သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင် စစ်ဘေးရှောင်တွေ နေရပ်ပြန်ဖို့ စစ်တပ်ဖိအားပေး 


ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က ညောင်ချောင်းစစ်ရှောင်စခန်း မြင်ကွင်း။ (ဓာတ်ပုံ - CJ)
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က ညောင်ချောင်းစစ်ရှောင်စခန်း မြင်ကွင်း။ (ဓာတ်ပုံ - CJ)

[[Zawgyi/Unicode]]

ရခိုင်ပြည်နယ်အတွင်း AA ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲ ဆက်ဖြစ်နေပေမယ့်လည်း စစ်ဘေးရှောင်စခန်းတွေကိုရောက်နေတဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးသူတွေ ဒီလကုန် နောက်ဆုံးထား ကိုယ့်နေရပ်ပြန်ဖို့ မြန်မာစစ်တပ်ဘက်က ဖိအားပေးနေပါတယ်။ စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေသူတွေကတော့ လုံခြုံရေးအရ စိတ်မချသေးသလို မြေမြှုပ်မိုင်းအန္တရာယ်တွေကိုစိုးရိမ်တာကြောင့် နေရပ်ပြန်ဖို့ မလွယ်သေးကြောင်း ကူညီစောင့်ရှောက်နေတဲ့ စခန်းတာဝန်ခံတွေက ပြောပါတယ်။ ရခိုင်ဒေသ စစ်ဘေးရှောင် ဒုက္ခသည်တွေအခြေအနေ ရန်ကုန်ကလာတဲ့သတင်းပေးပို့ချက်ကို အလိမ္မာက တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်စခန်းမှာ နေထိုင်တဲ့ ဒေသခံရွာသူရွာသားတွေ အခုလ အောက်တိုဘာအကုန် နောက်ဆုံးထားပြီး နေရပ်ပြန်ကြဖို့ စစ်ကောင်စီဘက်က ဖိအားပေး တိုက်တွန်းနေကြောင်း စခန်းတာဝန်ခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာရှိတဲ့ စစ်ဘေးရှောင်စခန်းတာဝန်ခံတွေကို အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ဒီကနေ့ခေါ်တွေ့ပြီး မိုးရာသီအကုန် စစ်ရှောင်တွေနေရပ်ပြန်ဖို့ အသိပေးလာတယ်လို့ စခန်းတာဝန်ခံတဦးက VOA ကိုပြောပါတယ်။

"ဒီမိုးကုန်တာနဲ့ စစ်ရှောင်တွေ သူတို့နေတဲ့နေရပ်ကို ပြန်ရမှာပေါ့။ စစ်ရှောင်စခန်းမှာ နေ တာလည်းကြာလာပြီဆိုတော့ နေရပ်ပြန်ဖို့ကတော့ မဖြစ်နိုင်ဘူး။ အခုလက်ရှိကတော့ နေရပ်ပြန်ဖို့ဆိုတာက နိုင်ငံရဲ့အခြေအနေပေါ်မှာပဲ မူတည်တာပေါ့နော်။ အခုလိုမျိုး နိုင်ငံရေးမတည်ငြိမ်တဲ့အချိန်မှာ နေရပ်ပြန်ခိုင်းတာမျိုး၊ တကယ်လို့များ ပြန်ခိုင်းရင်လည်း စစ်ရှောင်တွေအတွက် အဆင်ပြေဖို့ အနေအထားတော့မရှိဘူး။"

စစ်ရှောင်သူဦးရေ ၃,၀၀၀ ဝန်းကျင်ရှိထားတဲ့ ကျောက်တော်မြို့က စစ်ဘေးရှောင်စခန်းတခုမှာ စက်တင်ဘာလထဲ တိုက်ပွဲအခြေအနေတွေကြောင့် လူဦးရေ ၅၀၀ လောက် ထပ်တိုးလာပါတယ်။ စားနပ်ရိက္ခာ လိုအပ်ချက် အတော်လေးလိုအပ်နေတဲ့အချိန်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့ အတွက်လည်း စစ်ရှောင်ဦးရေ တစထက်တစ ထပ်ပြီးတိုးလာနေတယ်လို့ ပြောပါတယ်။

တိုက်ပွဲအခြေအနေကြောင့် လုံခြုံရေးအကြောင်းပြပြီး လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့ထားတာကလည်း ရခိုင်ပြည်နယ်မှာ မကြာခဏ ကြုံနေရပါတယ်။ ကုန်သွယ်ရေးပိုင်း ကန့်သတ် ခံနေရတာကလည်း ဒေသတွင်း နေထိုင်သူတွေအတွက် အခက်တွေ့ရတယ်လို့ စားနပ်ရိက္ခာကူညီသူတွေက ပြောပါတယ်။

