆိုင်းတာရှိတယ်။ အလုပ်သမားလက်မှတ်က သူဌေးအမည်ခံပြီးလုပ်ရတာဖြစ်တဲ့အတွက် အလုပ်ရှင်က သက်တမ်းမတိုးပေးဘူးဆိုရင် လုပ်ငန်းရှင်အသစ်ရှာရတာနဲ့ ဝင်ငွေမရှိတော့ ကုန်ကျစရိတ်မြင့်မားတဲ့အတွက် တရားဝင်လုပ်သားကနေ တရားမဝင်လုပ်သားတွေဖြစ်လာတဲ့အခြေအနေတွေဖြစ်လာပါတယ်။”

အခုဆိုရင် ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ အထည်ချုပ်စတဲ့လုပ်ငန်းတွေမှာ အလုပ်လုပ်ချင်သူတွေများနေတဲ့အတွက် တချို့နေရာတွေမှာဆိုရင်တနေ့လုပ်အားခဟာ ဘတ်ငွေ ၁၃၀ ကနေ ၂၀၀ ကြားလောက်ပဲ ရရှိကြတယ်လို့လည်း ဆိုပါတယ်။ ဥပဒေပါအခွင့်ရေးအတိုင်းရရှိဖို့ကလည်း တချို့လည်း လက်မှတ်အထောက်အထားတွေရှိပေမယ့် တချို့ကတော့ လက်မှတ်အထောက်အထားတွေ မရှိတာကြောင့် ပိုပြီး ခက်ခဲနေတယ်လို့လည်းဆိုပါတယ်။ အလုပ်သမားအရေးဆောင်ရွက်နေသူတွေကတော့ ဒါဟာ မြန်မာ့ နိုင်ငံရေးအခြေအနေတွေကြောင့် ထိုင်းနယ်စပ်တွေမှာ ရွှေ့ပြောင်းအခြေချသူတွေများလာပြီး အလုပ်လိုအပ်နေသူတွေများနေတာကြောင့် ဒီပြဿနာတွေဖြစ်လာရတယ်လို့လည်း သုံးသပ်ကြပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

=================

[[Unicode]]








XS
SM
MD
LG