သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွိုင်ကော် ဆောင်ကန်းကျေးရွာတဝိုက် တိုက်ပွဲ ရက်ဆက်ဖြစ် 


Loikaw လွိုင်ကော်
Loikaw လွိုင်ကော်

[[Zawgyi/Unicode]]

ရှမ်းပြည်နယ်နဲ့ကယားပြည်နယ် နယ်စပ် လွိုင်ကော်မြို့နယ် ဆောင်ကန်း ကျေးရွာတဝိုက်မှာ နယ်မြေရှင်းလင်းရေး စစ်ကြောင်းထိုးလာတဲ့ မြန်မာစစ်တပ်တွေနဲ့ ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်တွေကြား မနေ့ကအထိ ၅ ရက်ဆက်တိုက် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်ဘက်က လက်နက်ကြီးတွေသုံး ပစ်ခတ်နေသလို ကျေးရွာတွေမှာလည်း တပ်စွဲနေယူထားတဲ့အတွက် ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။ လွိုင်ကော်မြို့နယ် ဆောင်ကန်းကျေးရွာက တိုက်ပွဲသတင်း အခြေအနေ သတင်းပေးပို့ချက်ကို မအိသန့်စင်က တင်ပြထားပါတယ်။

မြန်မာစစ်တပ်ဘက်က မိုးဗြဲနဲ့လွိုင်ကော် လမ်းမကြီးတလျှောက်ကို ထိန်းချုပ်ဖို့ကြိုးစားနေပြီး အင်အားအများအပြားနဲ့ စစ်ဆင်နေကြောင်း ဖယ်ခုံမြို့နယ် ပြည်သူကာကွယ်ရေးတပ် တပ်ရင်း (၂) တာဝန်ရှိသူတဦးက ပြောပါတယ်။

“၁၆ ရက်နေ့ ဝန်းကျင်ကတည်းကိုက ဖြစ်ခဲ့တာတွေရှိတယ်လေ။ အဲ့မှာ သူတို့ တိုးတိုး လာတဲ့အခါကျတော့ ဒီဘက်ကလည်းပဲ အပြင်းအထန်ခုခံတော့ သူတို့ နောက်ပြန်ပြန်ဆုတ်သွားရတာလေ။ ဆုတ်သွားရပြီးတော့ ဒီ ၂၆ ရက်နေ့မှာ ပြန်ပြီးတော့ သူတို့တွေ အင်းအာအများအပြားနဲ့ ပြန်တိုးလာတယ်ပေါ့။ ပြန်တိုးလာပြီးတော့ ပြင်းပြင်းထန်ထန်ဖြစ်ကြတယ်။”

၅ ရက်ကြာခဲ့တဲ့ တိုက်ပွဲအတွင်းမှာ ဖယ်ခုံမြို့နယ် PDF တပ်တွေနဲ့ ကရင်နီ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ပူးပေါင်းတပ်တွေနဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲဖြစ်ပွားတာပါ။ တိုက်ပွဲအတွင်း PDF တပ်ဖွဲ့တွေဘက်က ၂ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရတဲ့အကြောင်း ဒေသခံလက်နက်ကိုင်အဖွဲ့တွေက ပြောပါတယ်။ မြန်မာစစ်တပ်ဘက်ကလည်း အကျအဆုံးတွေ ရှိနိုင်တယ်လို့ ခန့်မှန်းပြောဆိုပေမယ့် သီးခြားအတည်ပြုချက်မရသလို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိပါဘူး။

တိုက်ပွဲဖြစ်တဲ့နေရာတဝိုက်က ဒေသခံတွေကတော့ အရင်ကတည်းက ဘေးလွတ်ရာတိမ်းရှောင်နေကြတာမို့ အခုနောက်ဆုံးတိုက်ပွဲကြောင့် အရပ်သား ထိခိုက်သေကြေတာတော့ မရှိဘူးလို့ ဒေသခံ စစ်ဘေးရှောင်တွေက ပြောပါတယ်။ ဒါပေမယ့်လည်း ကုန်းသာ၊ ဝါရီကောခူနဲ့ ပီကင်းကောခူ စတဲ့ စစ်ဘေးရှောင်တွေ ပုန်းအောင်းနေတဲ့ နေရာတွေမှာ တခါတရံ လက်နက်ကြီးကျည်တွေ ကျတတ်တယ်လို့ စစ်ဘေးရှောင်တဦးက ပြောပါတယ်။

