[[Zawgyi/Unicode]]
ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ထဲမှာ စစ်ကောင်စီတပ်တွေ ဒီနေ့ ညနေပိုင်းမှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ မိုးဗြဲမြို့တောင်ဘက်ခြမ်းကို စစ်လေယာဉ်တွေနဲ့ လာရောက်ပစ်ခတ်တယ်လို့ မြို့ခံနဲ့စစ်ရှောင်ကူညီနေသူက VOA ကို ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ၂ ရက်ဆက်တိုက် ဒီနေ့ အစောပိုင်းအထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး ညနေပိုင်းမှာ လေကြောင်းက တိုက်ခိုက်နေတာပါ။ တိုက်ပွဲအခြေအနေ သတင်းပေးပို့ချက်ကို ဒေါ်ခင်မျိုးသက်ကတင်ပြပေးထားပါတယ်။
ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့နယ်တဝိုက်မှာ စက်တင်ဘာ ၈ ရက် မနေ့ကနေ ဒီကနေ့ မနက် ၉ နာရီကတည်းက သောကြာနေ့အထိ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ၂ ရက်ဆက်တိုက် တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်။ သောကြာနေ့ ညနေပိုင်း ၃ နာရီဝန်းကျင်မှာ ဝါရီဆူးဖလိုင်ရွာနားတဝိုက် စစ်ကောင်စီဘက်က လေကြောင်းကနေ ပစ်ခတ်ခဲ့တဲ့အကြောင်း မိုးဗြဲမြို့ စစ်ရှောင်တွေကို ကူညီသူတဦးက အခုလိုပြောပြပါတယ်။
“ဒီညနေပိုင်း ၂ နာရီနဲ့ ၅၅ မိနစ်ဝန်းကျင်လောက်မှ အခုဒီ သူတို့ လေယာဉ်နဲ့လာကြဲတယ်ပေါ့။ စစ်ကောင်စီဘက်က ၃ ကြိမ်တော့ ကြဲချပြီးပြီ။ အခုချိန်တော့ ပျံသန်းနေတုန်းပေါ့နော်၊ ဘယ်နားမှာထပ်ကြဲမလဲတော့ မသိသေးဘူးဗျ။ အခု အခုချိန်အခြေအနေအထိပေါ့။ အခုချိန်က မိုးဗြဲမြို့ပေါ်ကို ကြဲတာပါဗျ။ မိုးဗြဲမြို့တောင်ဘက်ခြမ်းကို ကြဲနေတာဗျ။ အခုလည်း သူတို့ ဝဲနေတုန်းပဲ။”
လက်နက်ကြီးရော လက်နက်ငယ်ပါသုံးပြီးတိုက်တဲ့တိုက်ပွဲဟာ ပြင်းထန်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“စစ်ကြောင်းက ဝါရီဆူးပလိုင်ကနေ မိုးဗြဲမြို့ကို ပြန်ထိုးဝင်တာပေါ့နော်၊ အဲ့…ရွာ ကနေ အခုသူက ဒီမိုးဗြဲမြို့ထဲမှာ ဝင်တာပေါ့။ အဲ့ဒီစစ်ကြောင်းဝင်လာတာနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အဲ့မှာ ပစ်ခတ်မှုဖြစ်တာပေါ့နော်။ မနေ့က မနက် ၉ နာရီကနေစ ညမိုးချုပ်အထိပေါ့။ နောက်ဒီရက် မနက် ၆ နာရီကနေပြန်စပြီး အခုဒီချိန်ထိပါပဲ။ ညရော ပစ်တယ်။ နေ့ရောပစ်တယ်ပေ့ါနော်။ ပြင်းထန်ပါတယ်ဗျ။”
ညနေပိုင်း တိုက်ပွဲပြီးသွားတဲ့အချိန်မှ စစ်ကောင်စီဘက်က တိုက် လေယာဉ် ၂ စီးနဲ့ လာပစ်ခတ်တိုက်ခိုက်တာလို့ မြို့ခံတဦးက ပြောပါတယ်။
“ လေယာဉ် ၂ စင်းနဲ့ လာပြီးတော့ ဗုံး ၅ ကြိမ်ကြဲတယ်။ အဲ့… တိုက်ပွဲပြီဆုံးသွားတဲ့အခါမှ ဗုံးလာကြဲတယ်။”
မိုးဗြဲမြို့ဘက်ကို လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်ခတ်နေတဲ့အတွက် အရပ်သားတချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ပြောပါတယ်။ မနေ့ညကတော့ မိုးဗြဲမြို့ပွဲကုန်း (၃) ရပ်ကွက်က နေအိမ်ပေါ်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲတဲ့အတွက် သားအဖ နှစ်ဦး သေဆုံးခဲ့ရတယ်လို့လည်း ပြောပါတယ်။
“အဲ့ဒီပွဲကုန်း (၃) က တယောက်ကျဆုံးသွားတယ်၊ နောက်ပြီးတော့ သူ့မိဘလည်း တယောက်ကျဆုံးသွားတယ်ပေါ့၊ သားအမိနှစ်ယောက်ပေါ့။ သာမန်ပြည်သူတွေပဲ။ မနေ့ညကနေ ကျဆုံးသွားတယ်ပေါ့။ အဲ့ဒီနေအိမ်ကိုပဲ ခိုလှုံပြီးနေလို့ လက်နက်ကြီးကျမိလို့ပေါ့။”
ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်တုန်းကလည်း မိုးဗြဲမြို့ထဲမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက် ခိုက်ခံရတဲ့အတွက် အရပ်သားပြည်သူ ၂ ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ ကူညီခဲ့တဲ့ ပရဟိတအသင်းနဲ့ မြို့ခံတွေက VOA ကို ပြောပါတယ်။ အရပ်သားတွေ ထိခိုက်ဒဏ်ရာရတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ သီးခြားအတည်ပြုချက် မရသေးသလို စစ်ကောင်စီဘက်က တရားဝင် သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။ တိုက် ပွဲဖြစ်တဲ့ အနီးအနားက ဒေသခံတွေဟာလည်း အိုးပစ်အိမ်ပစ် ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ ပြေးရှောင်ကြကုန်ပြီ။ အားလုံးက တော်တော်ဝေးဝေးလေး ပြေးရှောင်ကြပြီ။ လက်နက်ကြီးလည်း အများကြီးကျတာရော။ လူတွေ မရှိတော့ဘူး။ အကုန်လုံး ပြေးပုန်းကြပြီ။ အရင်ထက် ၂ ဆလောက်ပိုပြီး ပြင်းထန်လာပြီ- ဒီတပွဲကျတော့၊ မနေ့ညကတည်းက ရုတ်တရက်လက်နက်ကြီးကျလာတာ။ ရုတ်တရက်ထွက်ပြေးနေတယ်။ အထုတ်အပိုးတွေတော့ အဝတ်အစားလောက်တော့ ပါသွားပေါ့။ နီးစပ်ရာဘုန်းကြီးကျောင်းကိုပဲ မှီခိုပြီးစားသောက်ကြတယ်။”
ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ထဲမှာ စစ်တပ်က နယ်မြေရှင်းလင်းရေး ထိုးစစ်ဆင်နေသလို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားလေ့ရှိပါတယ်။ နှစ်ဘက်တိုက်ပွဲ အရင်ကထက်ပို ပြင်းထန်လာသလို မြန်မာစစ်တပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် ရာနဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေဆဲဖြစ်ပါတယ်။
===========
[[Unicode]]