သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးမောက်မှာ တိုက်ပွဲပြင်းထန်၊ ဒေသခံရာနဲ့ချီ ထွက်ပြေးတိမ်းရှောင် 


ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် စစ်ဘေးရှောင်နေကြရတဲ့ ကလေးငယ်များ။ (အောက်တိုဘာ ၂၈၊ ၂၀၂၂/ Crd: Tai Youth Yangon)
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် စစ်ဘေးရှောင်နေကြရတဲ့ ကလေးငယ်များ။ (အောက်တိုဘာ ၂၈၊ ၂၀၂၂/ Crd: Tai Youth Yangon)

[[Zawgyi/Unicode]]

မိုးမောက်မှာ တိုက်ပွဲပြင်းထန်၊ ဒေသခံ ရာနဲ့ချီ ထွက်ပြေးတိမ်းရှောင်

ကချင်ပြည်နယ် မိုးမောက်မြို့နယ်မှာ ဒီရက်ပိုင်း မြန်မာစစ်တပ်နဲ့ ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIA အကြား တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံရာနဲ့ချီ မိုးမောက်မြို့က ဘုန်းတော်ကြီးကျောင်းတွေမှာ တိမ်းရှောင်နေကြပါတယ်။ တိမ်းရှောင်နေသူအများစုဟာ အသက်ကြီးသူတွေနဲ့ ကလေးငယ်တွေအများစုဖြစ်ပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ နေရာထိုင်ခင်းအခက်အခဲတွေ ရှိနေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။ မိုးမောက်မြို့က ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည်တွေ အခြေအနေ သတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။

မိုးမောက်မြို့နယ် အရှေ့ဘက် လုံဂျာဘွမ်မှာ မြန်မာစစ်တပ်နဲ့ KIA ကြား ဒီလ ၂၀ ရက်နေ့ကတည်းက တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ မြန်မာစစ်တပ်က ၂၂ ရက်နေ့ ကစလို့ ၃ ရက် ဆက် လေကြောင်းက တိုက်ခိုက်တဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့တာကြောင့်လည်း အနီးအနားကျေးရွာက ရာနဲ့ချီတဲ့ ဒေသခံတွေ မိုးမောက်မြို့ဘက်ကို တိမ်းရှောင်နေကြရပါတယ်။

လုံဂျာနဲ့နောင်ပေါင်းရွာတွေက စစ်ပြေးဒုက္ခသည် ၆၀၀ ကျော်လောက် ဘုန်းကြီးကျောင်းတွေမှာ ခိုလုံနေတာရှိတဲ့အပြင် ခရစ်ယာန်ဘုရားကျောင်းမှာ ခိုလုံနေသူတွေလည်း နောက်ထပ် ရာနဲ့ချီရှိတာကြောင့် စစ်ဘေး ဒုက္ခသည် ၇၀၀ ကျော် နေပြီလို့ မိုးမောက်မြို့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုကော်မတီက တာဝန်ရှိသူတဦးက VOA ကို ပြောပါတယ်။

“လုံဂျာ၊ နောင်ပေါင်း ၂ ရွာပေါင်းက ၆၀၀ ကျော်လောက်ရှိတာပေါ့။ လုံဂျာကျေးရွာ က လောကမာရဇိန်ဘုန်းကြီးကျောင်းမှာ။ ပြီးရင် နောင်ပေါင်းထဲမှာ ဗုဒ္ဓဘာသာ ရှမ်းပိုင်းထဲမှာက ဒီ ချမ်းမြေ့ရောင်ခြည်ကျောင်းမှာ။ ပြီးရင် ကချင်ဘက်ပိုင်းမှာ အိမ်ခြေ ၃၅- ၄၀ တွေက ဘုရားကျောင်းပေါ့။ အမှတ် ၃ ဘုရားကျောင်းမှာ ရှောင် ထားတာရှိတယ်။ ဒီနေ့ မနက် ကျနော်တို့ သွားမေးကြည့်တော့ ၁၅၀ လောက် ရှိတယ်တဲ့။ သူတို့ဆီမှာ။ ၂၂ ရက်နေ့က လုံဂျာက စလာခဲ့တယ်။ နောင်ပေါင်းမှာကတော့ ၂၅ ရက်နေ့ကနေ စပြီးမှ တိမ်းရှောင်ခဲ့တာပေါ့။ ”

လုံဂျာနဲ့ နောင်ပေါင်းရွာဟာ ရှမ်းနဲ့ ကချင်တိုင်းရင်းသားတွေ စုပေါင်းနေထိုင်တဲ့ ကျေးရွာတွေ ဖြစ်ပါတယ်။

စစ်ရှောင်စခန်းမှာ နေထိုင်သူတွေဟာ သက်ကြီးရွယ်အိုနဲ့ကလေးငယ်အများစုဖြစ်ပြီး လူငယ်၊ လူလတ်ပိုင်းအချို့ကတော့ လယ်ရိတ်သိမ်းချိန်ဖြစ်တာကြောင့် ရွာမှာကျန်ရစ်သူတွေလည်း ရှိတယ်လို့ ပြောပါတယ်။

လုံဂျာရွာက စစ်ရှောင်အမျိုးသမီးတဦးက သူတို့ ရင်ဆိုင်နေရတဲ့ လက်ရှိအခက် အခဲကို အခုလို ပြောပါတယ်။

“ရွာမှာ လက်နက်ကြီးအသံတွေ ဆက်တိုက် ဆက်တိုက်ကြားနေလို့။ ရဟတ် ယာဉ်တွေနဲ့ ဗုံးလာကြဲလို့လေ။ ရွာနားလေ အဲဒါမျိုးဖြစ်သွားတာလေ။ အဲဒါနဲ့ အရမ်းကြောက်လို့ မြို့ထဲကို ရှောင်နေပြီးမှာ ဘုန်းကြီးကျောင်းမှာ တရွာလုံးလာနေထားတာ။ အခက်အခဲကတော့ လူအများနဲ့လည်း နေရတယ်။ ကြောက်လန့် နေရတယ် ဆိုတော့လေ၊ စားဖို့သောက်ဖို့ကလည်း အဘက်ဘက် လိုအပ်တယ်ပေါ့လေ။ တချို့ကလေးတွေဆို ဖျားတဲ့ကလေးတွေလည်း ရှိတယ်။ ပြီးရင် သက်ကြီးရွယ်အိုတွေ အကုန်လုံးရှိတယ်လေ။”

စစ်ရှောင်စခန်းတွေမှာ ရိက္ခာနဲ့ဆေးဝါး အခက်အခဲရှိတာကြောင့် Tai Youth Yangon ရန်ကုန်အခြေစိုက် ရှမ်းလူငယ်အဖွဲ့အပါအဝင် ရှမ်းအရပ်ဘက်အဖွဲ့ အစည်းတွေက အရေးပေါ်အကူအညီတွေ ထောက်ပံ့ပေးနေသလို ဝိုင်းဝန်းကူညီကြဖို့ကိုလည်း ဆော်သြထားပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် နွေရာသီကာလကလည်း မိုးမောက်မြို့နယ် အလောဘွမ် ဒေသမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး မြို့သစ်၊ ကုန်းလောနဲ့ စီဟတ်စတဲ့ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ မိုးမောက်၊ ဗန်းမော် စတဲ့မြို့တွေကို တိမ်းရှောင်ခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]












XS
SM
MD
LG