[[Zawgyi/Unicode]]
ရခိုင်ပြည်နယ်အတွင်း AA လက်နက်ကိုင်အဖွဲ့နဲ့ စစ်ကောင်စီတပ်တွေကြား တိုက် ပွဲတွေဟာ လုံခြုံရေးကိုထိပါးလာတာကြောင့် ပြင်းပြင်းထန်ထန် တုံ့ပြန်ရတာဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် AA အဖွဲ့နဲ့ တိုက်ရိုက် ဆက်သွယ် ဆောင်ရွက်နေတာတွေ ရှိကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက VOA ကို ပြောပါတယ်။ ပြီးခဲ့ လအတွင်း AA နဲ့ စစ်ကောင်စီတပ်ဖွဲ့ကြား တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်နေသလို နှစ်က် သေဆုံးဒဏ်ရာ ရတွေလည်း ရှိခဲ့ပါတယ်။ ရခိုင်ပြည်နယ်အခြေအနေ သတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။
ရခိုင်မြောက်ပိုင်းက မောင်တော၊ ရသေ့တောင်နဲ့ မြောက်ဦးဘက်တွေမှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင်AAအဖွဲ့ကြား ပြီးခဲ့တဲ့ လကစပြီးတော့ တိုက်ပွဲပြင်းပြင်း ထန်ထန်ဖြစ် ပွားနေတာပါ။ ရခိုင်လက်နက်ကိုင် AA အဖွဲ့ဘက်က မောင်တော မြောက်ပိုင်း မိုင်တိုင် (၄၀) အနီးမှာ ရှိတဲ့ နယ်ခြားစောင့်တပ်တခုကို ပြီးခဲ့တဲ့ရက်ပိုင်းက သိမ်းပိုက်ခဲ့သလို လုံခြုံရေးတပ်ဖွဲ့ဝင် ၂၀ ထက် မနည်း သေဆုံးသွားခဲ့တယ်လို့ ရခိုင်လက်နက်ကိုင်အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီဘက်ကတော့ ထိုခိုက်ဒဏ်ရာရတာတွေနဲ့ ပတ်သက်လို့ အတည်ပြုချက်မပေးပါဘူး။ တိုက်ပွဲတွေ ပြင်းထန်နေတာဟာ ရခိုင်လက်နက်ကိုင် အဖွဲ့ဘက်က လုံခြုံရေးကို ထိပါးတာကြောင့် တုံ့ပြန်တာလို့ VOA ကိုပြောပါတယ်။
“ ကျနော်တို့အနေနဲ့ ငြိမ်းချမ်းရေးနှစ်လို့ သတ်မှတ်ထားတဲ့အတွက် ဆက်သွယ်လို့ ရတဲ့ AAနဲ့ လည်းကျနော်တို့ တိုက်ရိုက်လည်းဆက်သွယ်နေတာရှိပါတယ်။ ပြီးတော့ ရခိုင်ပြည် သူလူထုထဲမှာ အကျိုးဆောင်ပေးတဲ့သူတွေ၊ အဖွဲ့အစည်းတွေနဲ့လည်း ဆက်သွယ် ဆောင်ရွက်တာရှိတယ်။ ကျနော်တို့အနေနဲ့ကတော့ လုံခြုံရေးနဲ့ပတ်သက်ပြီး ထိပါးလာလို့ရှိရင် ပြင်းပြင်းထန်ထန် တုံ့ပြန်မှုများ ဆောင်ရွက် လျက်ရှိသလို ငြိမ်းချမ်းရေးလမ်းကြောင်းနဲ့ ပတ်သက်ပြီး တံခါးဖွင့်ပြီးတော့ ဆက်သွယ် ဆောင်ရွက်လျက်ရှိတယ်လို့ ပြောချင်ပါတယ်။”
ရခိုင်လက်နက်ကိုင် AA အဖွဲ့ပြောခွင့်ရ ခိုင်သုခကတော့ ရခိုင်ပြည်နယ်မှာ တပ်မတောက်ဘက်က အင်းအားဖြည့်တင်းတာတွေ ULA/AA ရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးလုပ်ငန်းတွေကို စစ်ကောင်စီဘက်က ဝင်ရောက်နှောင့်ယှက်တာတွေအပြင် ရခိုင်ပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှုတွေကိုပါ စစ်ကောင်စီက ကန့်သတ်နေတာကြောင့် အခုလို တိုက်ပွဲ ပြင်းထန်လာတာရဖြစ်တယ်လို့လည်း ဗွီအိုအေကို ပြောဆိုထားပါတယ်။
“တိုက်ပွဲဖြစ်တာကလည်း မြန်မာစစ်တပ်ဘက်က စစ်ကြောင်းတွေ ထိုးလာတာကြောင့် တိုက်ပွဲဖြစ်လာတာဖြစ်တယ်။ ဆက်ပြီးတော့ တိုက်ပွဲတွေ ပြင်းထန်လာမလား မပြင်းထန်ဘူးလားဆိုတာကတော့ မြန်မာစစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ဘက်ကလည်း အလားတူတုံ့ပြန်သွားမှာဖြစ်တယ်။ ဆိုလိုတာက သူတို့က ထိုးစစ်ဆင်ရင် ကျနော်တို့ကလည်း ခုခံတိုက်ခိုက်သွားမှာဖြစ်တယ်ဗျာ။”
စစ်ကောင်စီဘက်ကတော့ ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းနှစ်အဖြစ်သတ်မှတ်ထားပြီး တိုင်းရင်းလက် နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါပေမယ့် ရခိုင်လက်နက်ကိုင် AA အဖွဲ့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ခြင်း မရှိပါဘူး။ စစ်ကောင်စီဘက်က ဒီကနေ့ ပြောဆိုတဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီကြား တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်နေတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သတ်ပြီးတော့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ဘက်က တုံ့ပြန်ချက်တစုံတရာ ပြောဆိုခြင်း မရှိသေးပါဘူး။
=============
[[Unicode]]