"ဖွင့်ထားတာကတော့ စစ်တွေ - ကျောက်တော်လမ်း တလမ်းပဲ ဖွင့်ထားတယ်။ ကျန်တဲ့လမ်းတွေကတော့ အကုန်ပိတ်ထားတယ်။ စစ်တွေ - မောင်တော၊ စစ်တွေ - ဘူးသီးတောင်၊ စစ်တွေ - မြောက်ဦး၊ စစ်တွေ - မင်းပြား။ ကျောက်တော်ကနေ ပလက်ဝဆို ပိုဆိုးတာပေါ့။ အကုန်လုံးကို ပိတ်ထားတာ ဘယ်မှသွားလို့မရဘူး။ လမ်းပိုင်းတွေပိတ်တော့ စားနပ်ရိက္ခာ အခက်အခဲတွေ့တာပေါ့။ အခုချိန်ကျတော့ တောင်သူတွေဆီမှာလည်း စပါးတွေက မကျန်တော့ဘူးလေ။ ရိုးရိုးတောင်သူတွေဆီမှာ စပါးတွေလည်းမကျန်တော့၊ လမ်းတွေလည်း ပိတ်လိုက်တော့ ပိုပြီးတော့ အခက်အခဲဖြစ်သွားတယ်။"

ရခိုင် AA တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်းမှာ ပြီးခဲ့တဲ့ ဩဂုတ်လကစပြီး စစ်ပြေးဒုက္ခသည် ၁၇,၀၀၀ ကျော် တိုးလာခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာရုံး UNOCHA ရဲ့ အခုလ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ စစ်ဘေးရှောင်ဒုက္ခသည်တွေကို အတင်းအကြပ် ဖိအားပေးပြီး နေရပ်ပြန်ခိုင်းတာတွေ ရှိနေပေမယ့် စစ်ရှောင်သူတွေကတော့ လုံခြုံရေးအခြေအနေ စိတ်မချတဲ့အတွက် အခက်အခဲတွေကြား နေရပ်ပြန်နိုင်သေးမှာ မဟုတ်သေးကြောင်း ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်း ဒုက္ခသည်တွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။

"စစ်ရှောင်တွေရှိတော့ သူတို့က ပြည်သူရှိနေရင် တဘက်ကလည်း တိုက်လို့မရဘူး။ တဘက်ကလည်း တိုက်ပွဲဖော်ဆောင်လို့ မရတဲ့အခြေအနေမျိုးဆိုတော့ သူတို့က အတင်းအဓမ္မ ပြန်လွှတ်တယ်။ ဒါပေမယ့် စစ်ရှောင်တွေကတော့ မသွားဘူးပေါ့နော်။ ဘာလို့လဲဆို မိုင်းကြောက်ရတယ်။ နောက်တခုက လမ်းပိတ်ထားလို့ စားနပ်ရိက္ခာ လိုအပ်တယ်။ ပြီးတော့ လက်နက်ကြီးတွေကလည်း ရမ်းသန်းပစ်တာ၊ တိုက်ပွဲဖြစ်နေတာမဟုတ်ဘဲ နေ့တိုင်းလိုလိုက တောင်တွေပေါ်ကနေ လက်နက်ကြီးနဲ့ ပစ်နေတာ။ အဲဒါတွေကြောင့် စစ်ဘေးရှောင်တွေက လုံးဝမသွားဘူး။ အခု စစ်ရှောင်စခန်းတွေမှာပဲ နေမယ်ဆိုပြီးတော့ သူတို့က ဆုံးဖြတ်တာပေါ့နော်။"

ကယားပြည်နယ် (ကရင်နီ) နဲ့ ရှမ်းပြည်နယ်အတွင်းက တိုက်ပွဲတွေကြောင့် ထွက်ပြေးခိုလှုံနေကြတဲ့ စစ်ရှောင်သူတွေကိုလည်း နေရပ်ပြန်ဖို့အတွက် ပြီးခဲ့တဲ့ စက်တင်ဘာလ အစောပိုင်းကတည်းက မြန်မာစစ်တပ်ဘက်က အကြောင်းကြားတွေ ရှိခဲ့ပါတယ်။ စစ်ရှောင်သူအများစုကတော့ သူတို့ရဲ့နေရပ်မှာ တိုက်ပွဲတွေဆက်ရှိနေသလို တချို့ကလည်း မိုင်းအန္တရာယ်ကြောင့် မပြန်ရဲကြသေးဘူးလို့ အကူအညီ လိုအပ်နေသူတွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူက ၁ သန်းကျော်အထိရှိကြောင်းလည်း ကုလမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေး ညှိနှိုင်းရေးမှူးရုံး UNOCHA ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]











XS
SM
MD
LG