“ကျမတို့ ရွာပေါ်ဘက်မှာရှိတဲ့ တောင်ပေါ်မှာရှိတဲ့စစ်သားလည်း သူတို့လှမ်းလှမ်းထုတယ်ပေါ့နော်၊ လက်နက်ကြီးပေါ့နော်။ လက်နက်ငယ်အသံလည်း ကြားရတယ်။ အောက်ဘက်တော့ လက်နက်ငယ်အသံပေါ့နော်၊ အပေါ်ဘက်ကျ လက်နက်ကြီး။ တခါတလေဆို သူတို့ လှမ်းလှမ်းထုတယ်ပေါ့နော်။ တိုက်ပွဲတော့ ရက်တိုင်းဖြစ်တယ်ပေါ့နော်။ တိုက်ပွဲတော့ အကြာကြီးတော့ မဖြစ်ဘူးပေါ့နော်။ တရက်ဆိုရင် တခါ နှစ်ခါ အဲ့လိုတော့ ရှိတယ်ပေါ့နော်။”

ကုန်းသာ၊ ဝါရီကောခူနဲ့ ပီကင်းကောခူ စတဲ့ စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ နေရာတွေမှာ လက်နက်ကြီးကျလို့ ထိခိုက်ဒဏ်ရာရသူတချို့ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ သီးခြား အတည်ပြုချက်မရသေးသလို စစ်ကောင်စီဘက်က တစုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

လက်နက်ကြီးအသံကြားတာနဲ့ ဒေသခံရွာသားတွေ အကာအကွယ်တွေရှာ ပုန်းအောင်းနေရတဲ့အကြောင်း စစ်ရှောင်တဦးက ပြောပါတယ်။

“ကုန်းသာရယ်၊ ဆောင်ကန်းရယ်၊ ကန်းကြိုင်းရယ်၊ ဆောင်ကန်းရှမ်းရယ်၊ လယ်ဖုံရယ်၊ ဖလိုင်ရယ်၊ ပီကင်းကောခူ၊ ဝါရီကောခူပေါ့နော် အကုန်လုံးပြေးကြတယ်။ မပြန်လာရဲကြဘူး။ အခု သူတို့က ကျမတို့ ရွာနားက ဆောင်ကန်းနဲ့ ဟိုကန်းကြိုင်းအရှေ့ဘက် ဆောင်ကန်းရှမ်းပေါ့နော်၊ အဲ့မှာလည်း ရှိတယ်ပေါ့နော်။ သူတို့တပ်စွဲထားတယ်ပေါ့။ မပြန်ရဲကြဘူးပေါ့နော် အကုန်လုံးစစ်ရှောင်ကြတယ်။”

ရှမ်းပြည်နယ်နဲ့ -ကယားပြည်နယ် နယ်စပ်က တိုက်ပွဲအခြေအနေကြောင့် သောင်းနဲ့ ချီတဲ့ ဒေသခံတွေ အသက်ဘေးလွတ်အောင် တိမ်းရှောင်နေကြရတာပါ။ ဒေသအခြေအနေ တည်ငြိမ်စပြုတဲ့အခါ တချို့ ရွာသူ ရွာသားတွေက နေရပ်ပြန်လာပေမယ့် တိုက်ပွဲဖြစ်ရင် ပြန်ပုန်းရှောင်ပြီး နေနေကြရပါတယ်။ တချို့ ဒေသခံတွေက မြို့ရွာကို စွန့်ခွာပြီး ဘေးကင်းတဲ့ တခြားမြို့နယ်ဘက်ကို ပြောင်းရွှေ့တာမျိုး ရှိသလို တချို့လည်း ပတ်ဝန်းကျင် ကျေးရွာတွေနဲ့ တောတောင်တွေထဲမှာ ယာယီမိုးကာတဲထိုးပြီး ဖြစ်သလို နေရာထိုင် စားသောက်နေကြရပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]












XS
SM
MD
LG